အလိမ်အညာ စကားများကို တကြိမ်ပြောတိုင်း သူ၏ သစ်သားနှာခေါင်းလေး ရှည်ထွက်လာသည့် ရုပ်သေး ရုပ်ကလေး ပနိုချီရို၏ ပုံပြင်ကို လူတိုင်းကြားဖူးကြမည်ဟု ထင်ပါသည်။
အီတလီ စာရေးဆရာ ကာလို့ ကလိုဒီက စိတ်ကူးယဉ် ကာတွန်းဇာတ်ကောင်လေး ပနိုချီရိုကို ဖန်တီးခဲ့ပြီး၊ ၁၈၈၃ ခုနှစ်တွင် ကလေးငယ်များ အတွက် စာအုပ်တအုပ် အဖြစ် အပြီးသတ် ရေးသားခဲ့သည်။ ကလေးငယ် များအကြိုက် ဇာတ်လိုက်ကျော် ပနိုချီရိုသည် စာအုပ်ဇာတ်ကောင် သာမက တီဗီ၊ ရေဒီယို ဇာတ်ကောင် အဖြစ်လည်း လူသိများခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၁၃၀ ကျော်က ပနိုချီရို အရုပ်လေးသည် အမေရိကန် ပြည်ထောင်စု၏ ထိပ်တန်း သတင်းစာကြီး တစောင်ဖြစ်သည့် ဝါရှင်တန်ပို့စ် သတင်းစာ နိုင်ငံရေး စာမျက်နှာတွင် ယနေ့တိုင် ဇာတ်ကောင် ဖြစ်နေဆဲပင်။
“နိုင်ငံရေးမှာ အမှားတွေ၊ လိမ်လည် ပြောဆိုတာတွေကြောင့် နှာခေါင်းရှည်ထွက်လာတဲ့ ပနိုချီရို ကာတွန်းရုပ် နဲ့ အဆင့်သတ်မှတ်ပေးတယ်။ အရုပ်အရေအတွက်အလိုက် လိမ်ညာမှုအဆင့် သတ်မှတ်ထားတယ်”ဟု ဝါရှင် တန်ပို့စ် သတင်းစာတွင် နိုင်ငံရေးဆိုင်ရာ ဆောင်းပါးများ ရေးသားလျက်ရှိသည့် Mr.Glenn Kessler က ပြောသည်။
ရွေးကောက်ပွဲဝင်မည့် လွှတ်တော် ကိုယ်စားလှယ်များ၏ မဲဆွယ်စည်းရုံးရေး ကတိများ၊ ရွေးကောက် တင်မြှောက်ခြင်း ခံရပြီးနောက် နိုင်ငံရေး သမားများ၏ ရှေ့နောက်မညီသော စကားများကို နှိုက်နှိုက် ချွတ်ချွတ် လေ့လာ၍ သတင်းရေးသားရာတွင် ထိုပနိုချီရို အရုပ် ကလေးများနှင့် လိမ်ညာမှု အဆင့်ကို သတ်မှတ်ပေးကြောင်း သူက ဆိုသည်။
နည်းနည်းလိမ်ညာခဲ့ကြောင်း တွေ့လျှင် ပနိုချီရို တရုပ်။ အများဆုံး အဆိုးဆုံး လိမ်ညာခဲ့သူ၊ ရှေ့နောက်စကား မညီသူသည် အမြင့် ဆုံး အဆင့်ဖြစ်သည့် ပနိုချီရို ၄ ရုပ်အထိ သတ်မှတ်ထားသည်။
“ပါတီတွေ၊ နိုင်ငံရေးသမားတွေ ကတော့ ဒီလိုလုပ်တာကို မကြိုက်ကြဘူး။ ဒါပေမယ့် သတိတော့ ထားကြ တယ်။ ပနိုချီရို ရမှာကို သူတို့ မလိုလားကြဘူး။ သမ္မတ အိုဘားမား တုန်းကဆို သူ့အကြံပေးတွေက သူ့ကို စကားမှားရင် ဝါရှင်တန်ပို့စ်က ပေးတဲ့ ပနိုချီရို ရမယ်ဆိုပြီး တားမြစ်တာ ခံရဖူးတယ်” ဟု Mr.Glenn Kessler က ပြောသည်။
လက်တွေ့တွင်လည်း အမေရိကန် နိုင်ငံ၏ အမြင့်ဆုံးရာထူးကို ပိုင်ဆိုင်ထားသည့် သမ္မတ အိုဘားမားသည် ဝါရှင်တန် ပို့စ် သတင်းစာက ပေးသော ပနိုချီရို အရုပ်များ ရခဲ့ဖူးသည်။ သူပြောဆိုခဲ့ဖူးသော မိန့်ခွန်းများကို စောင့်ကြည့်၍ ရှေ့နောက်မညီသော စကားများကို အဆင့်ခွဲသတ်မှတ် ပေးခဲ့ခြင်းဖြစ်သည်။
ဝါရှင်တန်ပို့စ်သည် အဓိကအားဖြင့် နိုင်ငံရေး သမားများ၏ ကတိများကို စောင့်ကြည့်ခြင်း၊ မဲဆန္ဒရှင်နှင့် လူထုဆီမှ ပေးပို့သည့် အချက်အလက် များကို လက်ခံသည့် ကဏ္ဍတခု ဖွင့်ပေးထားခြင်းနှင့် ရံဖန်ရံခါတွင် ပြိုင်ဘက် နိုင်ငံရေး ပါတီများက ပေးပို့သော အချက်အလက်များက ထိုသို့ စောင့်ကြည့်ရေးတွင် အထောက် အကူပြုကြောင်း သိရသည်။
ဝါရှင်တန်ပို့စ်သည် အမေရိကန် ပြည်ထောင်စုရှိ နိုင်ငံရေး သမားများ သာမက ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ထင်ပေါ်ကြော်ကြားသည့် နိုင်ငံရေး သမားများကိုလည်း စောင့်ကြည့်လေ့လာ၍ ယင်းသို့ ထောက်ပြ ရေးသားခြင်း ဖြစ်သည်။
“ဒီလို သတ်မှတ်တာမှာ ဘယ်လောက် အရှုပ်အထွေးရှိတဲ့ ကိစ္စလည်း၊ ဘယ်လိုလူလဲဆိုတဲ့ အပေါ်မူတည်ပြီး အချိန်ယူတယ်။ ဘယ်ပါတီကိုမှ မျက်နှာမလိုက်ဘူး။ ဒါကြောင့် လက်ခံကြတယ်” ဟု ဝါရှင်တန်ပို့စ် သတင်းစာမှ Mr.Glenn Kessler ကဆိုသည်။
အမေရိကန် သတင်းမီဒီယာများကြားတွင် နိုင်ငံရေးသမားများနှင့် ပတ်သက်သည့် သတင်းအချက်အလက် များကို ယင်းသို့စောင့်ကြည့်ပြီး ပြန်လည် သုံးသပ်ရေးသားသည့် နည်းလမ်းက ခေတ်စားလာကြောင်း သူက ပြောပြသည်။
အမေရိကန်နိုင်ငံတွင် သမ္မတ ရွေးကောက်ပွဲနှင့် လွှတ်တော် ရွေးကောက်ပွဲများဟူ၍ ရှိရာ နိုဝင်ဘာလသည် အမေရိကန် နိုင်ငံ၏ လွှတ်တော် ကိုယ်စားလှယ်များ၏ သက်တမ်းအသစ်အတွက် ပြန်လည် ရွေးကောက်ပွဲ ကာလဖြစ်သည်။
ရွေးကောက်ပွဲ အကြိုကာလ ဝါရှင်တန်ပို့စ် သတင်းစာ၏ သတင်းခန်းကို သွားရောက် လေ့လာခွင့်ရခဲ့ရာ တနိုင်ငံလုံးရှိ မဲဆန္ဒရှင်များထံမှ လူထုသဘောထား စစ်တမ်းကောက်ယူမှုများ၊ ကြိုတင်သုံးသပ်ချက်များကို စာမျက်နှာပေါ်တွင် ဖော်ပြနိုင်ရန် ပြင်ဆင်နေကြသည်ကို တွေ့ရသည်။
ယခုနှစ် အမေရိကန် လွှတ်တော် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် မဲဆန္ဒရှင်များထက် ရီပတ်ဘလစ်ကန် မဲဆန္ဒရှင်များသာ မဲပေး ရန် ပိုမို၍ ထွက်လာနိုင်ခြေ ရှိကြောင်း၊ ပါတီကြီး ၂ ခု ဖြစ်သည့် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန် အနက် ရီပတ်ဘလစ်ကန် ကသာ အနိုင်ရပါက အမေရိကန်အစိုးရ ၂ ခြမ်းကွဲနိုင်ခြေ ရှိကြောင်း ဝါရှင်တန်ပို့စ်က ကြိုတင် ခန့်မှန်းခဲ့သည်။
ထို့အပြင် သမ္မတ အိုဘားမားကို မကြိုက်နှစ်သက်သည့် ပြည်သူများ ပိုများ လာသည်ကို တွေ့ရကြောင်း ဝါရှင်တန်ပို့စ်က သူတို့ရရှိထားသော အချက် အလက်များကို အခြေခံ၍ ပြောသည်။
“အမေရိကန် နိုင်ငံရေးမှာ ပါတီတခုက သမ္မတ ၂ ကြိမ် ရွေးခံရပြီးရင် အဲဒီပါတီကို လူကြိုက် နည်းလာတာ မျိုးက မြင်တွေ့ရ များလာတဲ့ အရာပဲ”ဟု ဝါရှင်တန်ပို့စ်မှ Polling Mananger Mr.Peyton M.Craighill က ပြောသည်။
ဝါရှင်တန်ပို့စ် သတင်းစာသည် သုတေသန ကုမ္ပဏီ တခုကို ငှားရမ်း၍ ရွေးကောက်ပွဲ အကြိုကာလတွင် Polling System ဟုခေါ်သည့် လူထုဆန္ဒ သဘောထား စစ်တမ်း ကောက်ယူခြင်းကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဝါရှင်တန် ဒီစီတွင် လွန်ခဲ့သည့် ၈ နှစ်က စတင်ထုတ်ဝေခဲ့ပြီး ဝန်ထမ်းပေါင်း ၃၀၀ ကျော်ရှိသည့် Politico သတင်းစာမှ အယ်ဒီတာချုပ် Mr.Bill Nichols က “ရွေးကောက်ပွဲ ရလဒ်က အရေးမကြီးဘူး။ ရွေးကောက်ပွဲ နိုင်လို့ တက်လာတဲ့ လူတွေက ပြည် သူ ကို ဘယ်လောက် အကျိုးပြုသလဲ ဆိုတာကို ကျနော်တို့ ပိုအာရုံစိုက်တယ်။ ဒီနှစ် ရွေးကောက်ပွဲက ထူးခြား တယ်။ တသီး ပုဂ္ဂလတွေ ဝင်ပြိုင်မယ့် နေရာတွေ ရှိကြတယ်။ ပါတီကြီးတွေက နေရာရတယ် ဆိုပေမယ့် ပါတီငယ်တွေ ကိုလည်း နေရာ ပေးနိုင်အောင် မီဒီယာတွေက ကြိုးစားပေးရတယ်”ဟု ပြောသည်။
အမေရိကန် နိုင်ငံတွင် သမ္မတ တဦးအတွက် သက်တမ်း ၂ ကြိမ် သတ်မှတ်ထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်ခံပိုင်ခွင့် သက်တမ်းကို သတ်မှတ်ထားခြင်း မရှိသဖြင့် ထိုအချက်က အမေရိကန် လူထုကြားထဲတွင် မေးခွန်းတခု ဖြစ်လာကြောင်း သူက ဆိုသည်။
ထို့အပြင် အမေရိကန် ပြည်ထောင်စုတွင် ပြည်နယ်အလိုက် သီးခြားလွတ်လပ်စွာ အုပ်ချုပ်ပိုင်ခွင့်နှင့် သီးခြား ဥပဒေများ ရှိရာ ပြည် နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရ မည်သူ့ကို အာဏာပိုပေးရမည်ဆိုသည့် အချက်ကလည်း အငြင်းပွားဖွယ်ရာ ဖြစ်နေကြောင်း Mr.Bill Nichols က ပြောသည်။
“လွတ်တော်ကိုယ်စားလှယ် ရွေးချယ်ခံသူတွေအတွက် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် မရှိတော့ အဲဒီ လူတွေနဲ့ ပတ်သက်လို့ သတင်းသမားတွေက တာဝန်ရှိတယ်။ ရွေးကောက်ပွဲ လှုံ့ဆော်မှုတွေကို လုပ်ရမယ့် ကာလသတ်မှတ်ချက် မရှိတော့ တလျှောက်လုံး လုပ်နေကြတယ်။ ဒါက မကောင်းဘူး။ ငွေကြေး သုံးစွဲမှု တွေ၊ ကုန်ကျစရိတ်တွေ များပြီး၊ အချိန်ကြာလာတော့ လူတွေက သိပ် စိတ် မဝင်စား တော့ဘူး”ဟု Mr.Bill Nichols က သတင်းသမားတယောက်၏ အမြင်ဖြင့် ပြောဆိုသည်။
ပြည်နယ်ပေါင်း ၅၀ ရှိသည့် အမေရိကန် နိုင်ငံ၌ ပြည်နယ်တခုစီတွင် ကိုယ်ပိုင်ပြဌာန်းထားသည့် စနစ် တခုစီ ရှိကြပြီး အမျိုးသမီးများ မဲပေးပိုင်ခွင့်၊ လူမည်းများ မဲပေးပိုင်ခွင့် စသည့် အရေးကြီးသော အချက်များ ကို ပြည်ထောင်စု အစိုးရက ကိုင်တွယ်သည်။
မဲပေးပိုင်ခွင့် ရှိသူစာရင်း ထုတ်ပြန်ခြင်း၊ မဲဆန္ဒရှင် သတ်မှတ် ခြင်း စသည်တို့ကို ပြည်နယ် အစိုးရများက မတူကွဲပြားသော စနစ်များဖြင့် ဆုံးဖြတ်ကြသည်။
အမေရိကန် ပြည်ထောင်စုရှိ အကြီးဆုံး သတင်းထောက် အဖွဲ့အစည်းကြီး တခုက ရွေးကောက်ပွဲ သတင်း ရယူခြင်း ဆိုင်ရာ ကျင့် ဝတ်များကို ချမှတ်ထားကြောင်း International Center for Journalists(ICFJ) မှ ဒုတိယဥက္ကဌ Mr.Patrick Bulter ကပြောသည်။
“ဒီကျင့်ဝတ်တွေကို ချိုးဖောက်ရင် အလုပ်တိုက်က ထုတ်ခံရတာမျိုးတွေ ရှိတယ်။ ပြီးတော့ တိုက်တွေ မှာလည်း ချထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ရွေးကောက်ပွဲ သတင်းရယူခြင်း ကျင့်ဝတ်ဆိုင်ရာ တွေကို နားမလည်ဘဲ ရေးသား ပေးပို့နေတဲ့ သတင်း တွေကို လက်ခံဖို့ ခက်ခဲပါတယ်”ဟု Mr.Patrick Bulter ကပြောသည်။
အမေရိကန် သတင်းထောက်များသည် လွှတ်တော်ကိုယ်စားလှယ်များ၊ အာဏာရ နိုင်ငံရေး သမားများ အကြောင်း မှားယွင်း ရေး သား မိခြင်း၊ လိမ်လည်ရေးသားခြင်းနှင့် ရည်ရွယ်ချက် တခုနှင့် ရေးသားခြင်း များကြောင့် အာဏာပိုင်များက ထောင်ချသည်အထိ ပြုလုပ်၍ မရကြောင်း သိရသည်။
“သတင်းမှားထုတ်မိတယ်ဆိုရင် ထိခိုက်နစ်နာသူက တရားစွဲလို့ရတယ်။ သတင်းစာတိုက်က လျော်ကြေးတွေ ပေးရမယ်။ တရားစွဲမယ့်သူကလည်း အဲဒီသတင်းမှားကြောင်း သက်သေအချက်အလက် ပြနိုင်ရမယ်”ဟု Mr.Patrick Bulter ကပြောသည်။
ထို့ပြင် အမေရိကန်နိုင်ငံတွင် အစိုးရ အာဏာပိုင်များနှင့် သာမန်ပြည်သူများကို ယှဉ်လျှင် ဥပဒေ၏ အကာအကွယ်ပေးမှုက သာမန်ပြည် သူ များ အပေါ်တွင် အားသာချက် ပို၍ရှိကြောင်း သိရသည်။
“သမ္မတ အိုဘားမားလို အာဏာရှိတဲ့သူရဲ့ အကြောင်းကို မမှန်တာ ရေးမိလို့ သတင်းထောက်ကို တရားစွဲရင် နိုင်ခြေမရှိဘူး။ သာမန်ပြည်သူက နိုင်ခြေပိုရှိတယ်။ အဲဒါ ပြည်သူကို အကာအကွယ် ပေးထားတဲ့ အမေရိကန် ဥပဒေပဲ”ဟု Mr.Patrick Bulter က လွတ်လပ်စွာ ထုတ်ဖော် ရေးသားပိုင်ခွင့်နှင့် ပတ်သက်၍ ပြောသည်။
အလားတူ နိုင်ငံတော်တွင် လျှို့ဝှက်ထားချင်သည့် အချက်များရှိပြီး အစိုးရက လျှို့ဝှက်ရန် ကြိုးစား သော်လည်း သတင်းစာဆရာ တယောက်အနေနှင့် ထိုအချက်ကို ဖော်ထုတ်ရေးသားလျှင်ပင် ထိုသူအား ညှိနှိုင်းရုံမှ အပ တရားစွဲဆို၍ မရနိုင်ကြောင်း သိရသည်။
“စနိုးဒင်ရဲ့ လျှို့ဝှက်ချက် သတင်းတုန်းက အစိုးရက ဒီသတင်းကို မထုတ်ဖို့ ဝါရှင်တန်ပို့စ်ကို ညှိတယ်။ ဝါရှင်တန်ပို့စ်က NO လို့ငြင်း လိုက်တယ်။ အဲဒီသတင်းကြောင့် အစိုးရဝန်ထမ်း လုပ်ခဲ့တဲ့ စနိုးဒင်သာ ပြန်လာရင် ထောင်ကျမယ်။ သတင်းထုတ်တဲ့ သတင်း စာ တွေကိုတော့ အစိုးရအနေနဲ့ အရေးယူလို့ မရဘူး”ဟု Mr.Patrick Bulter က ဥပမာပေး၍ ရှင်းပြသည်။
အမေရိကန် ပြည်ထောင်စု၏ လွှတ်တော်ရွေးကောက်ပွဲသို့ သွားရောက်လေ့လာခဲ့သော မြန်မာ သတင်းစာ ဆရာများသည် ဝါရှင်တန် ရှိ သတင်းစာ ဆရာများနှင့် တွေ့ဆုံခွင့်၊ ဆွေးနွေးခွင့်၊ အပြန်အလှန် မေးမြန်းခွင့်များ ရပြီးနောက် မြောက်ကယ်ရိုလိုင်းနား ပြည်နယ် ၏ မြို့တော် ရလိတ်မြို့သို့ ထပ်မံ သွားရောက် လေ့လာခဲ့ရသည်။
မြောက်ကယ်ရိုလိုင်းနား ပြည်နယ်သည် အမေရိကန်၏ ဆီးနိတ်ကို မည်သည့်ပါတီက လွှမ်းမိုးနိုင်မည်ကို အဆုံးအဖြတ် ပေးနိုင်မည့် ပြည်နယ်ဖြစ်ပြီး၊ လက်ရှိ သမ္မတ အိုဘားမား၏ နောက်ဆုံးမဲများကို အကြိတ်အနယ် ယှဉ်ပြိုင်ရင်း အနိုင်ရခဲ့သည့် ပြည်နယ်တခု လည်း ဖြစ်သည်။
ရွေးကောက်ပွဲ ပြုလုပ်ရန် ၄ ရက် အလိုတွင် ရလိတ်မြို့၊ ဒီမိုကရက်တစ် ပါတီ၏ အမျိုးသမီး လွှတ်တော် အမတ် ကင်ဟေဂင် မဲဆွယ် စည်းရုံးရေးပွဲကို အထက်ကျောင်း တခုရှိ အားကစားခန်းမထဲတွင် ပြုလုပ်ခဲ့ သည်။
ယခင် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် ကိုယ်တိုင် လာရောက် မဲဆွယ်ပေးမည်ဖြစ်ရာ ထိုခန်းမ အတွင်းသို့ ဝင်ရောက် ခွင့် ရရန်အတွက် ကြိုတင်တန်းစီ စောင့်ဆိုင်းနေသည့် လူတန်းရှည်ကြီး တခုကို တွေ့ရပြီး၊ ရုပ်သံ သတင်းဌာနများ၏ အသံလွှင့် ကားကြီးများ တန်းစီ၍ ရပ်နားထားသည်ကို တွေ့ရသည်။
ထိုခန်းမ အတွင်း၌ ဟောပြောစင်မြင့် တခုနှင့် သတင်းမီဒီယာများ သတင်းရယူနိုင်ရန် စီစဉ်ပေးထားသည့် စင်မြင့် တခုကို တွေ့ရသည်။ ခန်းမတွင်းသို့ မီဒီယာသမားများ ဝင်ရမည့် သီးသန့်ဝင်ပေါက် စီစဉ်ပေးထားသည်။
ထိုပြည်နယ်ရှိ သတင်းစာများ၏ ရွေးကောက်ပွဲ သတင်းယူမှု ပုံစံသည် လွှတ်တော် အမတ်လောင်းများ၏ မဲဆွယ်စည်းရုံးမှု အပေါ်မူတည်ပြီး ပြောင်းလဲလာကြောင်း News & Observer သတင်းစာမှ အချိန်ယူ စုံစမ်း ထောက်လှမ်း ဖော်ထုတ် ရေးသားသည့် အကြီးတန်း သတင်းထောက် တဦးက ပြောသည်။
“အရင်က ရွေးကောက်ခံမယ့် သူတွေ့ရဲ့ မဲဆွယ်ပွဲနောက်ကို လိုက်ပြီး သတင်းယူတယ်။ အခုကျတော့ တီဗီ ကနေ မဲဆွယ်ကြတယ်။ ဒါကြောင့် သူတို့နောက်ကွယ်က အကြောင်းတွေကို မဲဆန္ဒရှင်တွေဆီ တင်ပြဖို့ အတွက် လေ့လာစုံစမ်း ရတယ်”ဟု အကြီးတန်း သတင်းထောက် Mr.Rov က ရှင်းပြသည်။
ယခင်က မြောက်ကယ်ရိုလိုင်းနား အခြေစိုက် News & Observer သတင်းစာ၏ ထိပ်ပိုင်း ခေါင်းဆောင် များသည် ပုဂ္ဂိုလ်ရေးအရ ဒီမိုကရက်တစ် ပါတီဘက်သို့ ယိမ်းခဲ့ခြင်းကြောင့် စာဖတ်သူများက ဒီမိုကရက် သတင်းစာဟု ခေါ်ဆိုဖူးကြောင်း သူက ဆိုသည်။
သူက တဆက်တည်း “ဒါပေမယ့် ကျနော်တို့ သတင်းစာရဲ့ သတင်းတင်ပြမှုက ဘက်မလိုက်တဲ့အတွက် ဒီမိုကရက်တစ်တွေရဲ့ ဥပဒေနဲ့ မညီတာတွေ ဖော်ထုတ်ပြီး ထောင်ကျအောင် လုပ်နိုင်ခဲ့တာပိုများပါတယ်”ဟု ပြောသည်။
News & Observer သတင်းစာမှ သတင်းထောက်များသည် မည်သည့် နိုင်ငံရေး ပါတီကို မဲပေးရန် မည်သူ့ ကိုမျှ မစည်းရုံးရ၊ နိုင်ငံရေး သမားများထံမှ တန်စိုးလက်ဆောင် မယူရ၊ အမေရိကန်နိုင်ငံ ဓလေ့ဖြစ်သည့် မိမိ ထောက်ခံသူ၏ ဓာတ်ပုံများကို အိမ်ရှေ့တွင် ချိတ်ဆွဲခြင်း မပြုရ စသည့် တိုက်မှ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ သတင်း ရယူခြင်းဆိုင်ရာ ကျင့်ဝတ်များကိုလည်း လိုက်နာရန် သတ်မှတ်ထားသည်။
“ကျင့်ဝတ်ကတော့ အခြေခံ ကျင့်ဝတ်တွေကို လိုက်နာဖို့ လိုတာပါပဲ။ ဒါပေမယ့် လွှတ်တော် အမတ်တွေနဲ့ ရင်းရင်းနှီးနှီး နေတာမျိုး၊ နေ့လယ်စာ အတူစားတာမျိုး လုပ်ပြီး ရင်းနှီးမှုကို မပြဖို့တော့ လိုတယ်”ဟု မြောက်ကယ်ရိုလိုင်းနား ပြည်နယ်ရှိ FOX 50 ရုပ်သံလွှင့် ဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
ယခုနှစ်တွင် အမေရိကန် သတင်းမီဒီယာများမှ သတင်းစာဆရာများအတွက် တူညီသည့် အခက်အခဲတခုမှာ လွှတ်တော် အမတ်လောင်းများ၏ ရွေးကောက်ပွဲ အသုံးစရိတ်များ အကြောင်း ဖော်ထုတ်ရေးသားရန် မလွယ်ကူတော့ခြင်းပင်ဖြစ်သည်။
ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်များ၏ မဲဆွယ်အသုံးစရိတ်များကို မည်သူက လှူဒါန်းသည်ကို ထုတ်ဖော်ပြသ ရန် မလိုတော့ကြောင်း အသစ်ထုတ်ပြန်လိုက်သည့် ဥပဒေတခုကြောင့် ထိုသို့ အခက်ကြုံတွေ့ရခြင်းဖြစ်သည်။
Mr.Rov က“ဒီနှစ်ရွေးကောက်ပွဲမှာ ငွေသန်းပေါင်းများစွာ သုံးနေတယ်။ အရင်ကဆို အလှူရှင်က လွှတ်တော် ကိုယ်စားလှယ်ကို ငွေတိုက်ရိုက် လှူတော့ လိုက်ရလွယ်တယ်။ အခုကျတော့ ကြားခံတဆင့်က လှူလို့ ရတယ်လို့ သတ်မှတ်လိုက်တယ်။ ဒါကြောင့် သတင်းထောက်တွေက ရင်းမြစ်ကို လိုက်ရ ခက်ခဲနေတယ်” ဟု ဆက်လက် ပြောသည်။
အချို့ သတင်းဌာနများသည် အမေရိကန် ရွေးကောက်ပွဲများအကြောင်း သတင်းရေးသား ဖော်ထုတ်ခြင်း များပြုလုပ်ရန် နှစ်နှင့်ချီ၍ ကြိုတင်ပြင်ဆင်လေ့ ရှိပြီး၊ ရွေးကောက်ပွဲ စတင်တော့မည့် ရက်သတ္တပတ် ၆ ပတ်ခန့်အလိုတွင် သတင်းများကို စတင် ထုတ်လွှင့်ကြ သည်။
အမေရိကန် ပြည်ထောင်စုတွင် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ် အသုံးစရိတ် များပြားလွန်းခြင်းနှင့် ပတ်သက်၍ ပြည်သူ လုထု ၏ မကျေနပ်ချက်များ ရှိလာကြောင်း သိရသည်။
“ဒါပေမယ့် လွှတ်တော် ကိုယ်စားလှယ်တွေက ဒါကိုပဲ အားကိုးနေရတယ်။ ဂျာနယ်လစ်တွေကလည်း ဒါကို မကြိုက်ကြ ပါဘူး။ လူထုက ဆန္ဒပြတာမျိုး ဖြစ်လာဖို့ပဲ မျှော်လင့်ရတယ်”ဟု FOX 50 ရုပ်သံလွှင့်ဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
မြောက်ကယ်ရိုလိုင်းနား နည်းတူ လူဝီစီယားနား ပြည်နယ်သည်လည်း အမေရိကန် လွှတ်တော် သက်တမ်း ဝက် ရွေးကောက်ပွဲအတွက် အရေးအကြီးဆုံး ပြည်နယ်တခု ဖြစ်သည်။
ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၄ ရက်နေ့တွင် စာသင်ကျောင်းတခု၌ ပြုလုပ်သည့် မဲရုံတခုသို့ သွားရောက် လေ့လာခဲ့ရာ ထူးထူးခြားခြား သတင်းယူနေသော မည်သည့် သတင်းဌာနကိုမျှ မတွေ့ခဲ့ရပေ။ မဲရုံအတွင်းသို့ မိမိတို့ မြန်မာသတင်းစာ ဆရာများ ဝင်ရောက် လေ့လာခွင့် ရခဲ့သည်။ မဲပေးနေသူများနှင့် မဲရုံအတွင်းပိုင်း မြင်ကွင်းများကို ဓာတ်ပုံရိုက်ခွင့် ရခဲ့သည်။
ထိုမဲရုံမှ အပြန်တွင် လူဝီစီယားနား ပြည်နယ်ရှိ သတင်းစာကြီး တစောင်ဖြစ်သည့် The Advocate သတင်း စာတိုက်၏ ဖောင်ပိတ်ချိန်သို့ သွားရောက် လေ့လာရပြန်သည်။ မဲရုံပိတ်ချိန် မရောက်သေးသဖြင့် သတင်းစာ တိုက်တွင် အယ်ဒီတာများနှင့် အခြားသော ကဏ္ဍတို့မှ သတင်းထောက် အချို့သာ ရှိနေပြီး၊ ရုပ်သံသတင်း ဌာနများ၏ သတင်းတင်ပြမှုများကို စောင့်ကြည့်နေကြသည်။
“မဲရုံတိုင်းကိုတော့ မသွားဘူး။ သတင်းထောက် မရောက်တဲ့ မဲရုံတွေမှာ တခုခု ထူးခြားတာ ရှိရင် မဲရုံမှူး တွေနဲ့ ရွေးကောက်ပွဲ ကော် မရှင် အဖွဲ့ဝင်တွေက သတင်းစာတိုက်တွေကို လှမ်းအကြောင်းကြား ပေးတယ်”ဟု The Advocate သတင်း စာတိုက်၏ အကြီးတန်း အယ်ဒီတာ တဦးက ရှင်းပြသည်။
အမေရိကန် ရွေးကောက်ပွဲ၊ နိုင်ငံရေး အခင်းအကျင်းများနှင့် ပတ်သက်၍ တချို့သော သတင်းဌာနကြီး များသည် လူထုစစ်တမ်း ကောက်ခံခြင်း၊ သုတေသန ပြုခြင်းများကို ကြိုတင်ပြုလုပ်ကာ သုံးသပ်ချက် ဆောင်းပါး များ ကြိုတင်ရေးထားလေ့ရှိကြောင်း သိရ သည်။
မဲရုံပိတ်ပြီး မဲရွေတွက်မှု ရလဒ် သိရသည်နှင့် မိနစ် အနည်းငယ်အတွင်း ပြည့်စုံသော ရွေးကောက်ပွဲ သုံးသပ်ချက် ဆောင်းပါးများကို ဝေဝေဆာဆာ ဖော်ပြနိုင်ရာ ကြိုတင်ပြင်ဆင်မှု အားကောင်းခြင်းကြောင့် စာဖတ်သူများ လွန်စွာ ကြိုက်နှက်သစ်ကြောင်း ဝါရင့် သတင်းစာ ဆရာကြီး တဦးက ပြောသည်။
ရွေးကောက်ပွဲအပြီး နောက်တနေ့တွင် ပြည်နယ်အသီးသီးမှ ရွေးကောက်ပွဲရလဒ်များကို သိရသည်။ လက်ရှိ သမ္မတ အိုဘားမား၏ ဒီမိုကရက်တစ် ပါတီက နေရာ အနည်းစုသာ ရခဲ့ပြီး ရီပတ်ဘလစ်ကန်က ဆီးနိတ်ကို လွှမ်းမိုးနိုင်ခဲ့လေသည်။
ယခုနှစ် အမေရိကန် လွှတ်တော် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် မဲဆန္ဒရှင်များထက် ရီပတ်ဘလစ်ကန် မဲဆန္ဒရှင်များသာ မဲပေးရန် ပိုမို၍ ထွက်လာ နိုင်ခြေ ရှိကြောင်း ရွေးကောက်ပွဲမတိုင်ခင် ဝါရှင်တန်ပို့စ် သတင်းစာက ကြိုတင် ခန့်မှန်းခဲ့သည့် အတိုင်းဖြစ် လာသည် ဟု ဆိုရမည်။
မြန်မာပြည်တွင် ကျင်းပပြီးစီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ ကာလက သတင်းသမားများသည် မဲရုံနှင့် အဝေး ကိုက် ၅၀၀ မှ အနီးဆုံး သတင်းရယူခဲ့ရသည့် အကြောင်းကို သိသောအခါ အမေရိကန်မှ သတင်းစာ ဆရာများ တအံ့တသြ ရယ်မောကြသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မြန်မာသတင်းစာ ဆရာများ လွတ်လပ်စွာ သတင်းရယူခွင့် ရှိနိုင်မည်၊ မရှိနိုင် စသည်တို့နှင့် ပတ်သက်၍ လည်း စိတ်ဝင်တစား မေးမြန်း ကြသည်။
အမေရိကန် သတင်းစာ ဆရာများ၏ သတင်းရယူခြင်း ဆိုင်ရာ လွတ်လပ်ခွင့်များ အကြောင်းကို လက်တွေ့ လေ့လာသိရှိ လိုက်ရချိန် တွင် အားကျခြင်းဖြစ်မိသည်။ မည်သို့ ကြိုတင်ပြင်ဆင်ရမည် ဆိုသည့်အချက်ကို အကြမ်းဖျင်း လေ့လာခွင့် ရခဲ့သည်။
ဒီမိုကရေစီ အလေ့အကျင့် ရင့်သန်ပြီး နိုင်ငံကြီးတခု၏ ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာ သတင်းရေးသားခြင်း နည်းနာများကို လာမည့် ၂၀၁၅ ခုနှစ် မြန်မာပြည် ရွေးကောက်ပွဲအတွက် မည်သို့ အကောင်းဆုံး ပြန်လည် အသုံးချနိုင်မည် ဆိုသည့် စိတ်ကူး သစ် များ ရရှိခဲ့သည်။
ဝါရှင်တန်ပို့စ် သတင်းစာက ကတိကဝတ် မတည်သော၊ ရှေ့နောက် စကားမညီသော နိုင်ငံရေးသမားများကို ပနိုချီရို ပေးသော နည်း လမ်းသည် စိတ်ဝင်စားစရာ အကောင်းဆုံးနှင့် မြန်မာပြည်ရှိ ရွေးကောက်ခံမည့် နိုင်ငံရေးသမားများ၊ အာဏာရ အစိုးရအဖွဲ့ဝင်များနှင့် သမ္မတ လောင်းများကို ပေးမည် ဆိုလျှင်ရော ပီနိုချီရို ဘယ်နှရုပ်များ ရလေမလဲဟု တွေးတောမိလေသည်။ ။