စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ပါဝင် သော လယ်မြေများကို ဝမ်ပေါင်ကုမ္ပဏီနှင့် ရဲတပ်ဖွဲ့က ဝင်ရောက်၍ ခြံစည်းရိုး ခတ်ရာ ဒေသခံတောင်သူများ၏ ထိပ်တိုက် ရင်ဆိုင် ကန့်ကွက်မှု ကြုံတွေ့ရပြီး ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းသဖြင့် တောင်သူတဦး ပွဲချင်းပြီး သေဆုံး၍ အများ အပြားဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။
ယနေ့မနက်ပိုင်းက မိုးကြိုးပြင်ကျေးရွာအနီးရှိ လျှော်ကြေးရယူထားခြင်းမရှိသော လိပ်ခွံတောင်ခြေရှိ လယ်ယာမြေများ နှင့် ဆည်တည်း ကျေးရွာ အနီးရှိ ပဒပ်ကုန်း လယ်ယာ မြေနေရာများကို ဝမ်ပေါင်ကုမ္ပဏီဘက်က ဝန်ထမ်းအင်အား၊ လုံခြုံရေး အင်အား များဖြင့် ဝင်ရောက် ခြံစည်းရိုးဝင်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ခြံစည်းရိုးဝင်ခတ်မှုကို ဝင်ရောက်တားဆီးသည့် လယ် သမားများကို လုံထိန်းရဲများက သေနတ်များနှင့် ပစ်ခတ်နှိမ်နင်းခဲ့ပြီး ဝမ်ပေါင် ကုမ္ပဏီ ဝန်ထမ်းများကလည်း လေးခွများ၊ ခဲများ နှင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် မိုးကြိုးပြင်အလယ်ကျေးရွာမှ တောင်သူ ဒေါ်ခင်ဝင်းသည် ဦးခေါင်း ထိမှန် ဦးနှောက်ပွင့် သေဆုံးသွားပြီး ဒေသခံ တောင်သူတဦးဖြစ်သူ ဦးမှိုင်းမှာလည်း ခြေထောက်တွင် သေနတ် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အခြား လယ်သမား အများအပြားမှာလည်း အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာများရရှိခဲ့ ကြောင်း၊ ဒေသခံများကလည်း လုံထိန်း ရဲများနှင့် ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းများကို ပြန်လည် တုံ့ပြန် တိုက်ခိုက်မှုများရှိ ကြောင်း သိရှိ ရသည်။
“အခု ဖြစ်တာက မိုးကြိုးပြင်ရွာမှာ၊ ဟိုဘက် ဆည်တည်းမှာလည်း ဖြိုခွင်းနေတယ်။ ကျနော်တို့ဘက်က ၄၊ ၅ ယောက် လောက် ဒဏ်ရာရတယ်။ အခု ဆရာဝန်သွားခေါ်မလို့ တယောက်ကတော့ အဲဒီမှာတင် ပွဲချင်းပြီး သေဆုံး သွားပြီ။ အခု အလောင်းကို ရွာသားတွေက ပြန်ယူဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ဟိုဘက်ကလည်း ပေးမယူဘူး” ဟု မိုးကြိုးပြင် အလယ်ကျေးရွာမှ ဒေသခံ ကိုမင်းလွင်က ဧရာဝတီသို့ ပြောသည်။
အလားတူ ဆည်တည်းကျေးရွာအနီးရှိ ပဒပ်ကုန်းမြေနေရာတွင်လည်း ဝမ်ပေါင်ကုမ္ပဏီဘက်က ခြံစည်းရိုး ခတ်ရန် ဘူဒိုဇာ ၁၀ စီးဖြင့် မြေနေရာများ ရှင်းလင်းနေသည့်အတွက် လယ်သမားများနှင့် ရွာသားများက ဝင်ရောက်တားဆီးမှုများ ပြုလုပ် လျက် ရှိကြောင်း၊ ရဲတပ်ဖွဲ့ကလည်း လုံထိန်အင်းအား ရာပေါင်းများစွာဖြင့် သေနတ်များ ပစ်ဖောက်လျက်ရှိ ကြောင်း သိရှိရသည်။
“ဆရာတော်အပါအဝင် နှစ်ဦး အဲဒီဘက်ကို သွားပြီး ညှိနှိုင်းတယ်။ ဒါပေမယ့် မရဘူး။ ညှိနှိုင်းနေရင်းနဲ့ သူတို့ဘက်က သေနတ် တွေ၊ လေးခွတွေနဲ့ စပစ်တယ်။ ရွာသားတွေက ခြံစည်းရိုးမခတ်ဖို့ ပြောတယ်။ မရဘူး။ သူတို့ကတော့ ဆက် လုပ် နေတာပဲ။ အခု ရွာသားတွေလည်း ထိုင်ကြည့်နေရုံအပြင် ဘာမှ မတတ်နိုင်ကြတော့ဘူး။ ရဲအင်အား ၄၀၀၊ ၅၀၀ လောက် တော့ ရှိမယ်ထင်တယ်။ ဟိုတစု၊ ဒီတစုနဲ့ ရွာသားတွေလည်း လူစုကွဲနေကြတယ်။ ဘယ်လောက် ဒဏ်ရာ ရကြလည်း ဆိုတာ။ မသိသေးဘူး။ သူတို့ဘက်က သေနတ်ပစ်တာတော့ အချက်ပေါင်း မနည်းဘူး” ဟု ဆည်တည်း ကျေးရွာ မှ ဆရာတော် ဦးနန္ဒာစာရက မိန့်ကြားသည်။
ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း ရဲတပ်ဖွဲ့ဝင်များနှင့် မိုးကြိုးပြင်ကျေးရွာဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ယင်းပဋိပက္ခ ကြောင့် ဒေသခံလယ်သမား နှစ်ဦး ဒဏ်ရာ ရရှိခဲ့သေးကြောင်း စုံစမ်းသိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအကောင်အထည်ဖော်ရန်အတွက် မြေဧကပေါင်း ၇၈၀၀ ကျော် သိမ်းယူခဲ့ပြီး ဝမ်ပေါင်ကုမ္ပဏီဘက်က လျော်ကြေးငွေ ပေးခဲ့သော်လည်း လယ်သမားအများစုမှာ လျှော်ကြေး လက်မခံကြောင်း သိရှိရ သည်။