ရန်ကုန်မြို့ပြဆိုင်ရာ ပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် မြို့ပြ စီမံခန့်ခွဲမှု ကော်မတီတရပ် ဖွဲ့စည်း ဆောင်ရွက်ခွင့်ပေးရန် မြို့ပြ ဆိုင်ရာ ပညာရှင်များက သမ္မတ ဦးသိန်းစိန်ထံသို့ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ ဗိသုကာ အသင်းနှင့် အခြား မိတ်ဖက် အဖွဲ့အစည်းများက ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးမှု ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရေး အတွက် မြို့ပြဆိုင်ရာ ပညာရှင်များ ဦးဆောင်သည့် Save Yangon Forum ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၀ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးပွဲတွင် ပညာရှင်များက မြို့ပြ စီခန့်ခွဲမှုကို အကြံပြုနိုင်သည့် ကော်မတီတရပ် ဖွဲ့စည်းပေးရန် ဒီဇင်ဘာ ၁၉ ရက်က တောင်းဆိုထားပြီး ဖြစ်ကြောင်း မီဒီယာများသို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ရန်ကုန် မြို့ပြ စီမံကိန်းဆိုင်ရာ ထိန်းချုပ်မှုများ၊ စနစ်တကျ ထိန်းညှိခြင်းများ မပြုလုပ်နိုင်သည့်အတွက် ရန်ကုန်မြို့တွင် ရှိသင့်သည့် လူဦးရေးထက် ပိုမိုများပြားနေသဖြင့် ရေးကြီး ရေလျှံခြင်း၊ ယာဉ်ကြော ပိတ်ဆို့ခြင်း၊ ယာဉ်ရပ်နားရန် နေရာ လုံလောက်မှုမရှိခြင်း စသည့် ပြဿနာများကို ရင်ဆိုင်နေရကြောင်း မြို့ပြ ဆိုင်ရာ ပညာရှင်များက ဆွေးနွေးပွဲတွင် ဝေဖန် ထောက်ပြခဲ့ကြသည်။
“ရန်ကုန်မြို့ကြီးဟာ တဖြည်းတဖြည်းနဲ့ အမြင်မတော်တာတွေ များလာပြီ၊ အခြေအနေတွေက ဆိုးလာတယ်။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ကျနော်တို့တွေအတွက်၊ ကျနော်တို့ရဲ့ သားတွေ မြေးတွေအတွက် အခက်အခဲတွေဖြစ်လာတော့မယ် ဆိုတာလည်း အားလုံး မြင်ကြပါတယ်။ နောက်ဆုံးအချိန်မှာ ပညာရှင်တွေသည် မပြောလို့ရှိရင် ကျနော်တို့ ရဲ့တာဝန် ဖြစ်တယ်၊ ပြောသင့်တဲ့ ကိစ္စကို ကျနော်တို့ ပြောရမှာပါ။ အဲဒီအတွက်ကြောင့် နိုင်ငံတော် သမ္မတကြီးကို အိတ်ဖွင့်ပေးစာ ပေးခဲ့တာပါ”ဟု ရန်ကုန်မြို့ အခြေစိုက် ဗိသုကာ ပညာရှင် ဦးစန်းဦးက ဆွေးနွေးပွဲတွင် ပြောဆိုသည်။
ဖွဲ့စည်းမည့် ကော်မတီတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ မြန်မာနိုင်ငံ ဗိသုကာ အသင်းတို့ အပါအဝင် အခြားသော ဌာန ဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရှင်များ ပါဝင်သင့်သည်ဟု ရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး ဆိုင်ရာ ပညာရှင်တဦး ဖြစ်သူ ဒေါက်တာ ကျော်လတ် က အကြံပြုသည်။
“ကျနော်က ရန်ကုန် စည်ပင်သာယာမှာ အကြံပေး လုပ်နေတယ်။ မြို့ပြ စီမံကိန်းတွေလည်း အများစု ဆွဲပါတယ်။ ဒါပေမယ့် တယောက်တည်း လိုလိုဖြစ်နေတော့ သိပ်ပြီးတော့ ဝိတ်က မရှိဘူး။ ကျနော်က စည်ပင်အောက်ကပဲ လုပ်နေရတဲ့ အခါကျတော့ စည်ပင်က ပယ်ချင် ပယ်နိုင်တယ်”ဟုလည်း ဒေါက်တာ ကျော်လတ်က ပြောသည်။
သိမ်ဖြူ အားကစားကွင်း၊ မြကျွန်းသာကဲ့သို့ အများ ပြည်သူနှင့်ဆိုင်သော နေရာများကို အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင် များသို့ ရောင်းစားလိုက်သဖြင့် Open Space ဟု ခေါ်သော အများ ပြည်သူ အပန်းဖြေသည့် နေရာများလည်း လျော့ကျလာကြောင်း ပညာရှင် များက ထောက်ပြသည်။
မြန်မာနိုင်ငံ ဗိသုကာအသင်း ဒု ဥက္ကဋ္ဌ ဦးမော်လင်းကလည်း“Density များတာ တင်မကဘဲနဲ့ မော်တော်ကားတွေ များလာလို့ ကျပ် တာကို မော်တော်ကားလမ်းတွေ ထပ်ချဲ့ရုံနဲ့ ကားပါကင်နေရာတွေ တိုးရုံနဲ့ ဖြေရှင်းလို့ရမယ်လို့ ထင်တာနဲ့ကို ကျနော်တို့ ရန်ကုန်မြို့က ပိုကျပ်တည်းလာပါတယ်။ ရန်ကုန်မြို့ မှာ Public space ဆိုတာ တဖြည်းဖြည်း နဲ့ လျော့နည်းလာပြီး မရှိသလောက် ရှားလာပါတယ်။ ရန်ကုန်ရဲ့ Public space မရှိတာဟာ ကျနော်တို့ ရန်ကုန်သူ၊ ရန်ကုန်သားတွေ အသက်ရှုကြပ်ရတဲ့ထဲမှာ အင်မတန်အရေးကြီးတဲ့ အကြောင်း အချက်တရပ်ပါ”ဟု ပြောသည်။
ရန်ကုန်မြို့တွင် လူဦးရေ သိပ်သည်းဆ အရ ၁ စတုရန်းကီလိုမီတာလျှင် ၇၆ ဦး ရှိကြောင်း သိရသည်။
ယခင်က ရန်ကုန်မြို့တွင် မြကျွန်းသာ၊ အင်းလျားကန်၊ ကန်တော်ကြီး၊ တိရစ္ဆာဥယျာဉ် ကဲ့သို့သော Public Space များစွာ ရှိခဲ့သော် လည်း အစိုးရက ပုဂ္ဂလိကသို့ ရောင်းစားလိုက်ကြောင်း၊ ပရော့ဂျက် မျိုးစုံဖြင့် တန်ဖိုးကြီး စားသောက်ဆိုင်များ ဖြစ်လာနိုင်သဖြင့် ပြည်သူ များမှာ ထိုနေရာများသို့ သွားရောက်နိုင်တော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဗိသုကာအသင်းက ပြောသည်။
ယင်းပြဿနာများကို အချိန်မီ စနစ်တကျ မထိန်းချုပ်နိုင်ပါက နောင်လာမည့် အနှစ်လေးငါးဆယ်တွင် မည်သို့မှ ပြုပြင် ဖြေရှင်း၍ မရနိုင်တော့ဘဲ ပိုမိုခက်ခဲသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်းလည်း ပညာရှင်များက ပြောဆိုသည်။
လူဦးရေ ၅ သန်းကျော် ရှိသော ရန်ကုန်မြို့နေ လူထုအတွက် အန္တရာယ် ဖြစ်စေပြီး မြို့ပြ သာယာ ဖွံ့ဖြိုးရေးကို ခြိမ်းခြောက်လာ သည့် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော် ဝန်းကျင်ရှိ အဆောက်အအုံများ၊ ပြည်သူ့ရင်ပြင် ကဲ့သို့သော နေရာမျိုးတွင် ဆောက်လုပ်ခွင့်ပြုခဲ့သည့် အဆောက်အအုံတချို့၊ လူနေမှု အဆောက်အအုံ သိပ်သည်းဆ အလွန်အမင်း များပြားသော၊ လုံလောက်သည့် မြေကျန်မချန်သည့် အဆောက်အအုံ စီမံကိန်းများနှင့် အရည်အသွေး မပြည့်မီသော အဆောက်အအုံ ဆောက်လုပ်မှုများကို ခွင့်ပြုခြင်းများအား လတ်တလောတွင် ဆိုင်း ငံ့ ထားရန် လိုကြောင်း နိုင်ငံတော် သမ္မတထံသို့ ပေးစာတွင် ထည့်သွင်းတောင်းဆိုထားကြောင်း သိရသည်။