ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ အနက် ၅၀ ခန့်မှာ ၎င်းတို့ မြို့နယ်အတွင်း ယှဉ်ပြိုင်မည့်သူ မရှိသည့်အတွက် အလိုအလျောက် ကိုယ်စားလှယ် အဖြစ် တင်မြှောက်ခံရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဧရာဝတီသို့ ပြောသည်။
“အတူပြိုင်မယ့်သူမရှိတဲ့ ကိုယ်စားလှယ်လောင်းကိုတော့ မဲပုံး၊ မဲစနစ်တွေနဲ့ မလုပ်တော့ဘူး။ အဲဒီကိုယ်စားလှယ်လောင်းက မဲစနစ်နဲ့ ရွေးစရာမလိုတော့ဘဲ ကိုယ်စားလှယ် တခါတည်းဖြစ်မှာပါ။ လက်ရှိ မြို့နယ်တွေမှာ အတူပြိုင်မယ့်သူမရှိဘဲ တဦးတည်း ဖြစ်နေတဲ့ ကိုယ်စားလှယ်ဦးရေက ၅၀ နီးပါး ရှိတယ်” ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
YCDC ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ ရွေးကောက်ပွဲကို မဲပေးနိုင်ရန် အတွက်လည်း ရန်ကုန်မြို့ရှိ မြို့နယ်ပေါင်း ၃၃ မြို့နယ်တွင် သတ်မှတ် မဲရုံပေါင်း ၁၀၈၆ ရုံ ထားရှိမည် ဖြစ်ပြီး မဲပေးချိန်မှာ မနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်သည်။ သတ်မှတ် မဲပေးချိန် ပြီးစီးသည်နှင့် တပြိုင်နက် မဲ ရေတွက်ခြင်းကို စတင်မည်ဖြစ်ပြီး ပယ်မဲ၊ အတည်ပြုမဲ ဆုံးဖြတ်ချက်မှာ မဲရုံမှူး၏ ဆုံးဖြတ်ချက်ကိုသာ ဖြစ်ကြောင်း သိရသည်။
“ရွေးကောက်ပွဲကို တချို့မြို့နယ်တွေမှာ ပူးတွဲယှဉ်ပြိုင်သူ မရှိတာကတော့ စိတ်ဝင်စားမှု နည်းတာ၊ ပြိုင်ဖို့အတွက် မသိတာတွေလည်း ပါတာပေါ့။ ပြိုင်ဘက်များများရှိလေ အရည်အချင်း များများရှိတဲ့သူတွေ ထွက်လာလေပေါ့။ ပြည်သူတွေက ဆုံးဖြတ်ပြီး ရွေးချယ်ပေးလိုက်ရင်တော့ ပြည်သူ့ ကိုယ်စားလှယ်တွေ ဖြစ်တာပေါ့၊ ဒီအတိုင်း တယောက်တည်း ပြိုင်ဘက်မရှိဘဲ တက်သွားတဲ့ ကိုယ်စားလှယ်တွေမှာလည်း အရည်အချင်း ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီအထဲမှာ တော်တဲ့သူလည်းရှိသလို ညံ့တဲ့သူလည်းရှိမှာပါ။ ဒါပေမယ့် ပြည်သူက ရွေးပေးလိုက်တဲ့သူဆိုရင်တော့ ပိုကောင်းမှာပေါ့” ဟု ဒဂုံမြို့သစ်မြို့နယ်မှ ရပ်မိရပ်ဖ အဖြစ် ဝင်ရောက် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း ဦးမြင့်ဇော်က ပြောသည်။
ပူးတွဲယှဉ်ပြိုင်မည့်သူရှိသည့် ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် လှည့်လည်ကာ မဲဆွယ်စည်းရုံးမှုများ ဆက်တိုက် ပြုလုပ်နေသော်လည်း ပြည်သူလူထု ဘက်မှ စိတ်ဝင်စားမှုနည်းပါးကြောင်း၊ ရွေးချယ်ခံမည့် ကိုယ်စားလှယ်များအနေဖြင့် လူထုအကျိုး အတွက် မည်သို့ လုပ်ဆောင်ပေးနိုင်မည် ဆိုသည့်အပေါ် ပြည်သူများဘက်က မေးမြန်းမှုများရှိကြောင်း သိရသည်။
လက်ရှိတွင် ကော်မတီ၊ ခရိုင်၊ မြို့နယ်တို့ အတွက် ကိုယ်စားလှယ်လောင်း ၂၉၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ထားပြီး ကော်မတီဝင် ကိုယ်စားလှယ် ၄ ဦး၊ ခရိုင်တခုလျှင် ကိုယ်စားလှယ် ၃ ဦးဖြင့် ခရိုင် ၄ ခုအတွက် ကိုယ်စားလှယ် ၁၂ ဦး၊ မြို့နယ် တခုလျှင် ကိုယ်စားလှယ် ၃ ဦး ဖြင့် ခရိုင် ၃၂ ခုအတွက် ၉၉ ဦး စုစုပေါင်း ၁၁၅ ဦး ရွေးချယ်ခံရမည် ဖြစ်သည်။