Human Rights

တောင်ဥက္ကလာ မြို့နယ်ပိုင် အားကစားပန်းခြံ ပြန်လည်ရရှိရေး သမ္မတထံ စာတင်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တောင်ဥက္ကလာပမြို့နယ် အမှတ် ၉ ရပ်ကွက်ရှိ အားကစားကွင်း ပန်းခြံပြန်လည်ရရှိရေးအတွက် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးကိုကိုကြီး ဦးဆောင်ပြီး မြိုနယ်လူထု လက်မှတ်များ စုစည်း၍ နိုင်ငံတော် သမ္မတထံ စာတင်တောင်းဆို သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အားကစားကွင်း ပန်းခြံ ပြန်လည် ရရှိရေးအတွက် ဒီဇင်ဘာလ ၂၁ ရက်က ရပ်ကွက်နေ ပြည်သူများ စုပေါင်းပြီး အရှေ့ပိုင်း ခရိုင် စည်ပင်သာယာရေးရုံးရှေ့တွင် ဆန္ဒပြခဲ့သည်။

ယင်းဆန္ဒပြပွဲ၌ ဦးဆောင်ပါဝင်သူများ ဖြစ်သည့် ဦးကိုကိုကြီး၊ ဒေါက်တာ စောနိုင်၊ ဦးမျိုးခင်၊ ဦးနိုင်ကိုလင်း၊ ဦးအောင်မော်တို့ကို ငြိမ်း ချမ်းစွာစီတန်း လှည့်လည်ခြင်းနှင့် ငြိမ်းချမ်းစွာ စုဝေးခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ နှင့် တောင် ဥက္ကလာပ ရဲစခန်းက အမှုဖွင့် အရေးယူ ထားသည်ဟု ဒေါက်တာ စောနိုင်က ပြောသည်။

ဒေါက်တာစောနိုင်က“ကျနော်တို့ ဆန္ဒဖော်ထုတ်တာ ဒါနဲ့ဆို နှစ်ကြိမ် ရှိပြီ။ ဦးကိုကိုကြီးရယ်၊ ဦးနိုင်ကိုလင်းရယ်၊ ကျနော်ရယ် ဦးဆောင်ပြီး တောင်ဥက္ကလာပမြို့နေ လူထုလက်မှတ်နဲ့ ပန်ခြံ ပြန်လည်ရရှိရေး နိုင်ငံတော် သမ္မတဆီကို ဒီရက်ပိုင်း အတွင်း စာတင်သွားမယ်။ တကယ်လို့ သမ္မတဆီကမှ ဘာမှ မထူးဘူးဆိုရင် ဒီကွန်ဒို ဆောက်လုပ်ခွင့်ကို ကန့်ကွက်ကြောင်း တရားရုံးမှာ ဦးတိုက်လျှောက်ထားတာတွေ လုပ်ဆောင်သွားမယ်”ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ အားကစားကွင်းပန်းခြံ မြေနေရာ ပြန်လည်ရရှိရေး အတွက် ဒီဇင်ဘာ ၂၁ ရက်က ဆန္ဒပြ တောင်းဆိုမှုကို ဦးကိုကိုကြီး အပါအဝင် တောင်ဥက္ကလာပ မြို့နယ်ရှိ အမှတ် ၉ ရပ်ကွက်နေ ပြည်သူများက စုပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် အမှတ် ၉ ရပ်ကွက်ရှိ အားကစားကွင်း ပန်းခြံကို “ရန်နိုင်” ဆောက်လုပ်ရေး ကုမ္ပဏီ က ကွန်ဒိုအိမ်ရာ စီမံ ကိန်း ဆောက်လုပ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပိုင် ရိုက်ခြင်း လုပ်ငန်းများကို ယခုလ အတွင်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောဆိုသည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က“အခု ပိုင်ရိုက်တဲ့ လုပ်ငန်း စနေပြီ၊ု သူတို့်ရဲ့ဆောက်လုပ်ခွင့် ဆိုင်းဘုတ်မှာ ဂရန်ပိုင်ရှင်က ကြံ့ခိုင်ရေး ပါတီလို့ ရေးထားတယ်။ ဒါဟာ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ ဆန့်ကျင်နေတယ်။ အဲဒီ ဥပဒေမှာ နိုင်ငံရေး ပါတီတခုဟာ နိုင်ငံတော်ပိုင်မြေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူခြင်း မရှိရဘူးလို့ ပြဌာန်းထားတယ်။ အခု ဟာက အဲဒီဥပဒေ ကိုချိုးဖောက်နေတယ်။ ဒါကို အရေးယူပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို သွားတင်ပြမယ်”ဟု ဧရာဝတီကို ပြောသည်။

အမှတ် ၉ ရပ်ကွက်ရှိ အားကစားကွင်းပန်းခြံ မြေနေရာသည် ၁၉၅၆ ခုနှစ် တောင်ဥက္ကလာပ မြို့သစ် စတင် တည်ချိန်က ပြည်သူပိုင် ကစားကွင်းပန်းခြံ အဖြစ် တည်ထားခဲ့ပြီး စစ်အစိုးရ လက်ထက် ၁၉၉၂ ခုနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းက မြို့နယ်ရုံး ဆောက်လုပ်ရန် ထိုအားကစားကွင်းပန်းခြံ မြေနေရာကို သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းနောက် ၂၀၁၃ ခုနှစ်တွင် ကြံ့ခိုင်ရေး ပါတီက ရန်နိုင် ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ပူးပေါင်းပြီး ကွန်ဒိုအိမ်ရာ စီမံကိန်း စတင် တည်ဆောက်နေခြင်း ဖြစ်သည်။

၂၀၀၂ ခုနှစ် ရန်ကုန်မြို့တော်ဝန် ဦးကိုလေး လက်ထက်တွင် ကြံ့ခိုင်ရေးပါတီ သိမ်းယူထားသော တောင်ဥက္ကလာပ ပန်းခြံ မြေကွက် ကို ကြံ့ခိုင်ရေးက တရားဝင်ပိုင်ဆိုင်သည်ဟု ဖော်ပြထားသော နှစ် ၆၀ မြေငှား ဂရန်စာချုပ်ကို တရားဝင် ထုတ်ပေးခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။

အမှတ် ၉ ရပ်ကွက်ရှိ အားကစားကွင်းပန်းခြံ ပြန်လည် ရရှိရေးအတွက် ၂၀၁၃ ခုနှစ် သြဂုတ် ၁၈ ရက်တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံးရှေ့တွင် တကိုယ်တော် ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading