ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့၏ အကြို ညှိနှိုင်း ဆွေးနွေးပွဲသို့ တပ်မတော်နှင့် တိုင်းရင်းသား ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ခြင်း မရှိကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC) တွင် ကျင်းပသည့် ဒီဇင်ဘာလ ၂၂ ရက် က အကြိုညှိနှိုင်းဆွေးနွေးပွဲ၌ NCCT bက်မှ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဒေါက်တာ ဆလိုင်းလျံမှုန်း ဆာခေါင်း၊ ခူးသောရယ်၊ စောတာဒိုမူ၊ ဦးထွန်းဇော်၊ ဒုဗိုလ်မှူးကြီး လအောင်နှင့် ဒုဗိုလ်မှူးကြီး ဆင်ဝါးတို့ တက်ရောက်ကြောင်း သိရ သည်။
ယင်းဆွေးနွေးပွဲသို့ NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာနှင့် ဗိုလ်ချုပ်ဂွန်မော်တို့ မတက်ရောက်ခြင်းမှာ ကချင်လွတ်လပ်ရေး အဖွဲ့(KIO)ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ စစ်သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက် မှုနှင့်ပတ်သက်ပြီး အစိုးရဘက်က အတိအကျ အကြောင်းမပြန်သေးသည့်အချက်ကြောင့် ဖြစ်သည်ဟု လွတ်လပ်သော အာရှအသံ(RFA) သတင်းဌာနသို့ နိုင်ဟံသာက ဖြေကြားထားသည်။
အဆိုပါ အကြို ညှိနှိုင်းဆွေးနွေးပွဲကို UPWCဘက်မှ ဒုဥက္ကဋ္ဌ သမတရုံး ဝန်ကြီး ဦးအောင်မင်း၊ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးခင်မောင်စိုး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးခင်ရီနှင့် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ တက်ရောက်ခဲ့သည်။
ယခု အကြို ဆွေးနွေးပွဲသို့ ယခင် တက်ရောက်လေ့ရှိသည် ဒု ဗိုလ်ချုပ်ကြီးမြင့်စိုး ဦးဆောင်သည့် တပ်မတော် အရာရှိကြီးများ တက်ရောက်ခြင်း မရှိပေ။
တပ်မတော်မှ အရာရှိကြီးများ မတက်ရောက်ခြင်းနှင့် ပတ်သက်ပြီး MPC မှ အကြံပေး ဦးအောင်နိုင်ဦးက“အခုလည်း အစိုးရဘက်က ဝန်ကြီးတွေ အားလုံးတက်ပါတယ်။ နောက်တခေါက် ဆိုရင်တော့ အစုံတက်မှာပေါ့ဗျာ။ ဒါလုပ်ငန်း အစည်းအဝေးဖြစ်တာပေါ့နော်။ ဒါကြောင့် NCCT ဘက်ကလည်း ခေါင်းဆောင် စုံစုံညီညီ မတက်နိုင်ဘူးလေ”ဟု ဧရာဝတီသို့ ပြောသည်။
၂ ရက်ကြာ ကျင်းပမည့် ယခု ညှိနှိုင်းဆွေးနွေးပွဲသည် လာမည့် ၇ ကြိမ်မြောက် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ အကြို ကျင်းပနေခြင်း ဖြစ်သည်။
NCCT အဖွဲ့ခေါင်းဆောင် တဦးဖြစ်သည့် ပဒိုစောကွယ်ထူးဝင်း ကလည်း“ဒီလိုင်ဇာလို အဖြစ်အပျက်မျိုး ထပ်မံ မကြုံတွေ့ရအောင် ဒီအဖြစ်အပျက်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်း ကိုယ်စားလှယ် အားလုံး အပါအဝင် တက်ရောက် ညှိနှိုင်း အဖြေရှာမယ့် အစည်း အဝေးတခုကို အမြန်ဆုံး ပြုလုပ်ဖို့လည်း NCCT အနေနဲ့ တိုက်တွန်းအကြံပြုလိုပါတယ်။ ဒီ အကျေအလည် ဆွေးနွေးပွဲက တဆင့် အားလုံးကိုလွှမ်းခြုံတဲ့ ယန္တရားတခုကို ချမှတ်နိုင်ဖို့လည်း မျှော်လင့်ပါကြောင်း တင်ပြလိုပါတယ်”ဟု ယနေ့ ဆွေးနွေးပွဲတွင် ပြောကြား သည်။