မွန်ပြည်နယ် ကျိုက်ထီးရိုး တောင်ခြေ ကင်မွန်းစခန်းအနီးတွင် ကမ္ဘာလှည့်ခရီးသည် အမျိုးသမီး တဦးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ခြင်း နှင့်ပတ်သက်ပြီး ခရီးသွား ဧည့်သည်များ လုံခြုံရေး ပိုမိုလုပ်ဆောင်သင့်ကြောင်း ခရီးသွား လုပ်ငန်းရှင်များနှင့် ဧည့်လမ်းညွှန်များက ပြောဆိုကြသည်။
ကမ္ဘာလှည့် ခရီးသွား ပီရူးနိုင်ငံသူတဦး ဒီဇင်ဘာ ၂၀ရက်က ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းအနီး၌ အဓမ္မပြုကျင့်ခံရပြီး ကျူးလွန်သူ အသက် ၂၂နှစ်အရွယ် ကျပန်းလုပ်ကိုင်သူကိုလည်း ဖမ်းဆီးရမိကာ ပုဒ်မ ၃၇၆ ဖြင့် ကျိုက်ထိုမြို့ ရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီး ထားကြောင်း စခန်း တာဝန်ရှိသူ တဦးက ပြောသည်။
ကမ္ဘာလှည့် ခရီးသွားများအတွက် လုံခြုံရေး စိုးရိမ်ရကြောင်း၊ ကျောပိုးအိတ်နှင့် ကမ္ဘာပတ်ကြသူများ(Back packer)ခရီးသွားများအတွက် အန္တရာယ်များကြောင်း၊ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုကိုလည်း ရိုက်ခတ်နိုင်ကြောင်း အင်္ဂလိပ်ဘာသာ စကား ခရီးသွား ဧည့်လမ်းညွန် တဦးဖြစ်သည့် ဒေါ်တင်နွယ်အေးက ပြောဆိုသည်။
“ကျိုက်ထီးရိုးလို နေရာမှာဖြစ်တာတော့ မကောင်းပါဘူး။ ခရီးသွားလုပ်ငန်းတွေ နာမည်ပျက်လာနိုင်တယ်။ ညောင်ရွှေ အင်လေး တောင်ခြေမှာ လုယက်မှုတွေ ရှိတယ်။ အနည်းနဲ့အများတော့ ရှိပါတယ်။ လုံခြုံရေးက ကောင်းတယ် အေးချမ်းတယ်ဆိုရင် ဘယ်နေရာ သွားသွား ဒီလိုတော့ မလုပ်သင့်ပါဘူး။ ဘယ်နေရာသွားသွား လုံခြုံနေရမယ်”ဟုလည်း ဒေါ်တင်နွယ်အေးက ပြောသည်။
ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့(Tourism Police)ကို နေရာများစွာတွင် တိုးမြှင့်ထားသင့်ကြောင်း၊ ခရီးသွား လုံခြုံရေး စီမံချက်များ လုပ်ဆောင်သည့်အခါတွင်လည်း ထိမိစွာ လုပ်ဆောင်သင့်ကြောင်း၊ ခရီးသွားဧည့်သည်များအတွက် လုံခြုံရေးသည် အထူးလိုအပ်နေကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း တွဲဖက် အတွင်းရေးမှူး ဦးတင်ထွန်းအောင် က ဧရာဝတီသို့ ပြောသည်။
“ဘာပဲဖြစ်ဖြစ် ဒီသတင်းကတော့ အမည်းစက် စွန်းထင်းသွားတာပေါ့နော်။ နောက်ထပ် ဒါမျိုးတွေ မဖြစ်ဖို့ ဘယ်လို စီမံချက်တွေ ရှိလဲ စတာတွေ ယုံကြည်မှုတွေရအောင်လို့ သတင်းတွေရအောင် စီမံချက်တွေရှိဖို့ လိုတယ်။ ဒါမျိုးက များသောအားဖြင့် ကိုယ့် အစီ အစဉ်နဲ့သွားတဲ့သူ၊ ဧည့်လမ်းညွှန်မပါဘဲ သွားတဲ့သူဖြစ်တာ၊ ဧည့်လမ်းညွန်တွေပါရင် ဒါမျိုးဖြစ်လာမှာမဟုတ်ဘူး”ဟုလည်း ဦးတင်ထွန်း အောင်က ဆိုသည်။
ဒီဇင်ဘာ ၂၀ ရက်တွင် ဖြစ်ပွားသည့် နိုင်ငံခြားသူ မုဒိန်းမှုကြောင့် လက်ရှိတွင် လုံခြုံရေးများ တိုးယူထားကြောင်း၊ မီးသတ်များနှင့် ရဲများပါ လုံခြုံရေး ယူထားကြောင်း၊ ရှေ့ဆက်မည်သို့ ဖြစ်လာမည်ကို မပြောနိုင်ကြောင်း ကင်မွန်းစခန်း တောင်တက် ကား အသင်းမှ ဥက္ကဋ္ဌ ဦးဝီးတင်က ဧရာဝတီသို့ပြောသည်။
“ကျူးလွန်တဲ့သူကို ကျနော်တို့ ထိန်းသိမ်းထားပါတယ်။ သူ့ကို ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားပါတယ်။ နိုင်ငံခြားသူကို မော်လမြိုင်မှာ ဆေး စစ်ချက်တွေ ဘာတွေ လုပ်ပြီးသွားပါပြီ”ဟု ကျိုက်ထို ရဲစခန်း တာဝန်သူ တဦးက ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်းကလည်း ပုဂံတွင် ဂျပန်နိုင်ငံသူတဦး အဓမ္မပြုကျင့် အသတ်ခံရသည့် အမှု ဖြစ်ပွားခဲ့သေးသည်။