အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးချိန် နောက် ပိုင်းတွင်လည်း လက်နက်ကိုင် ပဋိပက္ခများ ဆက်လက် ရှိနေဦးမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ် ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းက ပြောသည်။
“အပစ်အခတ် ရပ်စဲရေး လုပ်ရုံနဲ့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို ပြေလည်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်း ဖို့က မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား အားလုံးက အေးအတူ ပူအမျှ နေနိုင်မယ့် ဖက်ဒရယ် ပြည်ထောင်စု စနစ်တခုကို ဖော်ဆောင်နိုင်မှ ဖြစ်မယ်။ နိုင်ငံရေး ဆွေးနွေးပွဲကြီး ကျင်းပနိုင်ဖို့ အရေးကြီးတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း၏ ၇ ကြိမ်မြောက် ဆွေးနွေးပွဲကို ပြန်လည် စတင်နိုင်ရန် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုစင်တာ(MPC) ၌ ယမန်နေ့ကကျင်းပသော အလုပ်အဖွဲ့များ ကြိုတင်ညှိနှိုင်းသည့် ဆွေးနွေးပွဲ ပထမနေ့တွင် ဝန်ကြီး ဦးအောင်မင်းက ပြောဆိုခြင်း ဖြစ်သည်။
လက်ရှိတွင် ဆွေးနွေးနေဆဲ ဖြစ်သည့် အပစ်ရပ် မူကြမ်း၏ ၉၀ ရာခိုင်နှုန်းကျော်ကို နှစ်ဘက်ခေါင်းဆောင်များက အပြန်အလှန် သဘောတူညီ ထားပြီး ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေး ဆွေးနွေးပွဲ မစတင်မီ အောက်ခြေတပ်များက စာချုပ်ပါ အချက်များကို ချိုးဖောက်မှု မရှိစေရန် အပစ်ရပ် စာချုပ်ပါ ၂ဘက် တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများကို ချမှတ်ထားမည်ဖြစ်ပြီး ပြန်လည်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပါက မည်သည့် ဘက်က မှားသည်၊ မည်သူက စတင် ပစ်ခတ်ခဲ့သည်ကို ဆုံးဖြတ်နိုင်ရန် စောင့်ကြည့် ကော်မတီများ ထားရှိမည်ဟုလည်း ဆိုသည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) က ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ပစ်ခတ်မှုများ ဖြစ်နေသည် ကို ရပ်တန့်စေလိုပြီး တပ်မတော်နှင့် တိုက်ရိုက် ဆွေးနွေးမှုများ၊ နားလည်မှု ရစေရန် အပြန်အလှန် အမြင်ဖလှယ်မှုများလည်း လုပ်ဆောင် လိုသည်ဟု NCCT ခေါင်းဆောင်တဦး ဖြစ်သည့် ပဒိုကွယ်ထူးဝင်းက ဧရာဝတီကို ပြောသည်။
နိုဝင်ဘာလ ၁၉ ရက် က ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ဌာနချုပ်ရှိ ဗိုလ်သင်တန်းကျောင်းသို့ အစိုးရ တပ်မတော်က ပစ် ခတ်ခဲ့မှု အပေါ် ကျေလည်ခြင်း မရှိသေးသဖြင့် တပ်မတော်ဘက်က ပြန်လည် ဖြေရှင်းပေးရန်၊ ငြိမ်းချမ်းရေး ဆွွေးနွေးမှု ပြုလုပ်နေ စဉ် လိုင်ဇာကဲ့သို့ ပစ်ခတ်မှုမျိုး ထပ်မံမဖြစ်ပွားစေရန် အာမခံချက် တစုံတရာလိုအပ်ပြီး တပ်မတော်နှင့် သီးသန့် ဆွေးနွေးပြောဆိုနိုင် ရန်လည်း NCCT က ပြင်ဆင်နေကြောင်း သိရသည်။
ကချင် လွတ်လပ်ရေးအဖွဲ့(KIO) က ထိုသို့ ပစ်ခတ်ခံရမှု အပေါ်တွင် ကျေလည်ခြင်း မရှိသော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ထိ ခိုက်ခံမည် မဟုတ်ကြောင်း၊ အပစ်အခတ် ရပ်စဲရေး ပြီးမြောက်စေရန် လုပ်ဆောင်ပြီး နိုင်ငံရေး ဆွေးနွေးပွဲသို့ ရောက်ရှိရန် မျှော်မှန်း ချက်များကို NCCT အဖွဲ့ အတွင်း ဆွေးနွေးထားကြောင်း ပဒိုကွယ်ထူးဝင်းက ပြောဆိုသည်။