“အစိုးရ ခွင့်ပြုလို့ ကျနော်တို့ ခြံစည်းရိုးခတ်တာ”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေသော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် စီမံကိန်း စတင်ကတည်းက ဒေသခံများ၏ ကန့်ကွက်မှုများကြုံတွေ့ခဲ့ရပြီး ဝမ်ပေါင်ကုမ္ပဏီနှင့် ဦးပိုင်ကလည်း ဒေသခံများ မည်မျှပင်ကန့်ကွက်စေကာမူ စီမံကိန်းကို ဆက် လက်လုပ်ဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဒေသခံများ၏ ကန့်ကွက်မှုများ အရှိန်မြှင့်လာပြီး သံဃာများ ပါဝင် လာ ခဲ့ပြီးနောက် အစိုးရက လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းခဲ့သည့်အတွက် သံဃာတော် များ အပါ အဝင် လူအများအပြား ဒဏ်ရာရရှိခဲ့သည်။ ယခု ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း လျှော်ကြေး ရယူထား ခြင်း မရှိ သော လယ်ယာမြေများပေါ်တွင် ဝမ်ပေါင်ကုမ္ပဏီက အတင်းဝင်ရောက် ခြံစည်းရိုးခတ်ရာမှ ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွား ပြီး ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းရာ မိုးကြိုးပြင် အလယ်ရွာမှ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်း သေဆုံးပြီး ဒေသခံ အများ အပြား ဒဏ်ရာရရှိခဲ့သည်။ သို့ရာတွင် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်သည့် လုပ်ငန်းများကို ရပ်ဆိုင်းခြင်းမရှိဘဲ ဆက် လက် လုပ်ဆောင်နေရာ ဆက်လက်ဖြစ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီ အကြီးတန်း သတင်း ထောက် သူဇာက ဝမ်ပေါင်ကုမ္ပဏီ၏ ရန်ကုန်ရုံး တာဝန်ခံ Mr Dong Yunfei ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။     ။ ဆည်တည်းရွာဘက်မှာ ဒီနေ့ ဝမ်ပေါင်ကုမ္ပဏီဘက်က ခြံစည်းရိုး ဆက်ပြီး ခတ်နေတယ်လို့ ကြားပါတယ်။ အဲဒါ မှန်ပါသလား။

ဖြေ။     ။ ဒီနေ့က အဲဒီမှာ ဆက်လက်ပြီးတော့ ခြံစည်းရိုး ခတ်နေပါတယ်။

မေး။     ။ မနေ့က ဝမ်ပေါင်ကုမ္ပဏီရဲ့ ခြံစည်းရိုးခတ်တာကို ကန့်ကွက်ဆန္ဒပြတဲ့ တောင်သူ ဒေါ်ခင်ဝင်း သေနတ်ထိပြီး သေဆုံး သွားတယ်။ နောက်ပြီး ဒဏ်ရာရတဲ့ သူတွေကလည်း များတယ်ဆိုတော့ ဒီအခြေအနေအပေါ်မှာ ဘယ်လို မှတ် ချက် ပေးချင်ပါသလဲ။

ဖြေ။  ။ ဒီကိစ္စမှာ ပြည်သူ ဒဏ်ရာရတာတွေ သေဆုံးသွားတာတွေ ကျနော်တို့လည်း စိတ်မကောင်း ဘူးပေါ့နော်။ ဒါလည်း မဖြစ်သင့်တဲ့ကိစ္စပေါ့။ ဒါမျိုးကို ကျနော်တို့လည်း မလိုချင်ပါဘူး။ တကယ်တမ်း အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေ
ဖြစ်ခဲ့လို့ရှိရင်လည်း ကျနော်တို့က ငြိမ်းချမ်းစွာ တဦးချင်းတွေ့ဆုံပြီးတော့ ကျနော်တို့ ဖြေရှင်းချင်တယ်။

မေး။     ။ ဝမ်ပေါင်ကုမ္ပဏီက လယ်မြေတွေပေါ်မှာ  ခြံစည်းရိုး ဝင်ခတ်မယ်ဆိုတာကိုရော ရွာသားတွေကို ကြိုတင် အသိပေး ထားတာမျိုး ရှိခဲ့ပါသလား။

ဖြေ။     ။ အစိုးရဘက်က အသိပေးထားတာ ရှိတယ်။ အစိုးရက အကြောင်းကြားထားတာ ရှိပါတယ်။ ဘယ်နေ့က အကြောင်းကြားလည်းဆိုတာတော့ ဒါက အစိုးရအလုပ်လေ။ အစိုးရတာဝန်ပဲ။

မေး။     ။ ခြံစည်းရိုးခတ်နေတဲ့အချိန်မှာ ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးထားတယ်ဆိုတော့ ဝမ်ပေါင်နဲ့ အစိုးရကြားမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါသလဲ။

ဖြေ။     ။ ပူးပေါင်းဆောင်ရွက်တာက ဒီလို ခြံစည်းရိုးခတ်တာက အစိုးရက ခွင့်ပြုမှ ကျနော်တို့ ဒီဘက်က လုပ်လို့ ရမှာ လေ။ ဒီခြံစည်းရိုးခတ်တဲ့ အခါကျလို့ရှိရင် ဒီလုံခြုံရေးတာဝန်ကို ရဲတပ်ဖွဲ့က သူတို့ တာဝန်ယူထားတယ်။ အဲဒါကြောင့် အစိုးရ ခွင့်ပြုလို့ ကျနော်တို့ ခြံစည်းရိုးခတ်တာပါ။

မေး။     ။ ရဲတပ်ဖွဲက လုံခြုံရေးအင်အား ဘယ်လောက်ပေးထားပါသလဲ။

ဖြေ။     ။ လုံခြုံရေးအင်အားကျတော့ မိုင်းဆိုက်မှာ ရှိတဲ့ ရဲတပ်ဖွဲ့က လူဦးရေ ၆၀၀ နီးပါးလောက် ရှိတယ်။

မေး။     ။ ဝမ်ပေါင်ကုမ္ပဏီဘက်က ဝန်ထမ်းတွေကလည်း ခြံစည်းရိုးသွားခတ်တဲ့အခါမှာ ဒိုင်းတွေ၊ တုတ်တွေ၊ ခဲတွေ ပါသွားတယ်လို့ သိရတယ်။ ဘာကြောင့် အဲဒီလို ကိုင်သွားတာလဲ။ ဒီလို လက်နက်တွေ ကိုင်သွားဖို့ တရားဝင်ခွင့်ပြုချက် ရှိလား။

ဖြေ။     ။ ဒါက ကျနော်တို့ လုံခြုံရေးအတွက် ကာကွယ်ဖို့အတွက် တချို့က ကိုင်ထားတာရှိတယ်။ သူတို့ များသော အား ဖြင့်က ခြံစည်းရိုးခတ်တဲ့အခါ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း ကျနော်တို့ သုံးရမှာလေ။ ခြံစည်းရိုးခတ်လို့ ရှိရင် ပလာယာ တို့၊ တူတို့ ဆိုတာ ခြံစည်းရိုးခတ်တဲ့အခါ လုပ်လို့လွယ်အောင် ကိုင်ထားတာ ရှိတယ်။ ဒါပေမယ့် ဒီက ဒေသခံတို့ကို ရိုက် တာတို့ ၊ဘာ တို့ တော့ လုံးဝမရှိဘူး။ အဲဒီလိုတော့ မရှိဘူး။ သူတို့က ဒီဘက်ကို ကာကွယ်လို့ ရအောင် ယူနီဖောင်းတို့ ဦးထုပ်တို့ တခြား လိုအပ် တာတွေ ကိုင်ထားတာရှိတယ်။ ဒါပေမယ့် အခု ပဋိပက္ခဖြစ်တာက လုံခြုံရေး ဝန်ထမ်း(ရဲတပ်ဖွဲ့) တွေနဲ့ ရွာသား တွေနဲ့ ဖြစ်တာပါ။ ကျနော်တို့ ဝန်ထမ်းတွေ မပါပါဘူး။

မေး။     ။ နောက်ပြီး အခု ခြံစည်းရိုးခတ်တဲ့ မြေနေရာတွေက လျော်ကြေးမယူထားရသေးတဲ့ မြေနေရာလို့လည်း သိရတယ်။ ဘာကြောင့် လျော်ကြေးမယူရသေးတဲ့ မြေနေရာကို ညှိနှိုင်းမှု မလုပ်ဘဲ ခြံစည်းရိုးဝင်ခတ်တာပါလဲ။

ဖြေ။     ။ ညှိနှိုင်းမှု မယူဘဲ သူတို့ သွားခတ်တာ အဲဒီလို မဟုတ်ပါဘူး။အကုန်လုံးကို သွားပြီးတော့ ညှိနှိုင်းချင်တယ်။ ညှိတဲ့အခါကျလို့ရှိရင် များသောအားဖြင့်က အများစုက လက်ခံတယ်။ ကျနော်တို့ရဲ့ မှတ်တမ်းအရဆိုရင် သီးနှံ မြေယာ လျော်ကြေးယူထားတဲ့သူက ၆၆ ရာခိုင်နှုန်းရှိတယ်။ နောက်ဆုံး ၇လ ပိုင်းမှာ ထုတ်ထားတဲ့ စာရင်းတွေအရ အလုပ် ထောက်ပံ့ငွေ လည်း မြေယာဆုံးရှုံးသူတွေထဲက ၇၁ ရာခိုင်နှုန်း သူတို့က လက်ခံထားတာ ရှိတယ်။ အများစု က သူတို့က လက်ခံတယ်။ သဘောတူတယ်။ သို့သော် အဲဒီထဲမှာ ကျန်တဲ့ဟာက နည်းနည်း ပါးပါး ပေါ့နော်။ ၃၀ ရာခိုင်နှုန်းလောက်က လက်မခံဘူးကန့်ကွက်တယ်ဆိုတာတော့ ရှိသေးတယ်ပေါ့နော်။ အဲဒါက ကျနော်တို့က မညှိနှိုင်းဘဲနဲ့ လုပ်တာမဟုတ်ဘူး။ သွားညှိနှိုင်းတယ်။ ဒါပေမယ့် တချို့က တွေ့ခွင့်မပေးဘူး။ သူတို့ရွာကိုလည်း ဝင်ခွင့်မပေးဘူး။ ဝင်လို့ ရှိရင် ခဲနဲ့ တုတ်နဲ့ ကျနော်တို့ကို ရိုက်မယ် ဘာညာပြောတယ်။ သူတို့က ခြိမ်းခြောက်စကားတောင် ပြောသေးတယ်။ သူတို့က ဝမ်ပေါင်က ဝန်ထမ်းတွေ ဝင်လာလို့ ရှိရင် သတ်ပစ်လိုက်မယ်တဲ့။ အဲဒီလောက်ထိ သူတို့က ခြိမ်းခြောက်တယ်။

မေး။     ။ ဒါဆို ဝမ်ပေါင်ဘက်က ညှိနှိုင်းခွင့်မရခဲ့ဘဲ ခြံစည်းရိုးဝင်ခတ်ခဲ့တာပေါ့။

ဖြေ။     ။ မဟုတ်ဘူး။ ကျနော်တို့က သူတို့နဲ့ ညှိချင်တယ်။ ဒါပေမယ့် ညှိနှိုင်းလို့မရလို့။ သူတို့က ညှိနှိုင်းမှုကို ခွင့်မပေးခဲ့ဘူး ပေါ့နော်။ နောက်တချက်က အများစုက သဘောတူပြီးသား။

မေး။     ။ ဒါပေမယ့် အနည်းစုကလည်း သဘောမတူသေးဘူးဆိုတော့လေ။

ဖြေ။     ။ ကျနော်တို့က ဒီမြေယာတွေဆိုတာက အစိုးရဆီက ပြန်ပြီးတော့ ငှားသုံးတာ။ မြေဧရိယာက ၂၀၀၁ ခုနှစ်မှာ အစိုးရက သိမ်းထားပြီးသား။ အစိုးရက အနီးအနားက မြေယာလျော်ကြေးလည်း ပေးထားပြီးသား။ ကျနော်တို့ဝင်လာတဲ့
အခါကျတော့ ၂၀၁၁ ခုနှစ်က ကျနော်တို့ ပထမအကြိမ် မြေယာထောက်ပံ့ကြေးလည်း ပေးထားတယ်။ အဲဒီတုန်းက ရာနှုန်းပြည့်ဒေသခံတွေ လာထုတ်ကြတယ်။ အကုန်လုံး လက်မှတ်ထိုးကြတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ အပြင်က
နိုင်ငံရေးအဖွဲ့အစည်းတွေလာပြီးတော့ တွေ့ဆုံပြီး စည်းရုံးတယ်။ သွေးထိုးထားတယ်။ အဲဒီလိုမျိုးတွေ ရှိခဲ့တော့လေ နောက်ပိုင်းမှာ ဒီကန့်ကွက်တဲ့သူတွေ ပေါ်ပေါ်လာတာ။ အခု လာထုတ်ထားတဲ့ သီးနှံမြေယာလျော်ကြေး ၆၆ ရာခိုင်နှုန်းပဲ ရှိတာကလည်း အပြင်က သွေးထိုးထားလို့။

မေး။     ။ မနေ့က ပစ်ခတ်မှု၊ နှိမ်နင်းမှု တွေနဲ့ ပတ်သက်ပြီး ဝမ်ပေါင်ဘက်က ဘယ်လို တာဝန်ယူမလဲ သိချင်ပါတယ်။

ဖြေ။     ။ ဒီကိစ္စကို ကျနော်တို့ကလည်း ရှင်းရှင်းလင်းလင်း မသိသေးဘူးပေါ့နော်။ ကျနော်တို့လည်း ဒီလိုဖြစ်တာ စိတ် မကောင်း ဘူးပေါ့နော်။ ကျနော်တို့လည်း အခုလိုဖြစ်တာကို လုံးဝမလိုချင်ပါဘူး။ ကျနော်တို့လိုချင်တဲ့ ပုံစံက တဦးချင်း တွေ့ချင်ပြီးတော့ ဆွေးနွေးချင်တာ။ ဒါကို ဖြေရှင်းချင်တာ။

မေး။     ။ နောက်ဆုံး တခု သိချင်တာက မနေ့က ပစ်ခတ်မှုမှာ ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးပေးတဲ့ ရဲတွေနဲ့ လယ်သမား တွေကြား ဖြစ်ပွားခဲ့တာဆိုတော့ ဝမ်ပေါင်ကုမ္ပဏီရဲ့ လှုံ့ဆော်မှု တွန်းအားပေးမှုတွေ ပါတယ်လို့ ပြောနိုင်မလား။

ဖြေ။     ။ ဝမ်ပေါင်ကတော့ ဒီထဲမှာ မပါဝင် မပတ်သက်ပါဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading