လက်ပံ တောင်းတောင် ကြေးနီထုတ် လုပ်ရေး စီမံကိန်းအတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့က လျော်ကြေးရယူထားခြင်း မရှိသော လယ်ယာမြေများပေါ်တွင် ဝမ်ပေါင် ကုမ္ပဏီက အဓမ္မဝင် ရောက်၍ ခြံစည်း ရိုးခတ်ခဲ့သဖြင့် ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံ တောင်သူ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်းသေဆုံးသွားပြီး ဒေသခံ တောင်သူ အများ အပြားလည်း သေနတ်ဒဏ်ရာ ရရှိသွားခဲ့သည်။
ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်သော သေနတ်ကျည်ဆန်သည် ဒေါ်ခင်ဝင်း၏ ဦးခေါင်းကို ထိမှန်၍ ဦးနှောက်ပွင့် ထွက် သေဆုံး သွား ခြင်းဖြစ်သည့်အတွက် ရဲတပ်ဖွဲ့သည် ဒေသခံများကို ခြောက်လှန့်ရန် ပစ်ခတ်ခြင်း မဟုတ်ဘဲ သေချာချိန်ရွယ် ပစ် ခတ် ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။ အဓိကရုဏ်းများကို ကိုင်တွယ်ရာတွင် ရဲတပ်ဖွဲ့အနေဖြင့် စည်း ၃ စည်း သတ် မှတ် ၍ ပထမအဆင့် သတိပေးခြင်း၊ ဒုတိယစည်းကျော်လာလျှင် ခြောက်လှန့်ပစ်ခတ်ခြင်း၊ တတိယစည်း ကျော်လာ လျှင် ရိုက် နှက် ဖမ်းဆီးခြင်း ဆိုသည့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာဘဲ ဆန္ဒပြသူများကို တိုက်ရိုက် ပစ်ခတ် ခြင်း မှာ ဥပဒေ ချိုးဖောက်ခြင်းပင်ဖြစ်သည်။
ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုသည် လိုသည်ထက် အင်အားပိုမိုသုံးခဲ့ပြီး ရဲများက တင်းမာမှုများဖြစ်ပွား နေ သော လူအုပ်ထဲသို့ သေနတ်ဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း မျက်မြင်ကြုံ တွေ့သူ များ ၏ အဆိုအရ သိရှိရသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် သပိတ်စခန်းများ အကြမ်းဖက် ဖြိုခွင်းမှုတွင်လည်း ရဲတပ်ဖွဲ့က လိုသည်ထက် အင်အားပိုမိုသုံးခဲ့ပြီး မီးလောင်ဗုံးများ အသုံးပြု ဖြိုခွင်းခဲ့၍ ဆန္ဒပြ သံဃာ တော်များနှင့် လူအမြောက်အမြား ဒဏ်ရာရရှိခဲ့သည်။
ဥရောပသမဂ္ဂ(EU) က မြန်မာ့ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန်ဒေါ်လာသန်းပေါင်း မြောက်မြားစွာ အကူ အညီ ပေး၍ သင်တန်းများ ပို့ချနေချိန် လက်ပံတောင်းတောင်မှ ရဲတပ်ဖွဲ့၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဒေသခံများ သေဆုံး ထိခိုက် ဒဏ်ရာရရှိမှုသည် EU ၏ မြန်မာ့ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အကူအညီသည် ထိရောက်မှု မရှိသည်ကို သက်သေပြနေသည်။
မကြာခဏဆိုသလို ဖြစ်ပွားနေသော တင်းမာမှုပြသနာ၏ မူလအစသည် ဦးပိုင်ကုမ္ပဏီနှင့် တရုတ် ဝမ်ပေါင်ကုမ္ပဏီ တို့ အနေဖြင့် ဒေသခံများ၏ အကျိုးစီးပွား ထည့်သွင်း စဉ်းစားခြင်းမပြုဘဲ ၎င်းတို့၏ အကျိုး စီးပွားအတွက် အာဏာရှင် ဆန်ဆန်ပြုမူ မြေသိမ်း၊ ယာသိမ်း ပြုလုပ်ခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည့်အတွက် ယင်းပြသနာကို အဖြေရှာရာတွင် ညှိနှိုင်း ဆွေးနွေးခြင်းနှင့် ဒေသခံများ ကျေနပ်သည်အထိ ဆောင်ရွက်ပေးခြင်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်သည်။
အစိုးရအနေဖြင့် “တရုတ်ကို ကြောက်နေရတယ်” ဆိုသော သမ္မတရုံးဝန်ကြီးဦးအောင်မင်း ပြောဆိုသကဲ့သို့ တရုတ်၏ မျက်နှာ တခုတည်းကိုသာ ကြည့်မနေဘဲ မိမိတို့ ပြည်သူလူထု၏ ခံစားချက်နှင့် ဆန္ဒကို အရေးတယူ ဦးစားပေးရန် အထူး လိုအပ်သည်။
လက်ပံတောင်းတောင်တွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီ၏ ခြံစည်းရိုးခတ်မှုကို ဆန့်ကျင်သော ဒေသခံ ဒေါ်ခင်ဝင်းဆိုသည့် တောင်သူ အမျိုးသမီးကြီးတဦး ရဲတပ်ဖွဲ့၏ ဥပဒေမဲ့ ပစ်ခတ်မှု အောက်တွင် အသက်ပျောက်သွား ရခြင်း အတွက် အစိုးရ အနေဖြင့် အမြန်ဆုံး အရေးယူ စုံစမ်းဖော်ထုတ်ရန် လိုအပ်ပါသည်။ ထိုသို့ အရေးယူ ဆောင်ရွက်ခြင်းဖြင့် လူ့အခွင့် အရေး နှင့် နိုင်ငံတကာ စံနှုန်းများကို လေးစား လိုက်နာသော အစိုးရအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည့်အပြင် တကျော့ပြန် လက်ပံ တောင်း တောင် အကြမ်းဖက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော မတည်ငြိမ်မှုများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။