မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာဈေး (ကျောက်ဝိုင်း) မပြောင်းရွှေ့ရေး အတွက် ကျောက် အရောင်းအဝယ် ပြုလုပ် သူနှင့် ပြည်သူ သောင်းချီ၍ ယနေ့ ဆန္ဒပြ တောင်းဆိုကြကြောင်း သတင်း ရရှိသည်။
ဆန္ဒပြ တောင်းဆိုရခြင်းမှာ မန္တလေးမြို့ မြို့တော်ဝန် ဦးအောင်မောင်းက ဒီဇင်ဘာလအတွင်း မန္တလေး ကျောက်ဝိုင်း ပြောင်းရွှေ့ရန် အတွက် မည်သူ့ သဘောတူညီချက်မျှ တောင်းခံစရာ မလိုကြောင်း၊ မိမိ သဘောအတိုင်း ပြောင်းရွှေ့နိုင်ကြောင်း စသည်ဖြင့် ပုဂ္ဂလိ က နေ့စဉ်ထုတ် သတင်းဂျာနယ် တချို့ကို ပြောဆိုမှုအပေါ် မကျေနပ်သဖြင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ကျောက်ဝိုင်း မပြောင်းရွှေ့ရေး ကော်မတီမှ ပြန်ကြားရေး တာဝန်ခံ ဦးနိုင်လင်းအောင်က ဧရာဝတီသို့ ပြောသည်။
“ဒီနေ့ ဆန္ဒဖော်ထုတ်တာ လူတသိန်းနီးပါးလောက် ရှိသွားတယ်။ ကျောက်ဝိုင်းမှာ လုပ်တဲ့သူတွေရော ဘေးပတ်ဝန်းကျင်ကပါ ပါလာ တယ်။ ကျနော်တို့ ကျောက်ဝိုင်း မပြောင်းရွှေ့ဖို့ တိုင်းဒေသကြီးအစိုးရဆီကို စာသုံးကြိမ် တင်ပြီးသွားပြီ။ လက်ရှိ ကျောက်ဝိုင်းကို ကျနော်တို့ အကုန်ကျခံပြီး အဆင့်မြှင့်သွားမယ်ဆိုတာလည်း တင်ပြပြီးသားပါ”ဟုလည်း ဦးနိုင်လင်းအောင်က ပြောဆိုသည်။
ဆန္ဒပြပွဲကို ယနေ့ နံနက် ၉ နာရီခန့်မှ စတင်ပြုလုပ်ခဲ့ပြီး ကျောက်ဝိုင်းတည်ရှိသည့် ၈၈ လမ်းမှ ၈၄ လမ်းအထိ လမ်းလျှောက် ဆန္ဒပြ ခဲ့ကြောင်း၊ ဟောပြောပွဲတွင် ကျောက်ဝိုင်း မပြောင်းရွှေ့ရရေးအတွက် ကျောက်ဝိုင်း မပြောင်းရွှေ့ရရေး ကော်မတီဝင် ၈ ဦးက ဦးဆောင် ဟောပြောခဲ့ကြကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ကိုကျော်ဇောအောင်ကလည်း ပြောပြသည်။
မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲဝန်ထမ်းက“ကျနော်တို့က ဒီဇင်ဘာ ၂၁ရက်နေ့မှာ လူဦးရေ ၄သောင်း နဲ့ ဆန္ဒ ဖော် ထုတ်ဖို့ ခွင့်ပြုခဲ့ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မန္တလေးတိုင်း ဒေသကြီး အစိုးရက ပုဂ္ဂလိက ကုမ္ပဏီတခု ဖြစ်သည့် အေးအေးခိုင် ကုမ္ပဏီနှင့် ပူးပေါင်း၍ မန္တလေးမြို့ တောင်ဘက် အမရပူရမြို့နယ် ဆင်ရွာနှင့် မြင်းမူကျေးရွာအနီး မြေ ၆ ဧကပေါ်တွင် ကျောက်စိမ်း ဈေးသစ်ကြီးကို၂၀၁၅ ခုနစ် ဖေဖော်ဝါရီ အတွင်း ဖွင့်လှစ်နိုင်ရန် တည်ဆောက်လျက် ရှိကြောင်း မန္တလေးမြို့ခံများက ပြောသည်။
မန္တလေး မြို့ခံ တဦးလည်း ဖြစ်သူ ကိုကျော်ဇောအောင်က“ဈေးသစ်ကြီးက မန္တလေးမြို့နဲ့ အရမ်းဝေးတယ်။ ကျောက်သမားတွေ အတွက် လုံခြုံရေးကလည်း စိတ်မချရဘူး။ ကျောက်သမားတိုင်းက ကျောက်ဝိုင်းသွားရင် ကျောက်မျိုးစုံ ပါသွားမှာဆိုတော့ လမ်း တွေ မှာ လုယက်မှုတွေ ဖြစ်နိုင်တယ်။ ပြီးတော့ အခြေခံ ကျောက်သမားတွေအတွက် သွားလာဖို့ စရိတ် ပိုကုန်မယ် အဆင်မပြေနိုင် ဘူး”ဟု ပြောသည်။
မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာက မန္တလေး ကျောက်ဝိုင်း မပြောင်းရွှေ့ရရေး အဆိုကို မန္တလေး တိုင်း လွှတ်တော်တွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်က တင်ပြခဲ့သော်လည်း လွှတ်တော်က ပယ်ချခဲ့ကြောင်း ကျောက်ဝိုင်း မပြောင်းရွှေ့ရေး ကော်မတီက ပြောဆိုသည်။
၂၀၀၀ ပြည့်နှစ် ဝန်ကျင်းက စတင်၍ မဟာအောင်မြေတွင် တည်ထောင်ခဲ့သော မန္တလေး ကျောက်ဝိုင်း မပြောင်းရွှေ့ရေးနှင့် ပတ် သက် ပြီး ပြဿနာ မျိုးစုံ ဖြစ်ပွားနေသော်လည်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက ယင်းကျောက်မျက်ဝိုင်း ဖျက် သိမ်း ပေးရန် တရားဝင် ညွှန်ကြားခြင်းမျိုး မရှိသေးပေ။