စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လျော်ကြေး ရယူထား ခြင်းမရှိသော လယ်ယာမြေများပေါ်တွင် ဝမ်ပေါင်ကုမ္ပဏီဘက်က ခြံစည်းရိုးကာမှုများ ယနေ့တွင်လည်း ဆက်လက် ပြုလုပ်ရာ ဒေသခံပြည်သူများကလည်း ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တောင်သူ ၂ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရှိရသည်။
ယနေ့ နံနက်ပိုင်းတွင် လိပ်ခွံတောင်ခြေမှ ဆားလင်းကြီး ညောင်ပင်ကြီးလမ်းအထိ လမ်းတလျှောက်ကို ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး ခတ် သွားပြီး ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးယူပေးခဲ့ကြောင်း ဇီးတောကျေးရွာမှ ဆရာတော် ဦးအာလောကက မိန့်ကြားသည်။
“ဘယ်လိုမှ ကာကွယ်လို့ မရတော့တဲ့အတွက် ရွာသူ၊ ရွာသားတွေကတော့ ဝမ်းနည်းပက်လက် ငိုတဲ့သူက ငို၊ ပြောတဲ့ သူက ပြောပေါ့ဗျာ။ အခုကတော့ ဒီနားတဝိုက်ကို ခြံစည်းရိုးက ခတ်ပြီးသွားပြီပေါ့ဗျာ။ မနက်က ခြံစည်းရိုးဝင်ခတ် တုန်း ကတော့ လုံထိန်းအင်အားကို ခန့်မှန်းလို့ မရဘူး။ သူတို့က သွားတဲ့နေရာတလျှောက်ကို လှေကားထစ်လို ရှေ့က တက် သွားလိုက်၊ နောက်ကတက်လာလိုက်ဆိုတော့ ခန့်မှန်းရခက်တယ်။ ဒါကြောင့် ရွာသူရွာသားတွေဘက်က ဘာမှ တိုးလို့ မရဘူးဖြစ်နေတာ” ဟု မိန့်ဆိုသည်။
လက်ရှိ လက်ပံတောင်းတွင်ဖြစ်ပွားနေသော တင်းမာမှုများ ဖြေရှင်းနိုင်ရေး အတွက် သက်ဆိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆွေးနွေးရန် ကြိုးပမ်းနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။
“မနေ့ကဖြစ်သွားတဲ့ လူသေဆုံးမှုနဲ့ ပတ်သက်ပြီး ဘယ်သူတာဝန်ယူမှာလဲ၊ တာဝန်ခံမှာလည်း ဆိုတဲ့ ကိစ္စမျိုးတွေ၊ ဘယ်သူ က ဒီလိုမျိုး ပစ်မိန့်ပေးလို့ လူသေဆုံးမှု ဖြစ်ရလဲ ဆိုတာမျိုးကိစ္စတွေနဲ့ ရှေ့ဆက်သွားမယ့် အစီအစဉ်တွေကို ကျမတို့ မနက်ဖြန်တွေ့ပြီး ပြောဖို့ အစီအစဉ်ရှိပါတယ်။ အစိုးရဘက်ကတော့ အကြောင်းမပြန်သေးဘူး။ ကျမတို့က ဒီနေ့မှ စာပို့ ထား တယ်ဆိုတော့ မနက်ဖြန် ကျမတို့ တွေ့ဖို့ တောင်းထားပြီးပြီ” ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။
လတ်တလော ဖြစ်ပွားနေသော လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ တင်းမာမှုများသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သော လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို အစိုးရက လိုက်နာ ဆောင်ရွက်ခြင်း မရှိမှုကြောင့် ဖြစ်ကြောင်း ဒေါ်ခင်စန်းလှိုင်က ပြောဆိုသည်။
“ ဒီကနေ့ ဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာဆောင်ရွက်မှု အားနည်းလို့ပဲ။ နောက်တခုက အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေတဲ့ ကော်မတီက ဆောင်ရွက်မှုတွေလည်း ပြည်သူ လူထုနဲ့ တသားတည်းကျပြီး ပြည်သူလူထုကို ကျေနပ်အောင် ဆောင်ရွက်မပေးနိုင်လို့ပဲ။ ဒီကနေ့ အခြေအနေဟာ ဒီလောက် အထိအောင် ဆိုးလာပြီးတော့ နောက်ဆုံးလူသေတဲ့အထိ ရောက်လာတာပဲ ဖြစ်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ထောက်ပြပြောဆိုသည်။
လက်ပံတောင်း ပဋိပက္ခတွင် ထိခိုက်ဒဏ်ရာရရှိသူများကို သွားရောက်ကူညီရန် ရန်ကုန်မြို့မှ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မနီလာသိန်းနှင့်အဖွဲ့ဝင်များ၊ မန္တလေးအခြေစိုက် သံဃာတော်များကို ဒေသခံ အာဏာပိုင် များက အခင်းဖြစ်ပွားရာ နေရာများသို့ သွားရောက်ခွင့်မပေးဘဲ တားမြစ်မှုများ ရှိကြောင်း စုံစမ်းသိရှိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ပံတောင်းတွင် ရဲတပ်ဖွဲ့၏ အကြမ်းဖက်ပစ်ခတ်မှုသည် ဥပဒေနှင့် မညီညွှတ် ကြောင်း၊ ပစ်ခတ်မှုကြောင့် လူသေဆုံးမှုနှင့်ပတ်သက်၍ စိုးရိမ်မိပြီး အမြန်ဆုံး စုံစမ်းဖော်ထုတ် အရေးယူရန် လိုအပ်ကြောင်း ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း မိုးကြိုးပြင်ရွာနှင့် ဆည်တည်းကျေးရွာ အနီးရှိ လျော်ကြေးရယူထားခြင်းမရှိသည့် လယ်ယာ မြေနေရာများကို ဝမ်ပေါင်ကုမ္ပဏီဘက်က ခြံစည်းရိုးဝင်ခတ်ခဲ့ရာ လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး တောင်သူ ဒေါ်ခင်ဝင်း သေဆုံး၍ လူ ၄၀ နီးပါးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ မုံရွာဆေးရုံတွင် ဒဏ်ရာရရှိသူ ၉ ဦး ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။