သမ္မတကို အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာသံတော်ဆင့် ဂျာနယ်၏ ဒုတိယမြောက် ရုံးချိန်း ဖြစ်သော ယနေ့ တွင် တရားလို ပြန်ကြားရေး ဝန်ကြီးဌာနကို စတင်စစ်ဆေးကြောင်း သတင်း ရရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ တရားလိုပြ သက်သေတဦး ဖြစ်သူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်ကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးက စတင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က ထုတ်ဝေသော မြန်မာ သံတော်ဆင့် ဂျာနယ်တွင် အံ့ခေါင်မင်း၏ နိုင်ငံရေး တွေ့ဆုံ မေးမြန်းခြင်း ကဏ္ဍတွင် သမ္မတ ဦးသိန်းစိန်အား ဂုဏ်သိက္ခာ ထိခိုက်စေပြီး အကြည်ညို ပျက်စေသည့် အသုံးအနှုန်းများ ရေးသားဖော်ပြခဲ့ သဖြင့် သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း မြန်မာ သံတော်ဆင့် ရှေ့နေ ဦးဇော်လင်းက ဧရာဝတီသို့ ပြောသည်။
ဦးဇော်လင်းက“ဘာကြောင့် တရားစွဲလဲဆိုတော့ သမ္မတကို အကြည်ညိုပျက်စေတဲ့ အရေးအသားအပေါ် နိုင်ငံပိုင် သတင်းစာနဲ့ ရေး လိုက်တဲ့ ဂျာနယ်မှာ ၂ ရက်တိတိ တောင်းပန်စာ ထည့်ခိုင်းတာ ညှိနှိုင်းမရလို့ ဆိုပြီး ပြောတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်း ပုဒ်မ ၂၅ (ခ) အရ အနိမ့်ဆုံး ပြစ်ဒဏ် အဖြစ် ငွေကျပ် ၃ သိန်းမှ အများဆုံး ပြစ်ဒဏ် ငွေကျပ် ၁၀ သိန်းအထိ ချမှတ်နိုင်သည် ဟု သတင်းမီဒီယာ ဥပဒေတွင် ဖော်ပြထားသည်။
“သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၉(ဆ) အရ ဆွဲတာပါ ။ သမ္မတကို အကြည်ညိုပျက်စေတာပေါ့ ။ ဒါပေမယ့် တရားရုံး ကတော့ ပုဒ်မ ၂၅ (ခ) ဆိုပြီး ထုတ်ပြန်တာ စာရွက်ထဲမှာ တွေ့တယ်။ ပုဒ်မ ၂ ခုက ချိတ်ဆက်ထားတဲ့ သဘောပဲ”ဟု မြန်မာ သံတော်ဆင့် ဂျာနယ် ဒု အယ်ဒီတာချုပ် ဦးဆန်းဝင်းထွန်းက ပြောသည်။
သတင်းမီဒီယာ သမားများ လိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များ အခန်းတွင် ပါဝင်သည့် ပုဒ်မ ၉ (ဆ) မှာ အများ ပြည်သူ၏ အကျိုးစီးပွားနှင့် ဆက်ဆိုင်သည့် သတင်း မဟုတ်လျှင် ပုဂ္ဂိုလ်တဦး ၊ အဖွဲ့အစည်းတခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် ဖော်ပြခြင်းမှ ရှောင်ကြဉ်ရမည်ဟု ဖော်ပြထားသည်။
ယခု အမှုကိစ္စနှင့် ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာနမှ တရားလိုပြ သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သူ ဦးရဲတင့်ကို ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
သံတော်ဆင့် ဂျာနယ်၏ တတိယအကြိမ်ရုံးချိန်းကို လာမည့် ဇန်နဝါရီ ၆ ရက်နေ့ ပြုလုပ်မည်ဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာန ဘက်မှ တရားလိုပြသက်သေ ၄ ဦးကို စစ်ဆေးရန် ချိန်းဆိုလိုက်ကြောင်း သိရသည်။
ပြန်ကြားရေး ဝန်ကြီးဌာနက တရားလိုပြ သက်သေ ၇ ဦးတွင် စာနယ်ဇင်း ကောင်စီ အဖွဲ့ဝင်များ ဖြစ်သည့် ဦးဖေမြင့်နှင့် ဦးကျော်မင်းဆွေတို့ကို ထည့်သွင်းထားသော်လည်း နောက်ပိုင်းတွင် စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။
သြဂုတ် ၉ ရက်နေ့က ထုတ်ဝေခဲ့သည့် မြန်မာသံတော်ဆင့် ဂျာနယ်တွင် အံ့ခေါင်မင်း၏ ဗေဒါ နိုင်ငံရေး သိပ္ပံကျောင်းအုပ် ဦးမျိုးရန်နောင်သိန်းနှင့် တွေ့ဆုံမေးမြန်းချက် ကဏ္ဍတွင် နိုင်ငံတော် သမ္မတ၏ ဂုဏ်သိက္ခာကို ထိခိုက်စေ၍ အကြည်ညိုပျက်စေသည့် အသုံးအနှုန်းများ ပါဝင်ခဲ့သည်ဟု ဆိုပြီး ပြန်ကြားရေး ဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက သတင်း မီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် မြန်မာသံတော်ဆင့် ဂျာနယ်၏ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ်မှ ဖြန့်ချိရေးအထိ ၁၁ ဦးကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ကြားဝင်ညှိနှိုင်းပေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ထို့အပြင် ယနေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ(၃)၊ အမှတ် (၄၁) စာစောင်ပါ ကိုကိုလွင် (ဝိုင်းမော်) ရေးသားသည့် “ နိုင်ငံပိုင် သတင်းစာ ဖော်ပြချက်များသည် သတင်းရေးသားသူမှ စကာ ပြည်ထောင်စု ဝန်ကြီး အထိ တာဝန်ရှိ ” သတင်းသည် သတင်း အချက်အလက်များ မှန်ကန်မှု ရှိ၊မရှိ ဆန်းစစ်ခြင်း မရှိဘဲ ရေးသားဖော်ပြခဲ့ခြင်း ဖြစ် သည့်အတွက် ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) သို့ တင်ပြဆောင်ရွက်မည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းက သတင်း ထုတ်ပြန်ထားသည်။