စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် မြေသိမ်းမှုတွင် ရဲတပ်ဖွဲ့၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဒေသခံများ သေဆုံး ဒဏ်ရာရရှိများအပေါ် ဆန့်ကျင်ကန့်ကွက်သော ဆန္ဒပြပွဲများ ရန်ကုန်မြို့တွင် ယနေ့ ဖြစ်ပွားကြောင်း သိရှိရသည်။
ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပါအဝင် မြန်မာနိုင်ငံအတွင်း ရင်းနှီး မြှုပ်နှံ လုပ်ကိုင်နေသော တရုတ်နိုင်ငံများ ထွက်ခွာသွားရန် ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ အဖွဲ့ဝင် တချို့ ယနေ့ ညနေတွင် ဆန္ဒပြ ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ကိုဘထူးက “ အာဏာရှင် စစ်အစိုးရနဲ့ ပူးပေါင်းပြီး လုပ်ကိုင်နေတဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင်များကို မုန်းတယ် ”ဆိုသည့် စာတန်းပါ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး တရုတ်နိုင်ငံသားများ အလိုမရှိဟု ကြွေးကြော်ကြောင်း သိရှိရသည်။
“လက်ပံတောင်းတောင်မှာ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အစိုးရအာဏာပိုင်တွေ ပူးပေါင်းပြီး ဒေသခံတွေကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာတွေကို မကျေနပ်လို့ ကျနော် ဆန္ဒဖော်ထုတ်တာပါ” ဟု ကိုဘထူးက ဆိုသည်။
ဆန္ဒပြပွဲအတွင်း ကိုဘထူးက တရုတ်နိုင်ငံသားများ ကျဆုံးသွားပြီဆိုသည့် ရည်ရွယ်ချက်ဖြင့် တရုတ်နာရေးများတွင် အသုံးပြုသည့် ငွေရောင်စက္ကူများကို မီးရှို့၊ သရုပ်ပြသည့် ဆန္ဒပြမှုကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ ညပိုင်း ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ကျောင်းသားခေါင်းဆောင်
ကျော်ကိုကို ဦးဆောင်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အပါအဝင် ကျောင်းသားသမဂ္ဂများ ပူးပေါင်း၍ တကျော့ပြန် လက်ပံတောင်း အကြမ်းဖက်မှုကို ဆန့်ကျင်ကန့်ကွက်သော ဆန္ဒဖော်မှု တခု ပြုလုပ်ကြောင်း သိရှိရသည်။
လက်ပံတောင်းတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဝမ်ပေါင်ကုမ္ပဏီ၏ အဓမ္မ မြေသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ပွား စဉ် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှု ကြောင့် ဒေသခံ တောင်သူ ဒေါ်ခင်ဝင်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။