ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန် မြေနေရာများ ပြန်လည် ရရှိရေးအတွက် မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြသူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယမန်နေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၄ ခု ဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း သတင်း ရရှိသည်။
မြန်မာနိုင်ငံတွင် အရှည်ကြာဆုံး သပိတ်စခန်းတခု ဖြစ်သည့် မိကျောင်းကန် သပိတ်စခန်းအား ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၃ရက် နံနက် ၅ နာရီ်ခွဲ အချိန်တွင် ရဲတပ်ဖွဲ့အင်အား ၃၀ ခန့်က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ၂ မှု ၊ ပြည်သူပိုင် လမ်းပိတ်ဆို့မူ ဥပဒေ ပုဒ်မ ၁၄၃ ၊ ရန်ကုန် မြို့တော် ခန်းမ ပိတ်ဆို့မှု ဥပဒေ ပုဒ်မ ၁၃၄ တို့ဖြင့် ကျောက်တံတား မြို့နယ် တရားရုံးတွင် ယနေ့ ရုံးတင် စစ်ဆေးခဲ့ပြီး ဆန္ဒပြသူ ၁၄ ဦး ကို ခံဝန်ဖြင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒပြသူတဦး ဖြစ်သည့် ဒေါ်ခင်ခင်ဝင်းက ဧရာဝတီသို့ ပြောသည်။
ဒေါ်ခင်ခင်ဝင်းက“အခုက ခံဝန်နဲ့ ကျမတို့ ၁၄ ဦးလုံးကို အာမခံနဲ့ ပြန်လွှတ်ပေးတယ်။ တရားစွဲတာက ကျောက်တံတား မြို့နယ်မှာ ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်ပြီး ဆန္ဒပြတာ ပုဒ်မ ၁၈ တခု၊ နောက်တခုက စည်ပင်ရုံးရှေ့ခွင့်ပြုချက် မရဘဲ ဆန္ဒပြတာက ပုဒ်မ ၁၈ က တမူ ၊ စုစုပေါင်း ပုဒ်မ ၁၈ က နှစ်ခုပါ။ နောက်ပုဒ်မ ၂ ခုက ၁၄၃ နဲ့ ၁၃၄ ပါ။ ကျမတို့လည်း သူတို့ဆွဲတဲ့ ဥပဒေတွေကို နားမလည်ပါဘူး”ဟု ပြောဆိုသည်။
လက်ရှိတွင် အရေးယူခံထားရသည့် ဆန္ဒပြသူ ၁၄ ဦးကို ခံဝန်ဖြင့် အာမခံပေးထားပြီး ဇန်နဝါရီ ၆ ရက်တွင် ဒုတိယအကြိမ် တရား ရင်ဆိုင်ရန် ကျောက်တံတားမြို့နယ် တရားရုံးက ချိန်းဆိုထားကြောင်း သိရသည်။
မြို့တော် ခန်းမရှေ့ ဝင်ပေါက်တွင် ပိတ်ဆို့ ဆန္ဒပြသူ ၅ ဦးကို ဒီဇင်ဘာလ ၂၂ ရက်က တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အရာရှိများက ခေါ်ယူတွေ့ဆုံခဲ့ပြီး သက်ဆိုင်ရာ ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်ထားသော်လည်း ဖမ်းဆီးမှုများ ပြုလုပ်သွားမည် မဟုတ်ဟု ပြော ဆိုခဲ့သော်လည်း နောက်တရက် ဒီဇင်ဘာ ၂၃ ရက်တွင် ဆန္ဒပြသူ အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသား ၃ ဦးတို့ကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဆန္ဒပြသူများက ပြောသည်။
“မနေ့က အဘွားတို့ကို ခေါ်တွေ့တော့ သူတို့က ဥပဒေတွေနဲ့ အရေးယူထားတယ် ပြောတယ်။ အချိန်မတော် ဖမ်းဆီးမှုတွေ မလုပ် ဘူးလို့ ပြောတယ်။ ဒါပေမယ့် မနက်ပိုင်း ကျတော့ ကားတွေနဲ့လာပြီး ဖမ်းသွားတယ်။ အဘွားကိုတော့ မမိ လိုက်ဘူး”ဟု တိုင်းဒေသကြီး ရဲအရာရှိများနှင့် တွေ့ဆုံခဲ့ရာတွင် ပါဝင်ခဲ့သူ ဒေါ်စောသိန်းက ဧရာဝတီသို့ ပြောသည်။
ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်လှကမူ ဥပဒေနှင့် အညီ အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
ရဲမှူး တင်လှက“ကျနော်တို့က ဥပဒေကြောင်းအရ အရေးယူတာပါ။ မနက် အစောကြီးဖမ်းတာကလည်း ကျနော်တို့က အချိန်နဲ့ တပြေးညီ တရားရုံးတင်ပို့မှုတွေ ဆောင်ရွက်ရတာတွေ ရှိတယ်။ ဒါကြောင့် ဥပဒေကြောင်း အရ ဆောင်ရွက်တာပါ”ဟု ပြောဆိုသည်။
မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မြေနေရာများ ပြန်လည်ရရှိရေးအတွက် မဟာဗန္ဓုလ ပန်းခြံဘေးတွင် သပိတ်စခန်း ဖွင့်လှစ်၍ ဆန္ဒပြ တောင်းဆိုမှုမှာ ရက်ပေါင်း ၂၇၄ ရက် ရှိပြီဖြစ်သော်လည်း သက်ဆိုင်ရာ အစိုးရအဖွဲ့မှ လာရောက် ညှိနှိုင်းမှု မရှိသဖြင့် ဒီဇင်ဘာ ၁၂ ရက်က မြို့တော်ခန်းမရှေ့တွင် ပြောင်းရွှေ့ ဆန္ဒပြခဲ့သောကြောင့် ယခုကဲ့သို့ အမှုဖွင့် အရေးယူ ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ဆို သည်။
ကာကွယ်ရေးဝန်ကြီးဌာနက ၁၉၉၁ ခုနှစ်က သိမ်းဆည်းခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန် (၁) ရပ်ကွက်၊ (၂) ရပ်ကွက်နှင့် (၃)ရပ်ကွက်ရှိ မြေနေရာများကို တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ကြောင်း၊ ထိုမြေနေရာများသည် ဂရန်ပေါက်မြေများ မဟုတ် သည့်အတွက် ယင်းနေရာတွင် နေထိုင်ခဲ့သူများ အားလုံးကို တပတ်အတွင်း အပြီးသတ် ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း၊ ငွေကြေးတတ်နိုင် သူများကို မြေကွက် တကွက်လျှင် ၄၈၀၀ ကျပ်(၁၉၉၃ ခုနှစ် ငွေကြေး ပေါက်ဈေး) ဖြင့် ဒဂုံမြို့သစ် မြို့နယ်များတွင် ပြန်လည်ရောင်း ချပေးခဲ့ကြောင်း၊ ငွေကြေး မတတ်နိုင်သူများကို ပဲခူးရိုးမ အစပ်ရှိ မြေနေရာများနှင့် လှိုင်သာယာမြို့နယ်ရှိ မြေနေရာများတွင် နေရာချပေးခဲ့ကြောင်း သိရသည်။