Ethnic Issues

တနိုင်ငံလုံး အပစ်ရပ် စာချုပ်အတွက် ထပ်မံညှိနှိုင်းရန် အချက် ၃ ချက်သာ ကျန်ရှိဟု ဆို

This article has been converted from Zawgyi One to Unicode

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ရန် ထပ်မံညှိနှိုင်းရမည့် အချက် ၃ ချက်သာ ကျန်တော့ကြောင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက ပြောဆိုသည်။

ရန်ကုန်မြို့ရှိ  မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) တွင် ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်အတွင်း ကျင်းပသည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ၇ကြိမ်မြောက် ဆွေးနွေးရန်အတွက် အလုပ်အဖွဲ့၏ အကြိုညှိနှိုင်းပွဲ အပြီးတွင် ဧရာဝတီ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)မှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက“ပိတ်ဆို့ ရပ်တန့်တာ တွေ မရှိတော့ဘူး၊ အချက်အားလုံး ဆွေးနွေးပြီး သလောက်ပဲ၊ ၃ ချက်ပဲ ကျန်ပါတယ်၊ အလုပ်အဖွဲ့ နှစ်ဖွဲ့က သဘော ထား တူညီ နေပြီ၊ နှစ်ဘက် ခေါင်းဆောင်တွေကို ပြန်တင်ပြီး အတည်ပြုပြီးရင် ပြီးပါပြီ”ဟု ပြောသည်။

အပစ်ရပ်မူကြမ်းမှာ ၆ ကြိမ်မြောက် ဆွေးနွေးညှိနှိုင်းထားပြီး ဖြစ်၍ ၄ ကြိမ် အချောသတ်ပြီး ဖြစ်ကြောင်း၊ အခန်း ၇ ခန်း ပါရှိပြီး  အချက် အလက်အားဖြင့် ၁၁၂ ချက်ပါရှိကြောင်း သိရသည်။

ဆွေးနွေးရန် ကျန်ရှိနေသည့် အချက် ၃ ချက်မှာ ကြားကာလတပ်နေရာ ချထားရေး ဆိုင်ရာနှင့် ဆက်စပ်သည့်အချက်များ ဖြစ်သည် ဟု တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) ၏ ဒုတိယ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းကလည်း ပြော သည်။

မူကြမ်းအပြီးသတ် ထွက်ရှိရန် အဓိက ဆွေးနွေးနေကြသည့် UPWC နှင့် NCCT တို့အကြားတွင် ညှိနှိုင်းရမည့် အချက်မှာ ၃ ချက်သာ ကျန်ရှိတော့သဖြင့် လာမည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ တွင် စာချုပ် ချုပ်ဆို လက်မှတ် ရေးထိုးနိုင်ရန် လည်း NCCT ဘက်က အစိုးရဘက်ကို အဆိုပြုထားသည်ဟု သိရသည်။

ပဒိုကွယ်ထူးဝင်းက“ကျနော်တို့ဘက်က မျှော်လင့်တယ်၊ ဖြစ်လည်းဖြစ်စေချင်တယ်၊ ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးချင်တယ်၊ တိုင်းပြည်အနာဂတ်အတွက် မွန်မြတ် ဂုဏ်ရှိတဲ့နေ့ ဖြစ်လို့ပါ”ဟု ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်တွင် နှစ်ဘက် အလုပ်အဖွဲ့များ ပြန်လည်တွေ့ဆုံမည်ဖြစ်ပြီး အပစ်ရပ် မူကြမ်းကို အပြီးအချောသတ်ဆောင်ရွက်နိုင်ရန် မျှော်လင့်ထားသည်ဟု သိရသည်။

သို့သော် တနိုင်ငံလုံးအပစ်ရပ်ရေးတွင် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း နှင့် အပစ်ရပ်ကာလ၌ လက်နက်ကိုင်တပ် အားလုံး လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများ ချမှတ်နိုင်ရန် တပ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ အကြား ဆွေးနွေးရန် ကျန်ရှိ နေသေးသည်ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

ထိုကျင့်ဝတ်စည်းကမ်း နှစ်ခုမှာ NCCT နှင့် တပ်မတော်အကြား တွေ့ဆုံဆွေးနွေး ရမည်ဖြစ်ပြီး အပစ်ရပ်စာချုပ် အချောသတ်ပြီး နောက်မှ ဆွေးနွေးမည်ဟု သိရ သည်။

NCCT အနေဖြင့် နိုဝင်ဘာ ၁၉ ရက်က လိုင်ဇာသို့ ပစ်ခတ်မှုကဲ့သို့သော ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန်၊ အောက်ခြေတပ်အချင်းချင်း အချင်းပွားမည့် ကိစ္စရပ်များကို ရှောင်ရန် အစိုးရ၊ တပ်မတော် နှင့် ဆက်လက်ညှိနှိုင်းမှုများလည်း ပြုလုပ်သွားမည်ဟု ဆိုသည်။

ယခု ဆွေးနွေးပွဲတွင် အစိုးရဘက်မှ တပ်မတော် ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် NCCT ဘက်မှ ပထမခေါင်းဆောင် နိုင်ဟံသာနှင့် ဒုတိယခေါင်းဆောင် (၂) ဗိုလ်ချုပ် ဂွန်မော် တို့ တက်ရောက်ခဲ့ခြင်း မရှိပါ။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဆွေးနွေးနေသည်မှာ ၃ နှစ်ကြာပြီဖြစ်သော် လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။

Loading