စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီ၏ အဓမ္မမြေသိမ်း ခြံစည်းရိုးခတ်မှုကြောင့် တင်းမာမှုဖြစ်ပွားရင်း ရဲတပ်ဖွဲ့၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒေသခံ တောင်သူလယ်သမား သေဆုံး ဒဏ်ရာရရှိမှုများနှင့်ပတ်သက်၍ တရားဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်အရေးယူပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။
၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် လက်ပံတောင်းတောင် သပိတ်စခန်းများကို အစိုးရက အကြမ်းဖက် ဖြိုခွင်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် တရပ်ကို အစိုးရ ဖွဲ့စည်း၍ ကြေးနီ စီမံကိန်း ဆက်လက် လုပ်ဆောင်သင့်၊ မသင့် အစီရင်ခံစေခဲ့ကြောင်း၊ ကော်မရှင်က အစီရင်ခံစာ ထုတ်ပြန်၍ စီမံကိန်း ဆက်လက်လုပ်ဆောင်ရန် အဆုံးအဖြတ်ပေးခဲ့သော်လည်း အစီရင်ခံစာတွင် ဖော်ပြထားသည့် လိုက်နာ ဆောင် ရမည့် အချက်များကို ဝမ်ပေါင်ကုမ္ပဏီနှင့် သက်ဆိုင်ရာ အာဏာပိုင်များ လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း လက်ပံ တောင်းတောင် စုံစမ်းရေးကော်မရှင်တွင် အဖွဲ့ဝင် အဖြစ် ပါဝင်ခွင့်ရရှိခဲ့သူလည်းဖြစ်၊ NLD ၏ ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါ်ခင်စန်းလှိုင်က ပြောသည်။
“ယခု ဖြစ်ပွားလျက် ရှိသော ပဋိပက္ခများမှာ ကော်မရှင်၏ အကြံပြုချက်များကို ပြည့်ဝစွာ အကောင် အထည် ဖော်ဆောင်မှု မရှိခြင်း ၊ ရုန်းရင်းဆန်ခတ်များကို ဖြေရှင်းရန် နည်းလမ်းများ အတိ အကျ ရှိသော်လည်း လိုက်နာမှု မရှိခြင်းတို့ကြောင့် နိုင်ငံ သား တို့၏ အသက်အန္တရာယ်ကို ထိခိုက်စေသည့် အဖြစ်များ ဖြစ်ပွားရခြင်း ဖြစ်ပါသည် ” ဟု NLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း တိုးချဲ့ရန်အတွက် လျှော်ကြေးရယူထားခြင်းမရှိသော လယ်မြေများကို တရုတ် ဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုး ခတ်ရာမှ ရဲတပ်ဖွဲ့နှင့် ဒေသခံများ အကြား ပဋိပက္ခ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့၏ အကြမ်းဖက် နှိမ်နင်းမှုကြောင့် အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်း သေဆုံးပြီး ဒေသခံအမြောက်အမြား ဒဏ်ရာများရရှိခဲ့သည်။
ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဆုံးသူ ဒေါ်ခင်ဝင်းသည် ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်သော သေနတ်ကျည်ဆန် ကြောင့် ဦးခေါင်းပွင့်ထွက် သေဆုံးသွားခြင်းဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ်ဆေးရုံမှ မှုခင်းဆရာဝန်က အတည်ပြု ပေးလိုက်ကြောင်း၊ သေဆုံးသူ ဒေါ်ခင်ဝင်း၏ အသုဘ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် အလားတူ ဖြစ်ရပ်မျိုး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ကလည်း ဖြစ်ပွားခဲ့ဖူးပြီး လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ တောင်းဆိုသူ များကို ရဲတပ်ဖွဲ့က မီးလောင်ဗုံးဖြင့် အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့မှုကြောင့် သံဃာတော် အပါး ၇၀ ကျော်နှင့် လူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။