ရခိုင်ပြည်နယ်နေ့ အဖြစ် သတ်မှတ်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ ပြည့်ခဲ့ပြီ ဖြစ်သော်လည်း ရခိုင်ဒေသသည် မြန်မာပြည်တွင် ဖွံ့ဖြိုး တိုးတက်မှု နည်းပါးပြီး အဆင်းရဲဆုံး ဒေသတခုအဖြစ် ရှိနေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်တွင် ကျရောက်သည့် နှစ် ၄၀ ပြည့် ရခိုင်ပြည်နယ် ပတ္တမြားရတု အခမ်းအနားကို စစ်တွေမြို့တွင် ပြည်နယ် အစိုးရ ကိုယ်တိုင် ဦးဆောင်၍ ယခင်နှစ်များထက် စည်ကားစွာ ကျင်းပခဲ့သည်ကို တွေ့မြင်ရသည်။
ရခိုင်ရိုးရာ ကျင်ပွဲနှင့် ရခိုင်ရိုးရာ အားကစားများကို ဝေသာလီ အားကစားကွင်း နှင့် ဝင်္ကပါကွင်းတို့တွင် ကျင်းပခဲ့ကြသည်။ ပွဲတော် တွင် အဆိုတော်များ၊ အနုပညာရှင်များပါ ပါဝင်ဖျော်ဖြေခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီး အများအပြားလည်း တက်ရောက်ခဲ့ကြသည်။
စစ်တွေ၊ မောင် တော၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ မြောက်ဦး စသည့် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များနှင့် ရန်ကုန်မြို့ရှိ တိုင်းရင်းသား ကျေးရွာတွင်လည်း စည်စည်ကားကား ကျင်းပခဲ့ကြပါသည်။
ရခိုင်ပြည်နယ် နှစ် ၄၀ ပြည့် အခမ်းအနားကို အောင်မြင်ခမ်းနားစွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်အစိုးရက ငွေကြေးအမြောက် အများ ကျခံသုံးစွဲ၍ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရ အနေနှင့် ပထမဆုံးအကြိမ် ဦးဆောင်ကျင်းပခြင်း ဖြစ်ကြောင်း ပြည်နယ် အာဏာပိုင်များနှင့် ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က“အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ လုပ်ဖို့ထက် အနှစ်သာရ ပြည့်ဝတဲ့ အခမ်းအနားမျိုး ဖြစ်ဖို့လိုတယ်၊ ပြည်နယ်လို့ သတ်မှတ်ထားပေမယ့် ပြည်နယ်တခုရဲ့ လုပ်ပိုင်ခွင့်တွေ မရှိရင် ဘာမှမထူးဘူး၊ အနှစ်သာရ မပါဘဲ အပေါ်ယံ လုပ်ပြရုံ၊ ပြောနေရုံနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး”ဟု ပြောဆိုသည်။
ပြည်ထောင်စု အတွင်းက ပြည်နယ်တခုဟု သတ်မှတ်ထားခြင်းနှင့်အတူ ပြည်ထောင်စု စိတ်ဓာတ်ရှိရန် လိုအပ်ကြောင်း၊ ပြည်နယ်၊ တိုင်းဒေသ အားလုံးကို လုပ်ပိုင်ခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ သယံဇာတ ခွဲဝေအသုံးပြုခွင့်များ အပြည့်အဝပေးရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက စစ်အစိုးရ အုပ်ချုပ်မှု ပုံစံနှင့် ထူးမခြားနား ဖြစ်နေကြောင်းလည်း ဦးဘရှိန်က ပြောသည်။
ရခိုင်ပြည်နယ်၏ သမိုင်းကြောင်းမှန်မှာ ၁၇၈၄ ခုနှစ်တွင် ရခိုင်ဘုရင့် နိုင်ငံ၏ အချုပ်အခြာအာဏာ ကျဆုံးခဲ့ပြီးနောက် ရခိုင်ပြည် သည် ဗမာဘုရင် လက်အောက်၊ အင်္ဂလိပ် လက်အောက်၊ ဂျပန် လက်အောက် စသည်ဖြင့် ကျရောက်ခဲ့သည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွပ်လပ်ရေးရပြီး နောက်ပိုင်း၌ ရခိုင်တိုင်းအဖြစ် တည်ရှိခဲ့သည်။
ထိုမှတဆင့် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ စတင်၍ ပြည်နယ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဒီဇင်ဘာလ ၁၅ ရက် ရောက်တိုင်း ပြည်နယ်နေ့အဖြစ် အခမ်းအနား ကျင်းပလာခဲ့သည်မှာ ယခုနှစ်သည် နှစ် ၄၀ ပြည့်မြောက် နှစ် ဖြစ်သည်။
အစိုးရ အဆက်ဆက်၏ အုပ်ချုပ်ရေး တာဝန် လျော့လျဲခဲ့သည့် ရခိုင်ဒေသကို ပြည်နယ်အဖြစ် သတ်မှတ်ခံထားရသည်မှာ နှစ် ၄၀ ရောက်ရှိလာသည့်တိုင် တိုးတက်ပြောင်းလဲမှုသည် သိသာထင်ရှား မရှိသေးပေ။ သို့သော် အစိုးရ အာဏာပိုင်များက ရခိုင်ဒေသ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးနေသည်ဟု ပြောဆိုနေသည်မှာ ဆယ်စုနှစ်ချီ ရှိနေပြီ ဖြစ်သည်။
လက်ရှိအချိန်၌ လူဦးရေ ၃.၂ သန်းခန့် နေထိုင်လျက်ရှိသည့် ရခိုင်ပြည်နယ်တွင် စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ် ရေး စသည်ဖြင့် အဘက်ဘက်က နိမ့်ကျနေမှုကို ကျေးလက်ဒေသများသို့ သွားရောက် လေ့လာပါက မျက်ဝါးထင်ထင် တွေ့မြင်နိုင် မည် ဖြစ်သည်။
ဆင်းရဲတွင်း နက်နေသည့် ရခိုင်ဒေသ၌ ပြည်နယ်နေ့ကို ငွေကြေးမြောက်များစွာ အကုန်အကျခံ ပြုလုပ်ပေးသည့်အတွက် ဝမ်းသာ ဂုဏ်ယူ သူများရှိသကဲ့သို့ ဝေဖန်သူများလည်း ရှိနေသည်။
လိုအပ်သည်ထက် ပိုမိုချဲ့ကား လုပ်ဆောင်ပေးသည့် အစိုးရ အာဏာပိုင်များ၏ လုပ်ရပ်သည် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှု၊ ရခိုင်ပြည်သူများကို နှစ်သိမ့်မှု တခုဟု ရှုမြင်သူများလည်း ရှိသည်။
နှစ် ၄၀ ပြည့် ပတ္တမြားရတုကို ခမ်းနားစွာ ကျင်းပရခြင်းသည် ရခိုင်ပြည်နယ်၏ မြို့နယ်တချို့အား ပင်မဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီ ရရှိသည့် အထိမ်းအမှတ်နှင့်အတူ ပူးပေါင်း၍ စည်ကားစွာ ကျင်းပခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၏ ဂုဏ်သိက္ခာနှင့် ရခိုင် လူမျိုးတို့၏ ဂုဏ်သိက္ခာအတွက် ဖြစ်သည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၏ ပြောဆိုမှုကို ဒီဇင်ဘာ ၁၆ ရက်ထုတ် အစိုးရပိုင် သတင်းစာများ၌ ဖော်ပြထားသည်။
ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က“အခမ်းအနားလုပ်တိုင်း ဂုဏ်သိက္ခာတက်တာ မဟုတ်ပါဘူး၊ ရခိုင်ပြည် သူ လူတိုင်းနီးပါးက ထမင်း ၀၀လင်လင် စားရပြီလား၊ ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေးတွေ ကောင်းမွန်ရဲ့လား ဆိုတာတွေက ပိုပြီးတော့ အရေးကြီးပါတယ်”ဟု ပြောဆိုသည်။
နှစ် ၄၀ ပြည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ သမ္မတ ဦးသိန်းစိန် ပေးပို့သည့် သဝဏ်လွှာတွင် ပါရှိသော စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်မည် ဆိုသည်ကိုလည်း လက်တွေ့ အကောင်အထည်ဖော်၍ ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင် ဖန်တီးပေး ရန် အဓိက လိုအပ်နေသည်ဟုလည်း ဒေါက်တာ အေးမောင်က ဆက်ပြောသည်။
“အခမ်းအနားတွေကို လိုတာထက် ပိုလုပ်တယ်ဆိုရင် နောက်ကွယ်က ဘာရှိလဲဆိုတာ စဉ်းစားရမယ်၊ မဲဆွယ်တာလား၊ နောက်ပြီး တော့ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ကလည်းပဲ သူလုပ်နိုင်တယ် ဆိုတာ ပြတာလည်း နေမှာပေါ့၊ ဒါမှမဟုတ် အဲဒီထက် လေးနက် တဲ့ နိုင်ငံရေး ရည်မှန်းချက်အရ လုပ်တာလား ဆိုတာတော့ မသိဘူး”ဟု ၎င်းက ပြောဆိုသည်။
အလုပ်လက်မဲ့ ဦးရေများပြားပြီး ဆင်းရဲသည့် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့၌ ပြုလုပ်သည့် အခမ်းအနားသည် လိုအပ်သည် ထက် ကြီးကျယ်ခမ်းနား နေခြင်းကြောင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်မှု ဖြစ်နိုင်ကြောင်းလည်း ရခိုင်ပြည်နယ်ရှိ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောဆိုကြသည်။
ရခိုင်ပြည်နယ် နှစ် ၄၀ ပြည့် အခမ်းအနားသို့ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကလည်း သဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့ကြသည်။
သမ္မတ၏ သဝဏ်လွှာ၌ ရရှိထားသည့် တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်း၍ ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေးအတွက် အားလုံးက လက်တွဲကြိုးပမ်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းပါကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် မြောက်မှတောင်သို့ သွယ်တန်းနေသည့် ရခိုင်ရိုးမ၊ ဘင်္ဂလား ပင်လယ်အော်နှင့် ထိစပ်နေသည့် ကမ်းရိုးတန်း၊ သာယာလှပသော ငပလီ ကမ်းခြေ၊ ရေနက်ဆိပ်ကမ်းများ၊ မြေဆီ သြဇာကောင်းမွန်သော မြောက်ပိုင်းလွင်ပြင်ဒေသသည် နိုင်ငံ တကာက စိတ်ဝင်စားနေသည့် မြေပေါ်မြေအောက် သယံဇာတများ ဖြစ်ကြောင်း၊ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ သည် လည်း အဖိုးမဖြတ်နိုင်သည့် ရှေးဟောင်း အမွေအနှစ် တခုဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ဆိုသည်။
တည်ဆောက်ရန် လျာထားသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ပုဏ္ဏားကျွန်း စက်မှုဇုန်၊ ကုလားတန်မြစ်ဝှမ်း စီမံကိန်းများသည် ရခိုင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား ပြည်သူများ၏ အနာဂတ် လူမှုစီးပွား ဘဝဖွံ့ဖြိုးမှု အတွက် အခြေခံ ကောင်းများဟုလည်း သမ္မတ ဦးသိန်းစိန် ပေးပို့သည် သဝဏ်လွှာ၌ ရေးသားထားသည်။
ဒေသခံ ပြည်သူများ အလုပ်အကိုင် ရရှိရေးအတွက် ပုဏ္ဏးကျွန်း စက်မှုဇုန် တည်ဆောက်မည်ဟု ယခင် စစ်အစိုးရများ လက်ထက် ကပင် ပြောဆိုနေခဲ့သော်လည်း ယနေ့အထိ လက်တွေ့ အကောင်အထည်ဖော်မှု မရှိသေးကြောင်း၊ ထို့အတူ ရေအားလျှပ်စစ် စီမံ ကိန်း များ တည်ဆာက်ရန် ရေးဆွဲနေသည်ဟု အစိုးရ သတင်းစာများ၌သာ ဖော်ပြခဲ့ပြီး လက်တွေ့တွင် မည်သည့် ထူးခြားမှုမှ ရှိမလာသေးကြောင်း ရခိုင်ဒေသခံများက ဧရာဝတီကို ပြောသည်။
စစ်အစိုးရများ လက်ထက်တွင် ဒေသခံများ၏ လယ်မြေများ သိမ်းယူမှု၊ မြစ်ချောင်း၊ ပင်လယ်ပြင်များအား စစ်တပ်က လွှမ်းမိုးထားမှုတို့ကြောင့် ဒေသခံများ အနေဖြင့် အလုပ်လက်မဲ့ ဖြစ်လာခြင်းကြောင့် ရခိုင်လူမျိုး အများစုမှာ ရခိုင်ပြည်နယ်၏ ပြင်ပဒေသများသို့ အုပ်စုလိုက် ပြောင်းရွှေ့သွားကြသည့် ရခိုင်လူဦးရေ တသန်းကျော် ရှိကြောင်း ရခိုင်လူမှု အဖွဲ့များ၏ ဖော်ပြမှုအရ သိရသည်။
ဒေသခံ ပြည်သူများ အလုပ်အကိုင် ရရှိရေးအတွက် စက်မှုဇုန်များ တည်ဆောက်နိုင်ရန်၊ ပင်မဓာတ်အားလိုင်းမှ လျှပ်စစ်မီး ရရှိရေး ကို အစိုးရက ငွေကုန်ကြေးကျခံ တည်ဆောက်နေကြောင်း၊ ၂၀၁၅- ၂၀၁၆ တွင် ရခိုင်ပြည်နယ်၏ နေရာဒေသ အများစု၌ ပင်မ ဓာတ်အားလိုင်းမှ လျှပ်စစ်မီးများ ရရှိတော့မည်ဖြစ်ကြောင်း အစိုးရက ပြောဆိုသည်။
ရခိုင်ဒေသကို လျှပ်စစ်မီး ရရှိရေးအတွက် အစိုးရ၏ ကြိုးပမ်းမှုသည် ရခိုင်ဒေသထွက် သဘာ၀ ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ရောင်းစားထားပြီး ရခိုင်ကမ်းလွန်၌ နောက်ထပ် တူးဖော်နိုင်မည့် သဘာ၀ ဓာတ်ငွေ့သိုက် အများအပြားနှင့် ရေနံများ ရှိနေခြင်းကြောင့် ထိုသယံဇာတများ မထုတ်လုပ်ခင် ဒေသခံများအား နှစ်သိမ့်ပေးရန် ကြိုးပမ်းမှုဟု ယူဆသူများကလည်း ရှိနေသည်။
ရခိုင်ဒေသအား အမှန်တကယ် ဖွံဖြိုးတိုးတက် စေလိုပါက ရခိုင်ဒေသထွက် သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ်မီး သို့မဟုတ် ဒေသတွင်း တည်ဆောက်ရန် လျာထားသည့် ရေအားလျှပ်စစ် စီမံကိန်းများကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။
“စက်ရုံ အလုပ်ရုံတွေ တည်ဆောက်မယ်ဆိုရင် ပင်မ ဓာတ်အားလိုင်းက လျှပ်စစ်မီးနဲ့ မရပါဘူး၊ ပင်မ ဓာတ်အားလိုင်းက လျှပ်စစ် မီး ဟာ ရန်ကုန်လို နေရာမျိုးမှာတောင် ခဏခဏ ပြတ်နေတာ ဘယ်လိုလုပ်ပြီး အလုပ် ဖြစ်မလဲ၊ ကျနော်တို့ လိုချင်တာက ဒေသတွင်း က ရေအားလျှပ်စစ် စီမံကိန်းတွေပါ”ဟုလည်း ဒေါ်က်တာ အေးမောင်က ပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ရှိမှသာ ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်နိုင်မည်ဟု အစိုးရ အာဏာပိုင်များ၏ ပြောဆိုမှုကို ရခိုင်ဒေသခံများက လက်မခံကြောင်း၊ ရခိုင်ဒေသတွင် တခြားဒေသများကဲ့သို့ စစ်ပွဲများ မရှိကြောင်း၊ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်-ဘင်္ဂါလီ ပဋိပက္ခသာ ရှိကြောင်း၊ ထိုဖြစ်ရပ်သည် အာဏာပိုင်များ၏ ကိုင်တွယ်ဖြေ ရှင်းမှု နှောင့်နှေးမှုကြောင့် ပိုမိုကြီးထွား သွားခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ဒေသတွင်း တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းကြရန် လိုအပ်ကြောင်း သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာတွင် ပါရှိသည်ကို ကြိုဆိုသော်လည်း ရေရှည် တည်ငြိမ်ရေးအတွက် အဓိက တာဝန်ရှိသူမှာ အုပ်ချုပ်သူ အစိုးရများသာ ဖြစ်ကြောင်း ဒေသခံများက ပြော ဆိုကြသည်။
ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က “ဒေသတွင်း တည်ငြိမ်အောင် လုပ်နိုင်တာလည်း အစိုးရပဲ၊ မတည်ငြိမ်အောင် လုပ်နိုင်တာဟာလည်း အစိုးရပါ”ဟု ပြောသည်။
ရခိုင်ပြည်နယ်နေ့တွင် သမ္မတ ဦးသိန်းစိန် ပေးပို့သော သဝဏ်လွှာ၌ ပါရှိသကဲ့သို့ ရခိုင်ပြည်တွင်း၌ မြေပေါ်မြေအောက် သဘာ၀ သယံဇာတများ ပေါကြွယ်ဝခြင်း၊ လှပသော ပင်လယ်ကမ်းခြေများ ရှိခြင်း၊ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်း အမွေအနှစ်များ ရှိခြင်း၊ နိုင်ငံတကာနှင့် ကူးသန်းရောင်းဝယ်မှု ပြုလုပ်နိုင်မည့် ပင်လယ် ကမ်းရိုးတန်း ရှိခြင်း စသည်ဖြင့် ဖွံ့ဖြိုး တိုးတက်မှုအတွက် အခြေခံကောင်းများ ပိုင်ဆိုင်ထားသော်လည်း မြန်မာနိုင်ငံတွင် ဒုတိယ အဆင်းရဲဆုံး၊ အဘက်ဘက်က အနိမ့်ကျဆုံး ဖြစ်နေသည့် ရခိုင် ဒေသ ဖွံဖြိုးရန်အတွက် အဓိက ဦးဆောင်တည်ဆောက် ပေးနိုင်သူသည် လုပ်ပိုင်ခွင့် အာဏာ အရပ်ရပ်ကို ချုပ်ကိုင်ထားသည့် နိုင်ငံ တော် အစိုးရသာ ဖြစ်သည်ဟု ဆိုရပေမည်။ ။