ပွင့်လင်းမြင်သာမှု မရှိဟု ဝေဖန်မှုများစွာဖြင့် ရပ်ဆိုင်းသွားခဲ့ရသော ရန်ကုန်မြို့သစ် စီမံကိန်းကို ပြည်သူလူထု တောင်းဆိုမှု များပြားလာလျှင် ဆက်လက် ဆောင်ရွက်သွားရန် ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောဆိုလိုက်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မီဒီယာများ ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ဆုံစဉ် ရန်ကုန် မြို့တော် ဝန်ဦးလှမြင့်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ပြည်သူလူထုရဲ့ တောင်းဆိုမှု ပြင်းပြလာမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့က ဒါတွေကို ဆင့်ကဲဆင့်ကဲ သက်ဆိုင်ရာ တွေကို တင်ပြပြီးတော့ ဆက်လက် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ အနေနဲ့က ဒါကို စတင်ပြီးတော့ ဆောင်ရွက်သွားဖို့ အစီအစဉ် မရှိပါဘူး” ဟု ဦးလှမြင့်က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက တရုတ်လုပ်ငန်းရှင် ရှောက်ပန်းနှင့်ရှောက်စန်းတို့ ၂ ဦး ပိုင်ဆိုင်သော မြန်မာ့စေတနာ မြို့သစ် ကုမ္ပဏီကို ရန်ကုန်မြို့သစ် စီမံကိန်း ဆောင်ရွက်ရန် လက်သိပ်ထိုး လုပ်ပိုင်ခွင့် ပေးခဲ့မှုကြောင့် ဝေဖန်မှုများစွာဖြင့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရပ် ဆိုင်းခဲ့ရသည်။
ရန်ကုန်မြို့သစ် စီမံကိန်းကို ရန်ကုန်မြို့ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်း အကြား၊ လှိုင်မြစ်နှင့် လှိုင်သာ ယာ- တွံတေး ကားလမ်း အကြားရှိ မြေဧက သုံးသောင်းကျော် မြေနေရာတွင် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က သိုသိုသိပ်သိပ် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့သစ် စီမံကိန်း ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်ရန် ရန်ကုန်မြို့ တစ်ဖက်ကမ်း ကြည့်မြင်တိုင် မြို့နယ် ရှိ ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ ၁၀၀၀ ခန့်က ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက် က ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးဦးမြ ငါးစင်ရပ်ကွက်တွင် ဆန္ဒပြသခဲ့ကြသည်။