Crime

ဒေါ်ခင်ဝင်း (သို့မဟုတ်) လက်ပံတောင်း အကြမ်းဖက်မှု၏ သားကောင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

“ဝေး … ဝေးပါပြီအေ … သဘောကောင်းတဲ့မိန်းမကြီးပါ။ သဘောကောင်းတဲ့ မိန်းမကြီးရေ … မခင်ဝင်း” ဆိုပြီး ဆွဲဆွဲငင်ငင် ငိုကြွေးနေတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတဦးရဲ့ အသံဟာ မိုးကြိုးပြင်ရွာထဲက နာရေး အိမ်ခြံ ဝင်းအတွင်းကနေ ပဲ့တင်ထပ်လို့နေပါတယ်။

ယာမြေသိမ်းခံဘဝတူ သူငယ်ချင်းဒေါ်ခင်ဝင်း သေဆုံးသွားတဲ့အတွက် ဒေါ်ခင်ဝင်းရဲ့ ခေါင်းတလားကို ဖက်ပြီးငိုကြွေးနေတဲ့ ဆည်တည်းရွာသူ မခင်ဆင့်ရဲ့ ငိုသံနဲ့ အတူ ခေါင်းတလားဘေးပတ်လည်မှာရှိတဲ့ ဆွေးမျိုးတွေနဲ့ ရွာသူရွာသားတွေရဲ့
ကြေကွဲ ဝမ်းနည်းနေကြတဲ့ မျက်နှာတွေပေါ်မှာလည်း မျက်ရည်စတွေနဲ့ပါ။

အိမ်ခြံဝင်းအတွင်းမှာလည်း ရပ်နည်းရပ်ဝေးက မိတ်ဆွေတွေ လယ်သိမ်းခံ ဘဝတူတောင်သူတွေနဲ့ လူမှုကူညီရေး အဖွဲ့ အစည်း တွေလည်း ရောက်ရှိနေကြလို့ အိမ်ဝင်းအတွင်းပြည့်နှက်လို့နေပါတယ်။

သေဆုံးသူ ဒေါ်ခင်ဝင်းမှာ သမီးနှစ်ယောက်ရှိပြီး  ၂ ယောက်လုံးက မန္တလေးမှာ နေထိုင်ကြတာဖြစ်ပါတယ်။ ခင်ပွန်း ဖြစ်သူ ကတော့ အသက်ဆုံးပါးသွားတာ ၂၅ နှစ်ခန့်ကြာပြီဖြစ်ပြီး ဘိုးဘွားပိုင်ယာမြေ ၇ ဧကကျော်ကို ထွန်ယက်စိုက်ပျိုးရင်း တယောက်တည်း ရုန်းကန် လာခဲ့သူ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆောင်ရွက်နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက လျှော်ကြေးရယူထားခြင်းမရှိတဲ့ စစ်ကိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တုံရွာနဲ့ မိုးကြိုးပြင်အလယ်ကျေးရွာမှ လယ်ယာမြေ တွေကို အတင်းအဓမ္မဝင်ရောက် သိမ်းယူ ခြံစည်းရိုးကာခဲ့ပါတယ်။  ရာပေါင်းများစွာသော ဒေသခံတွေက  ဝမ်ပေါင် ကုမ္ပဏီရဲ့ အဓမ္မမြေသိမ်း ခြံစည်းရိုးခတ်မှုကို ဆန့်ကျင်ကြရမှာ ဒေါ်ခင်ဝင်းတဦးလည်း အပါအဝင်ဖြစ်ပါတယ်။

မြေသိမ်းခံရလို့ ကံဆိုးမိုးမှောင်ကျ ပူဆွေးသောက ရောက်နေရတဲ့ ဒေါ်ခင်ဝင်းဟာ  ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေး ယူပေးထားတဲ့ ရဲတပ်ဖွဲ့က သေနတ် နဲ့ ပစ်ခတ်မှု ကြောင့် ဦးခေါင်းပွင့်ထွက် သေဆုံးသွားခဲ့ရပါတယ်။ “ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ” ဆိုတဲ့ စကားပုံက ဒေါ်ခင်ဝင်းအတွက်တော့ အဟုတ်အမှန် ဖြစ်စေခဲ့ပါတယ်။

“အဲဒီမနက်က ထူးထူးခြားခြား မနက်လေးနာရီ တုန်းခေါက်သံကြားတဲ့ အချိန်မှာ သူကျမကို စကားလာပြောတယ်။ မနီတဲ့ ညကသူအိမ်မက်တွေမက်တယ်တဲ့။ အိမ်မက်ထဲမှာ သနပ်ခါးတွေလူးတယ်။ အင်းကျီသစ်၊ ထမီသစ်နဲ့တဲ့ သွားတွေလည်း ကျွတ်ကျတယ်တဲ့။ ကျမက အစောကြီးရှိသေးတယ်။ ပြန်အိပ်ပါဆိုတော့ မအိပ်ဘူးဆိုပြီး ကျမကို သူ့ပေါင်ပေါ်တင်ပြီး စကားတွေပြောနေတာ” လို့ ဒေါ်ခင်ဝင်းနဲ့ တအိမ်တည်းအတူနေတဲ့ မအေးစွာက ပြောပါတယ်။

ဒေါ်ခင်ဝင်းနဲ့ အတူနေတဲ့ မအေးစွာဟာ မိုးကြိုးပြင်မြောက်ရွာသူ မိဘမဲ့ တယောက်ဖြစ်ပြီး ခန္ဓာကိုယ် အောက်ပိုင်း မသန်စွမ်းသူဖြစ်ပါတယ်။ အနှိပ်သည် ဘဝနဲ့ အိမ်စဉ်လှည့်ပြီး နှိပ်ပေးနေရင်းက လွန်ခဲ့တဲ့ခြောက်နှစ်က ဒေါ်ခင်ဝင်း နဲ့တွေ့ဆုံပြီး ခိုကိုးရာမဲ့နေတဲ့ မအေးစွာကို ဒေါ်ခင်ဝင်းက သူ့အိမ်မှာခေါ်ယူမွေးစားထားတာဖြစ်ပါတယ်။

မအေးစွာရဲ့ ဖောက်သည်ချမှုကြောင့် ညက မက်တဲ့ အိမ်မက်အကြောင်းဟာ မိုးလင်းတာနဲ့ အိမ်နီးနားချင်းတွေဆီပြန့်သွား တယ်လို့ ဆိုပါတယ်။ ဒီအိမ်မက်မျိုးဟာ အတိတ်မကောင်းဘူးလို့ အိမ်နီးချင်းတွေက ပြောတာနဲ့ မအေးစွာ လည်း စိတ်သောကတွေ ရောက်ခဲ့ရတယ်လို့ ပြန်ပြောပြပါတယ်။

“မနက်ဖြန်ကြ ယာတွေခြံလာခတ်မှာ သွားတားရမယ်ဆိုပြီး ကျမကိုပြောတယ်။ ကျမကသူ့ကို အတင်းတားတယ်။ စိတ်မချတာနဲ့ ကျမလိုက်သွားတယ်။ ပြောင်းခင်းထိပ်ရောက်တော့ သေနက်သံတွေ တဒိုင်းဒိုင်း နဲ့ စကြားတယ်။ ကျမသူ့ကို
ထပ်တားတယ်။ သူက ငါနောက်ပြန်မလှည့်ဘူး။ သေချင်သေပစေ။ ငါ့လက်ပံတောင်းတောင်အတွက်နဲ့ သေမယ်ဆိုရင်တောင် ဂုဏ်ယူတယ်လို့ သူကပြောလိုက်သေးတယ် နမိတ်ဖတ်လိုက်သလိုပဲ” လို့ မအေးစွာက  ဆိုပါတယ်။

“သူ့ယောင်းမဖြစ်သူကလည်း သူ့ကို အဲ့ဒီနေ့က စိတ်ပူပြီးလိုက်ခေါ်တယ်။ သူက ပြန်မလိုက်ဘူး။ နင်တို့ နှစ်ယောက် ကြောက်တတ်ရင် ပြန် ငါတယောက်တည်းသွားမယ်ဆိုပြီး ဆက်သွားတယ်။ ညနေကြတော့ တခြားလူတွေ
ပြန်ပြေး လာကြတယ်။ သူပြန်ပါမလာဘူး။ သုံးနာရီထိုးလောက်ကြတော့ သူသေသွားပြီ ဆိုပြီး ကြားလိုက်ရတာ” မအေးစွာက ဆက်ပြောပါတယ်။

ဒေါ်ခင်ဝင်းဟာ စိတ်သဘောထားကောင်းလွန်းသူရယ်လို့ ဒေသခံ ရွာသူရွာသားတွေက ပြောဆိုကြပြီး လွန်ခဲ့တဲ့
ငါးနှစ်ခန့်ကလည်း ဆွေမျိုးတော်စပ်သူမဟုတ်တဲ့ စိတ်မနှံ့သူ အမျိုးသမီးတဦး ရွာအပြင်မှာ သေဆုံးတော့မယ့် အချိန်မှာ အိမ်ကိုခေါ်လာပြီး ဆေးကုသ ကျွေးမွေးစောင့်ရှောက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒေါ်ခင်ဝင်း သေဆုံးသွားတဲ့ အတွက် အထူးသဖြင့် မှီခိုအားထားနေရတဲ့ အသက် ၂၈ နှစ်အရွယ် မအေးစွာ တယောက် အတွက်တော့ ခိုကိုးရာမဲ့ ထပ်ဖြစ်သွားပြီး သူ့ရဲ့ အနာဂတ် နေထိုင်ရေးအတွက်ပါပူပင်နေရှာပါတယ်။

“ကျမက ဒုက္ခိတ မိဘမဲ့ သူကောင်ကြွက် တမျက်နှာ သူလိုလူကသာ သားသမီးအရင်းလို ကျမကို စောင့်လျှောက်ခဲ့တာ။ သူသေဆုံးသွားတာဟာ ကျမအတွက် ခိုနားရာ သစ်ပင်ကြီး ပြိုလဲသွားသလိုပါပဲ။ ကျမဘယ်သူကို အားကိုးရမလဲ မသိပါဘူး”လို့ တုန်ရီနေတဲ့ အသံနဲ့ပြောဆိုရင်း မအေးစွာရဲ့ ပါးပြင်မှာ မျက်ရည်တွေကျနေပါတယ်။

ဒေါ်ခင်ဝင်းရဲ့ ညီမဖြစ်သူ ဒေါ်သန်းနုက “သမီးတွေက မန္တလေးမှာ အေးအေးဆေးဆေးလာနေပါခေါ်တာ မသွားဘူး။ သူက ဒီရွာနဲ့ သူ့ယာတွေကို ခင်တွယ်လွန်းတယ်။ သူငယ်ငယ်တုန်းကတည်း မြင်တွေ့နေရတဲ့ ဒီလက်ပံတောင်းတောင် ကြီးကိုလည်း သူသံယောဇဉ်ရှိနေတယ်။ အဲဒီအတွက်ပဲ သူအသက်ပေးသွားတယ်လို့ပြောရမလိုပဲ” လို့ ငိုကြွေးရင်းက ရှင်းပြပါတယ်။

လုံခြုံရေးရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်၊ ရိုက်နှက်မှုတွေကြောင့် ဒေါ်ခင်ဝင်း သေဆုံးသွားတဲ့အပြင် ယာမြေ ပြန်ရရေး တောင်း ဆိုတဲ့ ရွာသူ၊ ရွာသား ၄၀ ကျော်လည်း ထိခိုက်ဒဏ်ရာတွေရရှိသွားတဲ့ အတွက် ဒဏ်ရာပြင်းထန်သူတွေနဲ့ သေနတ်ကျည်ဆံ ထိမှန်ခံရသူတွေမှာ အခုအချိန်ထိ ဆေးကုသခံယူနေကြရပါတယ်။

ဒေါ်ခင်ဝင်းသေဆုံးပြီး နောက်တနေ့မှာပဲ ရန်ကုန်မြို့မှာရှိနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့အစည်းက မနီလာသိန်း၊ မမီးမီးနဲ့ တာဝန်ရှိသူတွေရောက်ရှိခဲ့ကြပြီး ဒဏ်ရာရရှိသူတွေကို ဆေးကုသနိုင်အောင်
ဆောင်ရွက် ခဲ့ ကြသလို သေဆုံးသူ ဒေါ်ခင်ဝင်း တရားမျှတမှုရရှိရေးအတွက်လည်း ဆားလင်းကြီးမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ဖို့ ကူညီခဲ့ကြပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့အစည်းက ဒေါ်ခင်ဝင်းကို အမှုဖွင့်ပေးနိုင်ဖို့အတွက် ဆားလင်းကြီးမြို့မ ရဲစခန်းမှာ
နာရီပေါင်းများစွာ အတိုက်အခံလုပ် ကြိုးစားခဲ့သလို ဒေါ်ခင်ဝင်းရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ ဆရာဝန်ကြီး တွေနဲ့ ခွဲစိတ် စစ်ဆေးဖို့ သွားရောက်ရာမှာလည်း အနှောင့်အယှက်များစွာ ကျော်ဖြတ်ပြီး အကူအညီပေးခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ ဒေါ်ခင်ဝင်း သေဆုံးမှုကို ရဲစခန်းက အမှုဖွင့်ပေးခဲ့သလို ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကလည်း သေနတ်ဒဏ်ရာကြောင့် ဒေါ်ခင်ဝင်း သေဆုံးကြောင်း အတည်ပြုပေးခဲ့ပါတယ်။

ဒေါ်ခင်ဝင်း သေဆုံးသွားတဲ့သတင်းက မြန်မာနိုင်ငံတနိုင်ငံလုံးတင်မကဘဲ နိုင်ငံတကာ အရပ်ရပ်အထိ ပျံ့နှံ့သွားခဲ့ပါတယ်။ ဗိုလ်ကျအနိုင်ကျင့် မြေသိမ်းမှုရဲ့ ဓားစာခံ သားကောင်ဖြစ်ခဲ့ရတဲ့ ဒေါ်ခင်ဝင်း သေဆုံးမှု သတင်းကြောင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီ၊ စစ်တပ်ဦးပိုင်ကုမ္ပဏီနဲ့ အစိုးရအာဏာပိုင်တွေရဲ့ ဥပဒေမဲ့ အကြမ်းဖက် လုပ်ရပ် ဘူးပေါ်သလို ပေါ်သွားပါတယ်။

ပြည်တွင်းမှာလည်း ဆန္ဒပြပွဲတွေ တောက်လျှောက် ဖြစ်ပေါ်လာပြီး ဒေါ်ခင်ဝင်း သတင်းကြားရသူ ပြည်သူတိုင်း တောက်ခေါက် ခံပြင်း ဒေါသထွက်ကြပါတယ်။

နိုင်ငံတကာမှာလည်း အမေရိကန် အစိုးရ အပါအဝင် လူ့အခွင့်အရေး အဖွဲ့အစည်းတွေကမြန်မာအစိုးရ အကြမ်းဖက်မှု ကြောင့် ဒေါ်ခင်ဝင်း သေဆုံးမှုအပေါ် ဝမ်းနည်းကြောင်း၊ စိုးရိမ်ကြောင်းနဲ့ တာဝန်ရှိသူတွေကို ချက်ချင်း အရေးယူဖော်ထုတ် ပေးဖို့ တောင်းဆိုနေကြပါတယ်။

ရိုးသားသဘောကောင်းလွန်းတဲ့ အသက် ၅၆ အရွယ် ဒေါ်ခင်ဝင်းဟာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ သူ့အိမ်အောက် ကုတင် လေးပေါ်မှာ မလှုပ်မယှက် လဲလျောင်းနေပေမယ့် သူ အသက် အသေခံ ဆန္ဒပြခဲ့တဲ့ လုပ်ရပ်ကတော့ အခုအချိန်အထိ ပြည်တွင်းပြည်ပ ပြည်သူတွေဆီ ဆက်လက် ပျံ့နှံ့နေဆဲဖြစ်ပါတယ်။

ဒေါ်ခင်ဝင်းက ယုတ်မာကောက်ကျစ်တဲ့ အာဏာပိုင်တွေရဲ့ ဥပဒေမဲ့ အကြမ်းဖက်မှုကို ပေါ်လွင်ထင်ရှားစေခဲ့တဲ့ ဓားစာခံ သားကောင်တဦး လို့ ဆိုနိုင်သလို လက်ပံတောင်းတောင်ကို အသက်စွန့် ကာကွယ်သွားတဲ့ အမျိုးသမီး အာဇာနည် သူရဲကောင်းတဦးဆိုရင်လည်း မမှားနိုင်ပါဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading