၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စား လှယ် လောင်းများသည် ရွေးကောက်ပွဲ အနိုင်ရပြီးနောက်ပိုင်း ပါတီမှ နုတ်ထွက်လိုပါက လျော်ကြေးပေးရမည့် ခံဝန်စာချုပ်တွင် လက်မှတ် ရေးထိုးရမည် ဖြစ်ကြောင်း သတင်းရရှိသည်။
လျော်ကြေး ပေးလျော်ခိုင်းရခြင်းမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့ရသည့် ကိုယ်စားလှယ်တချို့သည် ပါတီ ပုံရိပ်ကို အသုံးပြု အနိုင်ရခဲ့သော်လည်း နောက်ပိုင်းတွင် အခြား ပါတီတခုသို့ ကူးပြောင်းမှုများ ရှိနေသဖြင့် ဒီဇင်ဘာလ ၁၉ နှင့် ၂၀ ရက်တွင် ကျင်းပသော ကျားဖြူ ပါတီ ဟုလည်း ခေါ်သည့် SNDP ၏ နဝမ အကြိမ်မြောက် ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးက အထက်ပါအတိုင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ပဲ တိုက်ရိုက်သက်ဆိုင်မှာပါ။ အားလုံးနဲ့ မဆိုင်ဘူး။ ရွေးကောက်ပွဲ ဝင်ရင် ပါတီက တတ်နိုင်သလောက် ပံ့ပိုးမယ်။ အဲဒီ ပံ့ပိုးမှုနဲ့ ပါတီရဲ့ Logo တံဆိပ်နဲ့ ရွေးကောက်ပွဲ ဝင်မယ်။ တကယ်တမ်း လွှတ်တော် ကိုယ်စားလှယ်ဖြစ် မှ ဟိုကူး၊ ဒီကူး ပုံစံနဲ့ ကြုံတွေ့နေတာပဲ။ အဲဒါမျိုး ထပ်မဖြစ်ရအောင်၊ အဟန့်အတား ဖြစ်အောင် လုပ်ထားတဲ့ သဘောပဲ”ဟု SNDP အတွင်းရေးမှူး ဦးစိုင်းလှကျော်က ဧရာဝတီသို့ ပြောသည်။
လျော်ကြေးပေးရမည့် ပမာဏမှာ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး၏ ၁၀ ဆ ဖြစ်သဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ကျပ် ၅ သိန်း သတ်မှတ်ပါက ကျပ် သိန်း ၅၀ ပေးသွင်းရမည် ဖြစ်သည်ဟု ဆိုသည်။
လက်ရှိ အချိန်တွင် SNDP မှ ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)သို့ ပြောင်းရွှေ့သွားသည့် လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦး အထိ ရှိလာသဖြင့် ယင်း အတွေ့အကြုံများအရ လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပါတီက ယခုကဲ့သို့ ကြိုတင် ပြင်ဆင်ရခြင်း ဖြစ်ကြောင်း SNDP ပါတီဝင် သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပြသည်။
ဦးရဲထွန်းက“တကယ်လို့ ရွေးကောက်ပွဲ ဥပဒေနဲ့ ဖွဲ့စည်းပုံမှာ မပြဌာန်းထားဘူးဆိုရင် ကိုယ့်ပါတီတွင်းမှာ ကြိုတင် ပြင်ဆင်တဲ့ အနေ နဲ့ လုပ်တာပါ။ လာမယ့် ၂၀၁၅ မှာ သဘောတူမှ ပြိုင်ပေါ့။ အဲဒီ အတိုင်းဆိုရင် ပြိုင်ပြီးတဲ့ အခါကျတော့ သူနဲ့ တစုံတရာ သဘော မတိုက်ဆိုင်လို့ ပြောင်းသွားချင်ရင် ၅ သိန်း စိုက်ထားရင် သိန်း ၅၀ လျော်ပြီးမှ ပြောင်းလို့ရမယ့် သဘောပဲ”ဟု ပြောသည်။
SNDP မှ SNLD သို့ ကူးပြောင်းခဲ့သူ ရှမ်းပြည်နယ် ကျောက်မဲ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းမောင်ကမူ ပါတီ ကူးပြောင်းရခြင်းသည် SNDP သည် အမျိုးသားရေးထက် ကိုယ်ရေးကိုယ်တာနှင့် စီးပွားရေး ကိစ္စများကိုသာ ဦးစားပေး လုပ်ဆောင်နေပြီး အများပြည်သူဆန္ဒနှင့် ကိုက်ညီမှု မရှိသော ပေါ်လစီများကြောင့် နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုသည်။
“ကျနော်တို့ကို ထောက်ခံတာက ကျားဖြူ ဖြစ်လို့ ထောက်ခံတာ မဟုတ်ဘူးလေ။ ပြည်သူလူထုတွေက ထောက်ခံ အားပေးလို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကုန်ကြတာ။ ကျနော်တို့ကို မဲထည့်ပေးတဲ့ မဲဆန္ဒရှင်ရဲ့ သဘောလည်း အရေးကြီးပါတယ်။ သူတို့က CEC ၁၅ ယောက်လား၊ သုံးလေးယောက် သဘောထားလား ကျနော်တို့ ပြောလို့ မရပါဘူး။ ကျနော်တို့ကို ပြည်သူက ထွက်ပေးပါဆိုရင် ထွက်ပေးလို့ရပါတယ်”ဟုလည်း ဦးစိုင်းသန်းမောင်က ပြောသည်။
ကိုယ်စားလှယ်များ ပါတီပြောင်းခြင်းသည် ၎င်းတို့၏ လွတ်လပ်သော သဘောထား ဆန္ဒအတိုင်းသာ ဖြစ်သင့်ကြောင်း SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောဆိုသည်။
ဦးခွန်ထွန်းဦးက“လူတယောက်ကို ငွေ သိန်း ၅၀ နဲ့ ချည်ပြီးတော့ မပြောင်းရဘူး ဆိုတဲ့ဟာတွေက ရွေးကောက်ပွဲ ဥပဒေမှာလည်း မရှိပါဘူး။ ကျနော် ဆိုလိုတာကတော့ ပြောင်းလာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း လွတ်လွတ်လပ်လပ်နဲ့ ပြောင်းနိုင် တယ်။ ကျနော်တို့ မူဝါဒတွေကို မကြိုက်ရင်လည်း ပြောင်းနိုင်ပါတယ်”ဟုလည်း ပြောသည်။
ဦးခွန်ထွန်းဦး ဦးဆောင်သည့် SNLD သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ဒုတိယ မဲအများဆုံး အနိုင်ရခဲ့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။
ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သည့် SNDP က ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တနိုင်ငံလုံးရှိ မဲဆန္ဒနယ် ၅၇ နေရာ တွင်အနိုင်ရရှိကာ တတိယမဲအများဆုံး ပါတီအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ရှမ်းပြည်နယ်အခြေစိုက် အင်အားကြီး ရှမ်းပါတီ နှစ်ခုဖြစ်သည့် SNLD နှင့် SNDP ပါတီတို့ ပူးပေါင်းရေးမှာ လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲပြီးမှသာ ဖြစ်နိုင်တော့မည်ဟု နှစ်ဘက်စလုံးက ပြောဆိုသည်။