ထားဝယ်အထူး စီပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သော လယ်ယာမြေများ သိမ်းယူခြင်းခံခဲ့ရ၍ ဒေသခံများ၏ စီးပွားရေး အဆင်မပြေ ဖြစ်ပြီး အလုပ်လက်မဲ့ များလာသဖြင့် စီမံကိန်း ရပ်ဆိုင်းပေးရန် ထားဝယ်အမျိုးသမီး သမဂ္ဂက အစီရင်ခံစာထုတ်ပြန် တောင်းဆို လိုက် သည်။
ထားဝယ်အထူး စီပွားရေးဇုန် စီမံကိန်းကြောင့် အထူးသဖြင့် အမျိုးသမီးများ အလုပ်လက်မဲ့ များလာသဖြင့် အလုပ်အကိုင် ရရှိရန် တရားမဝင် နည်းလမ်းများဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်နေရကြောင်း၊ ထိုသို့ စီးပွားရေး မပြေလည်မှုကြောင့် ၎င်းတို့၏ ကလေးငယ်များ ကျောင်းမထားနိုင်သည့် အခြေအနေသို့ ရောက်ရှိလာကြောင်း ထားဝယ်အမျိုးသမီး သမဂ္ဂက ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သော “ကျမတို့ ဘဝ ရောင်းရန် မဟုတ်” ဆိုသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုအစီရင်ခံစာတွင် ထားဝယ်အထူး စီပွားရေးဇုန် အတွင်းရှိ ကျေးရွာပေါင်း ၆ ရွာ ဖြစ်သည့် မူးဒူး၊ မရင်းကြီး၊ လဲရှောင်၊ ပရဒပ်၊ ထိန်ကြီးနှင့် ငပိဒပ် ကျေးရွာများ၌ စစ်တမ်း ကောက်ယူခဲ့ရာတွင် အဓိကအားဖြင့် အမျိုးသမီးနှင့် ကလေးငယ်များ၏ စားဝတ်နေရေး စိုးရိမ် နေရသည့် အခြေအနေများကိုလည်း အစီရင်ခံစာတွင် ထည့်သွင်း ရေးသားထားသည်ဟု ထားဝယ် အမျိုးသမီး သမဂ္ဂ အတွင်းရေးမှူး မစုစုဆွေက ဧရာဝတီကို ပြောသည်။
“အဓိက အခက်အခဲက အလုပ်လက်မဲ့။ ထိုင်းကို ရွှေ့ပြောင်း အလုပ်သမားအဖြစ် သွားရတယ်။ သွားရတဲ့ အချိန်မှာ တရားဝင် မဟုတ်တဲ့အတွက် လူကုန်ကူးခံရတဲ့ ပြဿနာတွေ ရှိလာတယ်။ အလယ်တန်းနဲ့ အထက်တန်း ကလေးတွေလည်း ကျောင်းထွက်ပြီး ထိုင်းကို အလုပ် သွားလုပ်နေရတယ်။ လယ်မရှိတော့ ဘာမှလုပ်စားလို့ မရကြ၊ ကမ်းစပ်ကို မသွားရ မကျူးကျော်ရတော့ ကမ်းခြေမှာရှိတဲ့ မိသားစုတွေလည်း အလုပ်လက်မဲ့တွေ ဖြစ်နေကြတယ်”ဟု ရန်ကုန်မြို့ရှိ မီဒီယာ စာကြည့်တိုက်တွင် ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ် သည့် အဆိုပါ အစီရင်ခံစာ အတွက် သတင်းစာ ရှင်းလင်းပွဲတွင် မစုစုဆွေက ပြောဆိုသည်။
ဒေသခံ အမျိုးသမီး အများစုသည် မြေယာများ၊ ဥယျာဉ်ခြံများနှင့် ပင်လယ်ကမ်းစပ်တွင် ခရုရှာဖွေခြင်းတို့ကို အဓိက လုပ်ကိုင်ခဲ့ကြရာ ယခုအခါ စီမံကိန်းကြောင့် ထိုအလုပ်များ ဆုံးရှုံးပြီး ဝင်ငွေမရှိ၍ စားနပ်ရိက္ခာ မလုံလောက်မှုကို ကြုံတွေ့နေရကြောင်း၊ အမျိုးသမီးများသည် စီမံကိန်း ဝန်ထမ်းများ၏ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ကြုံတွေ့နေရပြီး လုံခြုံရေး ခြိမ်းခြောက်ခံနေရကြောင်းလည်း ထို အစီရင်ခံစာတွင် ဆက်လက် ဖော်ပြထားသည်။
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ထားဝယ် အထူးစီးပွားရေးဇုန် မြေယာ ပြဿနာများနှင့် ပတ်သက်ပြီး ဖြေရှင်းရန်အတွက် ကော်မရှင်တခု ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း အောက်တိုဘာလ အတွင်းက ပြောဆိုထားသည်။
“အစိုးရက မြေယာပြဿနာတွေကို ဖြေရှင်းဖို့အတွက် ကော်မရှင်တခု ဖွဲ့စည်းထားပြီးပါပြီ။ တချို့လူတွေက မြေတွေကို မပိုင်ဘူး။ ဒါပေမယ့် အဲဒီမြေပေါ်မှာ ဈေးတက်လာအောင်ဆိုပြီး အပင်တွေစိုက်ကြတယ်၊ ပြီးတော့ သူတို့မပိုင်တဲ့ မြေအတွက် ပိုက်ဆံပို တောင်းကြ တယ်၊ ကျနော်တို့က တကယ်လျော်ကြေးပေးရမယ့် သူတွေကို လျော်ကြေးပေးသွားမှာပါ။ အခွင့်အရေး ယူချင်တဲ့သူတွေကိုတော့ ဥပဒေအတိုင်း ကိုင်တွယ်ဆောင်ရွက်သွားပါမယ်”ဟု ဦးရဲထွဋ်က ဧရာဝတီသို့ ပြောကြားခဲ့သည်။
ထားဝယ် အမျိုးသမီးသမဂ္ဂ အဖွဲ့အစည်းကမူ ထားဝယ် စီးပွားရေးဇုန် စီမံကိန်းကို ချက်ချင်း ရပ်ဆိုင်းရန်၊ သိမ်းဆည်းထားသည့် မြေ ယာ အားလုံးကို မူလပိုင်ရှင်များအား ပြန်ပေးရန်၊ စီမံကိန်းက သိမ်းဆည်းခဲ့သည့် မြေများ (သို့မဟုတ်) စီမံကိန်းကြောင် ပျက်စီးခဲ့ သည့် သီးနှံများ၊ လယ်ယာမြေများအတွက် သင့်တင့်သည့် လျော်ကြေးပေးရန်၊ ပင်လယ်ကမ်းစပ် နယ်မြေသို့ သွားလာခွင့် ချုပ်ထားခြင်းကို ရပ်စဲရန်နှင့် စီမံကိန်းအတွက် ဆောက်လုပ်ထားသည့် လမ်းအားလုံးကို အများပြည်သူ လွတ်လပ်စွာ သုံးစွဲခွင့်ပေးရန် မြန်မာ အစိုးရ၊ ထိုင်းအစိုးရနှင့် စီမံကိန်း ကန်ထရိုက်များသို့ အကြံပြုချက်များကို အစီရင်ခံစာတွင် ရေးသား တင်ပြထားသည်။
ထားဝယ် အထူးစီးပွားရေးဇုန်ပါ ရေနံချက်စက်ရုံ တည်ဆောက်မည့် ညင်းမော်ကျေးရွာမှ ဒေါ်သန်းနွဲ့က“ရေနံချက်စက်ရုံ လာလုပ်တာ ရွာသူရွာသားတွေက သဘောမတူဘူး။ ကောင်းကျိုးလည်း မရှိဘူး။ သူတို့ အစည်းအဝေးတွေ လာလုပ်ရင်လည်း ပွင့်လင်းမြင်သာမှု မရှိဘူး။ ပြီးတော့ ရေနံချက်စက်ရုံရဲ့ ဆိုးကျိုးတွေလည်း ဘာမှမပြောပြဘူး”ဟု ရန်ကုန်မြို့ရှိ မီဒီယာ စာကြည့်တိုက်တွင် ပြုလုပ်သည့် အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း (DSEZ) အကောင်အထည်ဖော်ရန် အတွက် ၂၀၀၈ ခုနစ် မေလတွင် မြန်မာနှင့် ထိုင်း အစိုးရ များက နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၀ ပြည့်နစ် နိုဝင်ဘာ ၂ ရက်တွင် အီတာလျံ- ထိုင်း ကုမ္ပဏီနှင့် မြန်မာအာဏာပိုင်တို့ အကြား လုပ်ငန်းအကောင်အထည် ဖော်ဆောင်မှုဆိုင်ရာ ကန်ထရိုက်စာချုပ် လက်မှတ် ရေးထိုးခဲ့ပြီး လုပ်ငန်း အကောင်အထည်ဖော်မှုများ စတင်လုပ်ကိုင်ခဲ့သည်။ ထို့နောက် ၂၀၁၃ ခုနစ် ဇွန်လ ၁၇ ရက်တွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံ ကိန်းကို ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအစိုးရ အကျိုးတူ အထူးရည်မှန်းချက်လုပ်ငန်း စီမံကိန်းအဖြစ် ပြောင်းလဲ လုပ်ကိုင်လျက် ရှိသည်။
ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်နေသည့် နေရာသည် ထားဝယ်မြို့ မြောက်ဘက် ၁၈ မိုင် အကွာတွင် တည်ရှိပြီး ရေ နက် ဆိပ်ကမ်း စီမံကိန်းတွင် ကုန်သေတ္တာတင် သင်္ဘောကြီးများ အပါအဝင် သင်္ဘော ၅၄ စင်း ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်း တခုနှင့် အကြီးစား စက်မှုလုပ်ငန်းများ ဖြစ်သည့် ရေနံချက် စက်ရုံနှင့် ရေနံလှောင်ကန်များ၊ ဓာတ်မြေသြဇာ စက်ရုံ၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ အသေးစား စက်မှုလုပ်ငန်းများ၊ ရေလှောင်ကန် တကန်နှင့် မြို့ပြ အိမ်ရာများ ပါဝင်မည် ဖြစ်သည်။ ထို့အပြင် ထိုင်းနိုင်ငံနှင့် ဆက်သွယ်မည့် အဝေးပြေး ကားလမ်းမကြီးနှင့် မီးရထားလမ်းလည်း ပါဝင်မည် ဖြစ် ကြောင်း သိရသည်။