ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု၌ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံရသည့် မြန်မာလူငယ် ၂ ဦး၏ အမှုကို ကော့စမွေ တရားရုံးတွင် ယနေ့ ဒုတိယ အကြိမ် ရုံးထုတ် စစ်ဆေးကြောင်း သိရသည်။
တရားရုံး ကြားနာစစ်ဆေးရာတွင် တရားလိုပြသက်သေ ၄၀ အပါအဝင် အထောက်အထားမှတ်တမ်း စာရွက်စာတမ်း များစွာကို ထိုင်း အစိုးရ တရားစွဲဆိုရေး အဖွဲ့က တင်ပြခဲ့ကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်နေသည့် မြန်မာသံရုံး အထူးအဖွဲ့မှ ရှေ့ နေ ဦးအောင်မျိုးသန့်က ပြောပြသည်။
“အမှုနဲ့ပတ်သက်တဲ့ CCTV မှတ်တမ်း အပါအဝင် စာရွက်စာတမ်းတွေကို ရုံးတော်ကိုတင်ပြတယ်။ သက်သေစာရင်း ၄၀ လောက် ကို သူတို့ တင်လိုက်တယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
အဆိုပါ တရားလိုပြ သက်သေသ လူ ၄၀ စာရင်းတွင် အခင်းဖြစ်ပွားပြီးနောက် အလောင်းကောက်သည့်အဖွဲ့၊ CCTV မှတ် တမ်း ကြည့်ရှုစစ်ဆေးသည့်အဖွဲ့ စသည်တို့ ပါဝင်ကြောင်းလည်း ဦးအောင်မျိုးသန့် က ဆက်ပြောသည်။
ထို့နောက် တတိယအကြိမ် ရုံးချိန်းအတွက် လာမည့် ၂၀၁၅ ခုနှစ် ဇူလိုင်လသို့ ထပ်မံ ချိန်းဆိုခဲ့ကြောင်း၊ သို့သော် တရားရုံးတွင် တရားခံပြသက်သေ တင်ပြနိုင်ရေး အတွက် မြန်မာလူငယ် ၂ ဦးဘက်က အခက်အခဲများ ရှိနေကြောင်းလည်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးအောင်မျိုးသန့်က မြန်မာနိုင်ငံတွင် မြန်မာလူငယ် ၂ ဦး ဘက်မှ တရားခံမဟုတ်ကြောင်း သက်သေ ထွက်ဆိုပေးမည့်သူများနှင့် ၎င်းတို့အဖွဲ့က တွေ့ဆုံစစ်မေးမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနိုင်ငံ ကော့စမွေ တရားရုံးသို့ သွား ရောက် သက်သေခံရေး လုံခြုံရေး စိုးရိမ်မှုများ ရှိနေကြောင်းလည်း ဦးအောင်မျိုးသန့်က ပြောသည်။
သို့အတွက် ယနေ့ ရုံးချိန်းတွင် ထိုင်းနိုင်ငံ ကော့စမွေ တရားသူကြီးများထံ တရားခံ ရှေ့နေများက တင်ပြခဲ့ရာ ဘန်ကောက် မြန်မာ သံရုံးမှနေ၍ ဗီဒီယို အွန်လိုင်း စစ်ဆေးမှုဖြင့် လုပ်ဆောင်နိုင်သည်ဟု အကြံပြုခဲ့ကြောင်း ဦးအောင်မျိုးသန့်က ပြောပြ သည်။
“သက်သေတွေက ကြောက်နေကြတယ်လို့ပြောပြီး သံရုံးအနေနဲ့ပြောမယ်ဆိုရင် သံရုံးအထိပဲ ခေါ်ပေးလို့ရတယ်လို့ တင်ပြတယ်။ တရားသူကြီးက စဉ်းစားတယ်။ ဆွေးနွေးတိုင်ပင်ပြီးတော့ နောက်ဆုံးမှာ သက်သေတကယ်မှန်ကန်လို့ မလာနိုင်ဘူး ဆိုရင် Video Conference နဲ့ သံရုံးထဲမှာ စစ်ပြီးတော့ ပို့တာမျိုး အကြံပြုတယ်”ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါ ရုံးချိန်းမတိုင်ခင် မြန်မာ လူငယ် ၂ ဦး အာမခံ ရရှိရေးအတွက် တရားသူကြီးကို တင်ပြခဲ့ရာ လိုအပ်သည့် စာရွက်စာတမ်း များ ပြင်ဆင်ပြီးပါက အာမခံရရေး ဆက်လက် ဆောင်ရွက်မည်ဟု ဦးအောင်မျိုးသန့်က ဆက်လက် ပြောဆိုသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေတရားရုံးတွင် လိပ်ကျွန်း လူသတ်မှုနှင့်ပတ်သက်၍ ယနေ့ ဒုတိယအကြိမ် ရုံးချိန်း၌ မြန်မာ လူငယ် ၂ ဦး၏ မိဘများနှင့် အမှုတွင်လိုက်ပါ ဆောင်ရွက်နေသည့် မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့များ၊ ရှေ့နေများ တက် ရောက်ခဲ့ကြသည်။
ထိုလူငယ် ၂ ဦးကို တရားစွဲထားသည့် ပြစ်မှုများတွင် လုယက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ စုပေါင်း လုယက်မှု၊ အမှန်တရားကို ထိန်ချန် မှု၊ ပစ္စည်း ခိုးယူမှု၊ ထိုင်းနိုင်ငံ အတွင်း တရားမဝင် လာရောက်မှု၊ တရားမဝင် နေထိုင်မှု စသည့် ပြစ်မှု ၇ ခု ဖြင့် စွပ်စွဲခံနေရခြင်းဖြစ် သည်။
ယနေ့ တရားရုံးတွင် လာရောက်ခဲ့ကြသော မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့က အင်တာနက် လူမှုကွန်ရက်စာမျက်နှာများတွင် လိပ်ကျွန်း လူသတ်မှုနှင့် ဖမ်းဆီးခံထားရသော ၎င်းတို့အပေါ် အကူအညီပေးကြသူများ၊ စာနာနားလည်သူများ နိုင်ငံတကာ အသိုင်းအဝိုင်းများအားလုံးကို ကျေးဇူးတင်ကြောင်း ရေးသားထားသော စာတစောင်ကို အကူအညီပေးသူများကို ပေးအပ်ခဲ့ သည်။
“အမှန်တရားကို ပြောပြခွင့် မရရှိဘဲနဲ့ အသိုင်းအဝိုင်းအလယ်မှာ သူတို့ ပြုသမျှ ခံခဲ့ရတယ်”ဟု မောင်ဝင်းဇော်ထွန်း၏ လက်ရေးဖြင့် ပေးခဲ့သော စာတွင် ဖော်ပြထားသည်။
အဆိုပါ လက်ရေးမူစာများကို လိပ်ကျွန်း လူသတ်မှုအရေး အကူအညီပေးနေသော ဗြိတိန်နိုင်ငံသား အင်ဒီဟောလ်၏ ဖေ့စ်ဘုတ် စာမျက်နှာပေါ်တွင်လည်း ဖော်ပြထားသည်။
အဆိုပါ မြန်မာလူငယ် ၂ ဦး၏ အမှုကို ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းတွင် ကော့စမွေ တရားရေးဌာနက ရုံးတင်ခဲ့ခြင်း ဖြစ်သည်။