နားကြပ် တပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ပုံကို အသုံးပြုမှုနှင့် ဖမ်းဆီးအရေးယူ ခံထားရသည့် V Gastro.bar အဖျော်ယမကာ ဘား ဆိုင် အထွေထွေ မန်နေဂျာ နယူးဇီလန် နိုင်ငံသား Mr.Philips တဦးတည်းကို ယနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တရားရုံးတွင် ရုံးထုတ် ကြောင်း ရှေ့နေ က ပြောသည်။
Mr.Philips က တတိယအကြိမ်မြောက် ဖြစ်သော ယနေ့ ရုံးချိန်းတွင် ဘားဆိုင် ရင်းနှီးမြှုပ်နှံသူ ၅ ဦး ရှိကြောင်းနှင့် ဆိုင်ပိုင်ရှင် မည်သူ ဖြစ်သည်ကို မသိရှိကြောင်း ထွက်ဆိုသည်ဟု ရှေ့နေ ဦးမြသွေးက မီဒီယာများကို ပြောပြသည်။
Mr.Philips ၏ ရှေ့နေ ဦးမြသွေးက“ဒီဆိုင်ဖွင့်ဖို့ ငွေထည့်ဝင်ထားတဲ့သူ ၅ ဦး ရှိတယ်လို့ Philips က ပြောတယ်။ Philips က ဘယ် သူ ပိုင်ရှင်လည်းဆိုတာ မသိဘူး။ သူ့ကို လစာပေးရင် Account(စာရင်းကိုင်)ပိုင်းက စာအိတ်နဲ့ ပေးတယ်။ သူ့ဘာသာသူ Google က ပုံပေါင်း ၂၀ ထဲက တပုံကို ယူပြီး သုံးလိုက်တာလို့ ပြောတယ်”ဟုလည်း ပြောသည်။
Mr. Philips က ဆိုင်တွင် ငွေထည့်ဝင် ရင်းနှီးမြှပ်နှံသူ ၅ ဦး ရှိသည်ဟု ပြောဆိုသော်လည်း ပိုင်ရှင်မည်သူ ဖြစ်သည်ကို မသိရှိကြောင်း၊ နားကြပ် တပ်ထားသည့် ဗုဒ္ဓ ရုပ်ပွားတော်ပုံကိုလည်း အင်တာနက်မှ ရှာဖွေပြီး သူကိုယ်တိုင် လူမှုကွန်ရက်များတွင် ဖြန့်ဝေခြင်း ဖြစ်ရာ ယခုကိစ္စကို ပိုင်ရှင်ဖြစ်သူတို့ သိရှိခြင်းမရှိဟု ထွက်ဆိုကြောင်း ရှေ့နေ ဦးမြသွေးက ဧရာဝတီသို့ ပြောသည်။
နယူးဇီလန် နိုင်ငံသား Mr.Philips ကို ကူညီနိုင်ရန် နယူးဇီလန် သံရုံးအရာရှိများက ရှေ့နေ ဦးမြသွေးကို လာရောက် တွေ့ဆုံခဲ့ကြောင်း၊ မကြာမီ ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် နယူးဇီလန်နိုင်ငံက သံရုံး လာရောက် ဖွင့်လှစ်မည်ဟု သိရှိရကြောင်းလည်း ၎င်းက ဆိုသည်။
ယခု စွဲဆိုထားသည့် အမှုအတွက် နယူးဇီလန်နိုင်ငံသားဘက်မှ သက်သေ ၂ ဦး၊ ဦးထွန်းသူရိန်နှင့် ဦးထွဋ်ကိုကိုလွင် ၂ ဦးအတွက် သက်သေ ၉ ဦး တင်ပြထားကြောင်း သိရသည်။
V Gastro.bar ဘားဆိုင်ကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်တွင် ဆိုင်ဖွင့်ပွဲ ကျင်းပရန်အတွက် ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာတွင် ကြော်ငြာခဲ့သည်။
ယင်းကြော်ငြာ၌ နားကြပ် တပ်ထားသည့် ဗုဒ္ဓ ရုပ်ပွားတောင်ပုံမှာ လူမှု ကွန်ရက် စာမျက်နှာများတွင် ချက်ချင်း ပျံ့နှံ့သွားသည်။
ဗုဒ္ဓဘာသာ၏ အထွဋ်အမြတ်ထားသော ဗုဒ္ဓရုပ်ပွားတော်ပုံကို အသုံးပြုခဲ့သည့်အတွက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းတွင် ဗဟန်းမြို့နယ် ရဲစခန်းက ထိုဘားဆိုင်ကို ယာယီပိတ်သိမ်းခဲ့ပြီးနောက် ၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင်ပြီး တရားရုံးတင်၍ ဗဟန်းမြို့နယ် သာသနာရေးတာဝန်ခံက ဘာသာသာသနာဆိုင်ရာ ပြစ်မှုပုဒ်မ ၂၉၅၊ ၂၉၅ (က) နှင့် တရားလိုပြုလုပ် တရားစွဲခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ဒေသန္တရ အုပ်ချုပ်ရေးအမိန့် ပုဒ်မ ၁၈၈ အရ V Gastro.bar ကို ညဘက် အချိန် ကျော်လွန် ဖွင့်လှစ်မှု၊ အသံဖြင့် ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေမှုတို့ဖြင့် ထပ်မံ တရားစွဲခဲ့ကြောင်း သိရသည်။
ယင်းအမှုနှင့် ပတ်သက်၍ နယူးဇီလန်နိုင်ငံသားအတွက် ရှေ့နေလိုက်ပေးရန် ရှေ့နေငှားရန်းရာတွင် အခက်အခဲရှိခဲ့ပြီး ယခု ရှေ့နေ လိုက်ပေးနေသည့် ၎င်းကိုလည်း ဖေ့စ်ဘုတ်မှ တဆင့် ခြိမ်းခြောက်မှုများ ရှိနေသည်ဟု ဦးမြသွေး က ပြောသည်။
ဦးမြသွေးက“ကျနော့်မှာတော့ ဖေ့စ်ဘုတ်အကောင့် မရှိဘူး။ ကျနော့် သားသမီးတွေ အကောင့်ကနေ ကျနော့်ကို မီးရှို့ ပြာချမယ်။ အပိုင်းပိုင်း ခုတ်မယ်လို့ ပြောတယ်။ အခုလို ခြိမ်းခြောက်တာတွေ ကြုံရတယ်။ သူတို့ဘာသာ ဖေ့စ်ဘုတ်မှာ အော်ချင်တာ အော် တာပေါ့။ တိုက်ရိုက် ခြိမ်းခြောက်တာတော့ မဟုတ်ဘူး”ဟု ပြောဆိုသည်။
ယခု တတိယမြောက် ရုံးချိန်းတွင် နယူးဇီလန်နိုင်ငံသား Mr.Philips တဦးတည်းကို စစ်ဆေးခဲ့ဖြင်း ဖြစ်ပြီး ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်နှင့် မန်နေဂျာ ထွဋ်ကိုကိုလွင်တို့ နှစ်ဦးကို လာမည့် ဇန်နဝါရီလ ၂ ရက်နေ့တွင် ထပ်မံ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။