၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ကျေးလက်ဒေသ တခုမှ အသက် ၂၀ အရွယ် မမေအေးနွယ်သည် ပိုမိုကောင်းမွန်သည့် ဘဝတခု ရှာဖွေရန် ထိုင်းနိုင်ငံသို့ နယ်စပ်မှတဆင့် သွားရောက်မည့် လှေငယ်တစင်းနှင့် လိုက်ပါလာချိန် အိန္ဒိယ သမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့သော ဆူနာမီလှိုင်းဒဏ်နှင့် ကြုံခဲ့ရသည်။
ထိုသို့ ဆူနာမီလှိုင်းဒဏ် ကြုံရပြီး ၁၀ ရက် အကြာတွင် သမီးဖြစ်သူ သေဆုံခဲ့ပြီဖြစ်ကြောင်း ပြောကြားသည့် ဖုန်းခေါ်ဆိုမှု တခုကို မမေအေးနွယ်၏ မိခင် လက်ခံ ရရှိခဲ့သည်။ သို့သော် သမီးဖြစ်သူ၏ ရုပ်အလောင်းကို မည်သည့်နေရာတွင် မြှပ်နှံထားသည်ကိုမူ မသိရှိရကြောင်း ၎င်းက ဆိုသည်။
“ကျမရဲ့ကလေး ပျောက်ဆုံးနေတာလို့ အချိန်အကြာကြီး ယုံကြည်ထားခဲ့ပါတယ်”ဟု မျက်ရည်များဖြင့် မမေအေးနွယ်၏ မိခင်ဖြစ် သူ ဒေါ်အေးပုက သတင်းလာရောက် မေးမြန်းသူများကို ပြောဆိုခဲ့သည်။
၎င်းတို့သည် မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ် အတွင်းရှိ ကျေးရွာလေး တခုတွင် နေထိုင်ပြီး အသက်မွေးဝမ်းကျောင်း လုပ် ငန်း အဖြစ် ရာဘာစေးခြစ်ခြင်း လုပ်ငန်းကို လုပ်ကိုင် အသက်မွေးကြသူများ ဖြစ်သည်။
ဆူနာမီ ဖြစ်ပေါ်ခဲ့မှု ၁၀ နှစ်ပြည့်တော့မည့် အချိန်တွင် အသက် ၅၅နှစ် အရွယ် မုဆိုးမ ဒေါ်အေးပု အတွက် နောက်ဆုံး စိတ်ဖြေသိမ့် ဖွယ်ရာများ ပေါ်ပေါက်လာသည်။
ထိုဖြစ်ရပ်မှာ ဆူနာမီ အပြီးတွင် မမေအေးနွယ်၏ ရုပ်အလောင်းကို ထိုင်းနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့ပြီး အမည်မသိ သချႋုင်းတခုတွင် မြှုပ်နှံ သင်္ဂြိုဟ်ခဲ့ပါသည်။ သေဆုံးသူများ၏ ကမ္ပည်း ကျောက်တိုင်များကို အမည်နှင့် မဟုတ်ဘဲ နံပါတ်များနှင့် ရေးထိုးထားသည်။
သေဆုံးသူ မည်သူမည်ဝါဖြစ်သည့် အမှန်တရားကို သိရှိနိုင်ရန် ၁၀နှစ် နီးပါး ကာလ ကြာမြင့်ခဲ့ပါသည်။ ယနေ့ အချိန်တွင် သဘာ၀ ဘေးအန္တရာယ်၏ မေ့ပျောက်ခံ သားကောင်များ အတွက် အမှတ်ရစရာ တခုအနေဖြင့် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဆူနာမီ လှိုင်းဒဏ် ခံခဲ့ရပြီး သေဆုံးခဲ့ကြသည့် သားကောင်များ၏ သုသာန် တခုတွင် အခြားသော အမည်မသိသူ ၄၀၀ ကျော်နှင့် အတူ မမေအေးနွယ် လည်း လဲလျောင်း ရှိနေပါသည်။
AP သတင်းဌာနက မမေအေးနွယ်၏ မိခင် အပါအဝင် ဆူနာမီလှိုင်းကြောင့် သေဆုံးသွားသူ ၂ဦး၏ မိသားစု ၂ ခုကို စုံစမ်း ရှာဖွေရေး ကူညီပေးခဲ့သည်။
“ကျမ အခုဘယ်လို ဝမ်းနည်း၊ ဝမ်းသာ ခံစားနေရတယ် ဆိုတာကို ပြောပြလို့တောင် မရနိုင်ပါဘူး”ဟု သေဆုံးသွားသူ မမေအေးနွယ်၏ မိခင်ဖြစ်သူ ဒေါ်အေးပုက AP ကို ပြောဆိုသည်။
ထိုသို့ ရှာဖွေတွေ့ရှိမှုက မမေအေးနွယ်၏ မိသားစု အတွင်းတွင် ဘဝသစ် တခုကို ရောက်ရှိသွားခဲ့သော ချစ်ခင်ရသော သမီးနှင့် ပတ်သက်သည့် အမှတ်တရများကို ပြန်ပြီး အစဖော်သကဲ့သို့ ဖြစ်လာခဲ့သည်ဟု ဆိုသည်။
မမေအေးနွယ်၏ အိပ်မက်မှာ သူနာပြုဆရာမ တယောက် ဖြစ်လာရန် ရည်မှန်းထားသော်လည်း အခြားသော မြန်မာနိုင်ငံက နွမ်းပါးသူ အများစု လုပ်ကိုင်ကြသကဲ့သို့ ထိုင်းနိုင်ငံတွင် ငွေရှာဖွေရန် ထွက်သွားခဲ့ခြင်း ဖြစ်သည်။
မမေအေးနွယ်သည် ကလေးအရွယ် ကတည်းကပင် သူငယ်ချင်း ဖြစ်ခဲ့သူ မခင်ထွေးရီနှင့် အတူ သူတို့ရွာမှ မိုင် ၆၀၀ ကျော်ဝေးသော မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းသို့ ထွက်ခွာသွားခဲ့ကြခြင်း ဖြစ်သည်။
ထိုမှတဆင့် ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၀နာရီ အချိန်ခန့်တွင် ကပ္ပလီ ပင်လယ်ပြင်ကို ဖြတ်၍ ထိုင်းနိုင်ငံသို့ သွားရောက်မည့် လှေတစီးပေါ်သို့ သူတို့ တက်ရောက်ခဲ့ကြသည်။ ခရီးချိန် ၁၅ မိနစ်မျှသာ ကြာမည် ဖြစ်ပါသည်။
ထိုနေ့ နံနက် အစောပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဆူမတြား ကမ်းရိုးတန်း အနီး ပင်လယ်ကြမ်းပြင်တွင် ပြင်းအား ၉.၁ ရှိသည့် မြေငလျင် တခု လှုပ်ခတ်ခဲ့ရာ တန်ချိန်ပေါင်း ဘီလီယံနှင့်ချီသော ရေများ လှုပ်ရှားသွားပြီး အိန္ဒိယ သမုဒ္ဒရာ အတွင်းသို့ လှိုင်းလုံးများ တိုးဝင် သွားခဲ့သည်။
အချို့နေရာများတွင် လှိုင်းလုံးများသည် ဂျက်လေယာဉ် တစီး၏ အရှိန်နှင့် ဖြစ်သည်။ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လူ ၂၃၀,၀၀၀ ခန့် သေ ဆုံးခဲ့ကြသည်။
ထိုင်းနိုင်ငံ ကပ္ပလီပင်လယ် ကမ်းရိုးတန်းတွင် လူပေါင်း ၅၀၀၀ ကျော်သေဆုံးခဲ့ပြီး လှိုင်းလုံးများက အပန်းဖြေ ကမ်းခြေများနှင့် တံငါရွာများကို ဝါးမျိုသွားခဲ့သည်။
ငြိမ်သက်နေသော ပင်လယ်ပြင်သို့ လှေဖြင့် ထွက်လာပြီး မိနစ်အနည်းငယ် အကြာတွင် လှုပ်ရှားလာခဲ့သည်ဟု အသက်ရှင်လွတ် မြောက်လာခဲ့သော မခင်ထွေးရီက ပြောပြသည်။ သူနှင့် မမေအေးနွယ်တို့သည် အရင်က ပင်လယ်ပြင်ကို တခါမျှ မမြင်ဘူးခဲ့ကြောင်းနှင့် လှိုင်းများက ပုံမှန် မဟုတ်သည်ကို သတိမပြုမိခဲ့ကြောင်းလည်း မခင်ထွေးရီက ပြောသည်။
သူတို့ လိုက်ပါလာသောလှေသည် တဖျတ်ဖျတ် လှုပ်ခါလာပြီး လှေပေါ်တွင် ထိတ်လန့် တုန်လှုပ်မှုနှင့် အော်ဟစ်သံများ ကသောင်း ကနင်း ပြေးလွှား လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့ရာ သူ၏ သူငယ်ချင်းနှင့် ခွဲခွာခဲ့ရသည့် နောက်ဆုံးအချိန် အခိုက်အတန့်များကို ယခု အချိန်အထိ ကြောက်လန့်နေမိဆဲ ဖြစ်သည်ဟု မခင်ထွေးရီက ဆိုသည်။
“ကျမတို့ တယောက်ကိုတယောက် အတင်း ဖက်ထားကြတယ်။ သူက ကျမကို ဆွဲထားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျမသူ့ကို တွန်းဖယ်ခဲ့ရတယ်။ ကျမ ဘာမှ မတတ်နိုင်တော့ဘူး။ ကျမရဲ့အသက် အတွက် ရုန်းကန် ခဲ့ရတယ်။ ကျမ သူ့ကို မကယ်နိုင်ခဲ့ဘူး”ဟု မခင်ထွေးရီက ပြောပြသည်။
ရေတွင် မျောနေသည့် ပလတ်စတစ်ပုံး တပုံးကို ဆွဲကိုင်မိခဲ့သည့် အတွက် အသက်ရှင်ခဲ့ရသည်ဟု မခင်ထွေးရီက ဆက်ပြောသည်။ ပင်လယ်တွင်း ၁ နာရီခန့် ကြာပြီးနောက် ကမ်းခြေ တခုသို့ ရောက်ရှိသွားခဲ့သည်ဟု သူက ပြောသည်။
ထိုင်း နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ရသည်။ ဘာတွေ ဖြစ်ခဲ့သည်ကို ထိုင်းအာဏာပိုင်များထံ သတင်းပို့ရန်လည်း အလွန် ကြောက်ရွံ့ ခဲ့ရသည်ဟု မခင်ထွေးရီက ဆိုသည်။ တရားမဝင် အလုပ်သမားတယောက် အဖြစ်နှင့် ထိုင်းနိုင်ငံတွင် ၂ နှစ် နေထိုင်ခဲ့ပြီး နောက် ဇာတိသို့ ပြန်လာကာ မိသားစု တခု စတင် ထူထောင်ခဲ့သည်ဟုလည်း သူက ပြောသည်။
မမေအေးနွယ်၏ အဖြစ်အပျက်သည် ထိုင်းတောင်ပိုင်း Ban Bangmuang မြို့ရှိ ဆူနာမီ သားကောင်များ၏ သုသာန်တွင် အမည် မသိ ရုပ်အလောင်း ၄၁၈ ခု မည်သည့် အတွက်ကြောင့် ရှိနေရခြင်းကို ရှင်းပြနေသကဲ့သို့ ရှိနေပါသည်။
၎င်းတို့ အထဲမှ အများစုသည် ထိုင်းလူမျိုးများ မလုပ်ချင်သည့် အလုပ်များ လုပ်ရန်အတွက် ရောက်ရှိလာသော မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လုပ်သားများ ဖြစ်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။
ယခုအချိန်အထိ ထိုဒေသများတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသူ အများအပြား ရှိနေပြီး ၎င်းတို့တွင် စာရွက်စာတမ်း အထောက် အထားများလည်း မရှိကြပါ။ သူတို့ သေဆုံးသည့်အခါ သူတို့ မည်သူမည်ဝါ ဖြစ်သည်ကို သိသော သူများကလည်း အာဏာပိုင်များဆီ သွားရောက် သတင်းပေးရန် အလွန်ကြောက်ရွံ့ကြသည်။
မြန်မာရွှေ့ပြောင်း လုပ်သားများ၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများအတွက် ဆောင်ရွက်ပေးနေသော ဦးထူးချစ်က“သူတို့ ထဲက ၉၀ ရာခိုင်နှုန်းကျော်က မြန်မာရွှေ့ပြောင်း လုပ်သားတွေ ဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်”ဟု ပြောဆိုသည်။
“သူတို့ ချစ်ခင်တဲ့ သူတွေကို ဆုံးရှုံးခဲ့ရတဲ့ ရွှေ့ပြောင်းအလုပ်သမား အများအပြားက အဖမ်းခံရမှာနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ ခံရမှာ ကြောက်ရွံ့ကြတယ်။ ဒါကြောင့် ဒီမှာ အလောင်းတွေ အများကြီး ရှိနေတာ ဖြစ်ပါတယ်”ဟုလည်း သူက ဆက်ပြောသည်။
AP ၏ စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် သတင်းထောက်များက စာရွက်စာတမ်းမှတ်တမ်း ၁၀၀ ကျော်ကိုစစ်ဆေးခဲ့ရာ၌ အများစုမှာ နာမည်တခုသာ ရှိပြီး ဆက်သွယ်ရမည့် နေရာနှင့် ဖုန်းနံပါတ်များ မရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
အချို့မှာ မျိုးဗီဇ(DNA) အချက်အလက် ရှိသော်လည်း အများစုမှာ စာရင်းသွင်းထားသည့် နံပါတ်များသာ ဖြစ်သည်။
မမေအေးနွယ်၏ မှတ်တမ်း နံပါတ်မှာ PM66-TA1415 ဖြစ်သည်။
သူ၏ အလောင်းနှင့်အတူ မှတ်ပုံတင် ကတ်ပြားကိုပါ AP က တွေ့ရှိခဲ့ရသည့် အတွက် မည်သည့် အကြောင်းကြောင့် အမည်မသိ စာရင်းသို့ ရောက်ရှိရသည်ကို မရှင်းလင်းသဖြင့် ထိုမှတ်ပုံတင် ကတ်ပြားကို အသုံးပြုပြီး AP သတင်းဌာနက သူနေထိုင်ခဲ့ရာ ကျေးရွာ နှင့် သူ၏ မိခင်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
မမေအေးနွယ်၏ မိခင်ဖြစ်သူမှာ အလွန်ဆင်းရဲသဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး သမီးဖြစ်သူ၏ အလောင်းကို ပြန်လည် ရယူရန် သို့မဟုတ် ပြန်လည် သယ်ယူရန် မတတ်နိုင်ပါ။ သမီး၏ အလောင်းကို ဗုဒ္ဓဘာသာထုံးတမ်း အစဉ်အလာနှင့် အညီ မြှုပ်နှံသင်္ဂြိုဟ် ထားခြင်း ဖြစ်လိမ့်မည်ဟုသာ သူက မျှော်လင့်ထားသည်။
“ဘယ်သူ့ကိုမှလည်း အပြစ်မတင်ပါဘူး။ သူ့ အလောင်းကို ထိန်းသိမ်းပေးခဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ကျမသမီးရဲ့ ကံကြမ္မာပဲပေါ့”ဟု ဒေါ်အေးပုက ငိုရှိုက်ရင်း ပြောဆိုသည်။ ။
10 Years After Tsunami, Burmese Victim’s Mom Learns Body Wasn’t Lost By JERRY HARMER & JOCELYN GECKER / THE ASSOCIATED PRESS ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။