လူသေဆုံးမှု အထိ ဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင် အရေးကိစ္စသည် အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ရှိကြောင်း အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ကော့မှူးမြို့နယ် နှစ် ၅၀ ပြည့် အခမ်းအနားကို ယနေ့ ညနေပိုင်းက ကော့မှူးမြို့နယ် အားကစားကွင်းတွင် ကျင်းပခဲ့ပြီး ယင်း အခမ်း အနားသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တချို့၏ မေးမြန်းချက်ကို အထက်ပါ အတိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က“အကြံပြုချက်တွေကို လုံလုံလောက်လောက် ပေးထားတယ်။ ဒီအကြံပြုချက်တွေကို တိတိကျကျ မလုပ် တာ အုပ်ချုပ်ရေးမှာ တာဝန်ရှိတယ်။ ကိုယ့်အပိုင်းနဲ့ ကိုယ့်အပိုင်း တာဝန်ယူရမှာပေါ့။ အဲဒါဆိုရင် အားလုံး လုပ်စေချင်ရင်လည်း အုပ်ချုပ်ရေး အာဏာပါ အပ်လိုက်၊ အဲဒါဆို အားလုံး လုပ်ပေးလို့ ရတာပေါ့”ဟု ဆိုသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အလားတူ ဖြစ်ရပ်မျိုး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်ကလည်း ဖြစ်ပွားခဲ့ဖူးပြီး စီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ တောင်းဆိုသူများကို ရဲတပ်ဖွဲ့က မီးလောင် ဗုံးဖြင့် အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့ရာ သံဃာတော် အပါး ၇၀ ကျော်နှင့် လူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းတောင် အရေးကိစ္စနှင့် ပတ်သက်၍ လက်ပံတောင်း တောင် အစီရင်ခံစာ ရေးဆွဲရေး ကော်မရှင် ဥက္ကဋ္ဌ တဦး အဖြစ် ၂၀၁၂ ခုနှစ်တွင် တာဝန်ယူခဲ့ရသူ ဖြစ်သည်။
လက်ပံတောင်းတောင် အစီရင်ခံစာပါ အချက်အလက်များကို အကောင်အထည်ဖော်ရန် အတွက် အစိုးရ ဖွဲ့စည်းပေးခဲ့သည့် ကော်မတီ အနေနှင့်လည်း ကော်မရှင်၏ အကြံပေးချက်များကို လိုက်နာ ဆောင်ရွက်မှုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ပြောကြားခဲ့သည်။
“ကော်မတီက တချို့ကို အကောင်အထည်ဖော်ပါတယ်။ ဒါပေမယ့် ပြည့်ပြည့်စုံစုံ မရှိဘူး။ အစီရင်ခံစာပါ အချက်တွေကို တိတိကျကျ လိုက်နာတာမရှိဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
ကော့မှူး နှစ် ၅၀ ပြည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က နေရာတိုင်းတွင် တရားဥပဒေ စိုးမိုးရေးသည် အရေးကြီးဆုံး ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က“တရားဥပဒေ စိုးမိုးရေးဆိုတာ ပြည်သူလူထုကို လုံခြုံမှု ပေးဖို့ပါ။ အကောင်းဆုံး လုံခြုံမှုဟာ တရားတဲ့ ဥပဒေတွေ ရှိရမယ်။ တရား ဥပဒေဟာ ထိထိရောက်ရောက်နဲ့ ပြည်သူလူထုကို အကာအကွယ် ပေးနိုင်ရမယ်။ အဲဒါကြောင့် ဥပဒေ ဆိုတာ တရားရတယ်။ မတရားတဲ့ ဥပဒေဖြစ်နေပြီ ဆိုရင် ပြည်သူတွေဟာ လုံခြုံမှု ရှိနိုင်မှာ မဟုတ်ပါဘူး”ဟုလည်း ပြောဆိုသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်က စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတိုးချဲ့ရန်အတွက် လျော်ကြေး ရယူထားခြင်းမရှိသော လယ်မြေများကို တရုတ် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ရာမှ ရဲတပ်ဖွဲ့နှင့် ဒေသ ခံများ အကြား ပဋိပက္ခ ဖြစ်ပွား၍ ရဲတပ်ဖွဲ့၏ အကြမ်းဖက် နှိမ်နင်းမှုကြောင့် အသက် ၅၇ နှစ်အရွယ် ဒေါ်ခင်ဝင်း သေဆုံးပြီး ဒေသခံ အမြောက်အမြား ဒဏ်ရာရရှိခဲ့သည်။
ဒီဇင်ဘာလ ၂၄ ရက်တွင် သေဆုံးသူ ဒေါ်ခင်ဝင်းသည် ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်သော သေနတ်ကျည်ဆန်ကြောင့် ဦးခေါင်းပွင့်ထွက် သေဆုံးသွားခြင်းဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ်ဆေးရုံမှ မှုခင်းဆရာဝန်က အတည်ပြုပေးခဲ့ကြောင်း သိရသည်။