သရပါ မဂ္ဂဇင်း အယ်ဒီတာဖြစ်သူ မနုနုယဉ်(ခ) တေးနုယဉ်အား ထိုးကြိတ်ရာမှ သေဆုံးခဲ့မှုကြောင့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးကို ယမန်နေ့က ဗဟန်းမြို့နယ် တရားရုံးတွင် လူသတ်မှုဖြင့် အမှုဖွင့် ရုံးထုတ်၍ ရမန်ယူပြီး အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာလ ၂၅ ရက် နံနက် ၂ နာရီ အချိန်ခန့်တွင် မင်းအုပ်စိုးက ညီမဝမ်းကွဲဆိုသူ သရပါ မဂ္ဂဇင်း အယ်ဒီတာ မနုနုယဉ်(ခ) တေးနုယဉ်အား ၎င်း၏နေအိမ်တွင် လက်သီးဖြင့် ထိုးခြင်း၊ ဆောင့်တွန်းခြင်း၊ ကိုင်ဆောင့်ခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲတာဝန်ရှိသူ တချို့၏ ထွက်ဆိုချက်များအရ သိရသည်။
ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်က“သူ့(မင်းအုပ်စိုး)ကို ရမန်ယူပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်ပြီ။ ပုဒ်မ လူသတ်မှု ၃၀၂ နဲ့ အမှု ဖွင့်ထားတယ်။ လာမယ့် ဇန်နဝါရီ ၈ ရက်နေ့ ရုံးထုတ်စစ်ဆေးမယ်”ဟု ဧရာဝတီသို့ ပြောသည်။
မင်းအုပ်စိုး အနေဖြင့် ပြစ်မှုကျူးလွန်ချိန်တွင် မှုးယစ် ဆေးဝါး သုံးစွဲထားခြင်းရှိ၊ မရှိနှင့် သေဆုံးသူ မနုနုယဉ် (ခ)တေးနုယဉ်သည် ၎င်း၏ ညီမဝမ်းကွဲ ဟုတ်မဟုတ်ကိုမူ ဗဟန်းရဲစခန်းက အတည်မပြုခဲ့ပေ။
လက်ရှိတွင် သရပါမဂ္ဂဇင်း အယ်ဒီတာ မနုနုယဉ်(ခ)တေးနုယဉ် သေဆုံးမှုနှင့် ပတ်သက်ပြီး ဆက်လက် စစ်ဆေးမှုများ ပြုလုပ်ရန် မှုခင်းဆရာဝန်၏ ဆေးစစ်ချက်များ ရယူရန် တရားရုံးတွင် ရမန် (၁၅ ရက်) ယူထားကြောင်း ဗဟန်းရဲစခန်းက ပြောသည်။
သရပါ မဂ္ဂဇင်းနှင့် သရဝဏ် ဗီဒီယို ထုတ်လုပ်ရေး ပိုင်ရှင် မင်းအုပ်စိုး နေအိမ်တွင် မဂ္ဂဇင်း ထွက်ရက်နှင့် ဗီဒီယို ဇာတ်ကား ထွက်ရက် များတွင် ဝန်ထမ်းများ ညအိပ်ရလေ့ရှိကြောင်း မင်းအုပ်စိုးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပြသည်။
မင်းအုပ်စိုးကို ဗဟန်းမြို့နယ် ရဲစခန်းတွင် သွားရောက် တွေ့ဆုံခဲ့သူ၏ ပြောပြချက်အရ မနုနုယဉ် သေဆုံးမှုနှင့်ပတ်သက်ပြီး မင်းအုပ်စိုး အနေဖြင့် မယုံကြည်နိုင်မှုများ ဖြစ်နေကြောင်း၊ ရန်ကုန်သို့ ရောက်ရှိနေသည့် မနုနုယဉ် အမေ ၏ ကျန်းမာရေး ဂရုစိုက် ပေး ရန်နှင့် သေဆုံးသူ မြေကျသည်အထိ ကောင်းကောင်းမွန် ဆောင်ရွက်ပေးရန် သူ့ မိသားစုဝင်များအား မှာကြားခဲ့ကြောင်း သိရ သည်။
“ကျမ သူ့ကို သွားတွေ့ပြီး အစ်ကို ဘယ်လို ဖြစ်တာလဲ မေးတော့ သူက “တေးနု’’ တကယ် သေသွားပြီလားတဲ့ ဒါပဲ ပြောတယ်”ဟု မင်းအုပ်စိုးနှင့် နီးစပ်သူ မိတ်ဆွေ အိုအေစစ်ဂျာနယ် အယ်ဒီတာချုပ် ဒေါ်ဂျူလိုင်မိုး က ပြောသည်။
သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ၎င်းနေထိုင်ရာ ဖိုးစိန်လမ်းရှိ လုံခြုံရေး ဝန်ထမ်း ၂ဦးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖိုးစိန်လမ်းရှိ အမိုက်ပုံ မီးရှို့ခဲ့မူကြောင့် ပုဒ်မ ၆/၁၊ ပုဒ်မ ၄၃၅ တို့ဖြင့် အရေးယူခံရခြင်းတို့လည်း ဖြစ်ပွားခဲ့ဖူးသူ ဖြစ်သည်။