ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ရွေးကောက်ပွဲ ကျင်းပနေသည့် မြောက်ဒဂုံမြို့နယ်တွင် မဲစာရင်း ကျန်ခဲ့မှု များပြားသဖြင့် ရပ်ကွက်တိုင်းတွင် မဲစာရင်းကွာဟမှု ပြဿနာများကို ဖြေရှင်းပေးနေရကြောင်း မြောက်ဒဂုံမြို့နယ် ၊ စည်ပင်သာယာရေး ကော်မတီက ပြောကြားသည်။
မဲစာရင်း ကွာဟမှု ပြဿနာသည် မြောက်ဒဂုံ မြို့နယ် ၊ ရပ်ကွက်တိုင်းတွင် ဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ယနေ့ မနက်ပိုင်းကတည်းက မဲစာရင်း ကွာဟမှု ပြဿနာများကို ဖြေရှင်းပေးနေရကြောင်း ယင်းမြို့နယ် စည်ပင် သာယာရေး ကော်မတီ ၊ စီမံရေးရာဌာန ၊ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးလှမျိုးက ဧရာဝတီသို့ ပြောသည်။
ဦးလှမျိုးက “ကျနော်တို့ စည်ပင်အနေနဲ့ တာဝန်ရှိပါတယ်။ ဒါပေမယ့် အခု လက်ရှိ မဲစာရင်းအတိုင်းပဲ အတည်ပြုသွားမှာပါ။ နောက်လာမယ့် ၂၀၁၅ မှာ လုပ်မယ့် ၅ နှစ် သက်တမ်းမှာ အကောင်းဆုံးပုံစံဖြစ်အောင် လုပ်သွားပါမယ်။ အခု ရပ်ကွက်တိုင်း လိုလိုမှာ ကွန်ပလိန်းတွေ တက်နေတယ်။ ဒါပေမယ့် ဘယ်လိုပဲ တက်တက် မဲစာရင်းမှာ အတည်ပြုတဲ့ အတိုင်းပဲ ပြန်ပြီးတော့ အစားထိုးလို့လည်း မရဘူး” ဟု ပြောသည်။
မြောက်ဒဂုံ ၃၃ ရပ်ကွက်တွင်လည်း မဲစာရင်း ထက်ဝက်ကျော် ကျန်နေခဲ့သည့်အတွက် ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့်
ရပ်ကွက် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူများကြား ပြဿနာတချို့ ဖြစ်ပွားခဲ့ကြောင်း ၃၃ ရပ်ကွက်နေသူ ဦးစိုးဝင်းက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ကို လာကောက်သွားတယ်။ အခု နာမည် စာရင်းထုတ်ပြန်ထားတာကို ကြည့်တော့ ကျနော်တို့ မပါဘူး။ ဒါဘာကြောင့် ဖြစ်ရတာလဲ မေးတော့ သူတို့ စာရင်းတင်တယ်။ စည်ပင်က ထုတ်ပြန်တာ မပါတာလို့ ပြောတယ်။ အခု ကျနော်တို့ ရပ်ကွက်က တော်တော်များများ ကျန်နေခဲ့တယ်” ဟု ဦးစိုးဝင်းက ပြောသည်။
မြောက်ဒဂုံ မြို့နယ် စည်ပင်သာယာရေး ဥက္ကဋ္ဌ (ရပ်မိရပ်ဖ) နေရာကို ဝင်ပြိုင်ထားသည့် ကိုယ်စားလှယ်လောင်း ဦးမြင့်ဇော်၏ အစ်ကိုနှင့် ဖခင် တို့လည်း မဲပေး၍ မရခဲ့ကြောင်း သိရသည်။
ကိုယ်စားလှယ်လောင်း ဦးမြင့်ဇော်၏ အစ်ကို ဦးမြင့်ဝေက “ကျနော့်ညီ ဝင်ပြိုင်တော့ ကျနော့်အနေနဲ့ ပေးချင်တယ်။ အခု ကျနော့်တို့ လူတွေ အများကြီး ကျန်ခဲ့တယ်။ အဖေတို့လည်း ကျန်ခဲ့တယ်။ အခုလို ကျန်ခဲ့တာ ကျနော့်ညီအတွက် အရမ်း နစ်နာတယ်။ တကယ်လို့ သူ မဲရှုံးသွားရင် ဘယ်သူ တာဝန်ယူမှာလည်း။ ကျနော်တို့ကတော့ ဒီကိစ္စကို လုံးဝမကျေနပ်ဘူး။ တာဝန်ရှိသူတွေ အနေနဲ့ ဖြေရှင်းပေးပါ” ဟု ဆိုသည်။
၃၃ ရပ်ကွက်တွင် အိမ်ထောင်စုစာရင်း ၁၈၀၀ ကျော် ရှိရာ ယခု ထုတ်ပြန်ထားသည့် စာရင်းသည် ၈၀၀ ကျော်သာ ရှိ ကြောင်း၊ ယင်းသို့ ကွာဟမှုနှင့် ပတ်သက်၍ ၎င်းအနေနဲ့ မည်သို့မျှ ဖြေရှင်းမှု မပေးနိုင်ကြောင်း၊ ယခုလို ကွာဟမှုသည် လည်း စည်ပင်သာယာရေး ကော်မတီနှင့်သာ သက်ဆိုင်ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဦးနေဝင်းထွဋ်က ပြောသည်။
ဦးနေဝင်းထွဋ်က “ ကျနော်တို့ ကောက်ရမယ့် စာရင်းကို ကောက်တယ်။ ပြီးတော့ စည်ပင်ရုံးကို ပို့ပေးတယ်။ အဲဒီက ပြန်ပို့တဲ့ စာရင်းကို ကျနော်တို့ ကပ်ပေးထားပါတယ်။ မဲစာရင်းမှာ မပါရင် နောက်တိုးမှာ ထပ်ဖြည့်လို့ရတယ်လို့ ပြောထားတယ်။ ဒါပေမယ့် ပြည်သူတွေက စိတ်မဝင်စားကြဘူး ” ဟု ပြောသည်။
၁၉၅၆ ခုနှစ်က မြူနီစပယ် ရွေးကောက်ပွဲကို လုပ်ခဲ့ပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ်မှာ ပြန်လုပ်ပြုလုပ်ရသဖြင့် အစိမ်းသက်သက် ဖြစ်နေရကြောင်း ၊ ထို့အပြင် မဲစာရင်းကိုလည်း အချိန် အကန့်အသတ်ဖြင့် ပြုလုပ်ခဲ့ရပြီး ပြည့်စုံမှုသဖြင့် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ရကြောင်း စည်ပင်အရာရှိ ဦးလှမျိုးက ပြောသည်။
ယနေ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ရွေးကောက်ပွဲ မဲပေးသည့်နေ့တွင် မဲစာရင်း ကွာဟချက် ပြဿနာသည် ရန်ကုန်မြို့ရှိ မြို့နယ်ပေါင်း ၃၃ စလုံးတွင် အနည်းနှင့် အများ ကြုံတွေ့နေကြောင်း စုံစမ်း သိရှိရသည်။
YCDC ရွေးကောက်ပွဲအတွက် ကော်မတီ ၊ ခရိုင် ၊ မြို့နယ်တို့ အတွက် ကိုယ်စားလှယ်လောင်း ၂၉၁ ဦး ဝင်ရောက် ယှဉ်ပြိုင်ထားပြီး ကော်မတီဝင် ကိုယ်စားလှယ် ၄ ဦး ၊ ခရိုင်တခုလျှင် ကိုယ်စားလှယ် ၃ ဦးဖြင့် ခရိုင် ၄ ခုအတွက် ကိုယ်စားလှယ် ၁၂ ဦး၊ မြို့နယ် တခုလျှင် ကိုယ်စားလှယ် ၃ ဦး ဖြင့် ခရိုင် ၃၂ ခုအတွက် ၉၉ ဦး စုစုပေါင်း ၁၁၅ ဦး ရွေးချယ်ခံရမည် ဖြစ်သည်။