မြန်မာနိုင်ငံတွင် ရှားပါးသော ဖြစ်ရပ်တခုအဖြစ် နိုဝင်ဘာလအတွင်းတွင် ရှမ်းပြည်နယ်၊ အရပ်ဘက်တရား ရုံးတရုံးက အရပ် သား တယောက်အပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့သော မြန်မာစစ်တပ်မှ စစ်သားတဦးကို ထောင်ဒဏ်ချမှတ် အပြစ်ပေး နိုင်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းက အသက် ၁၄နှစ် အရွယ် စိတ်ဝေဒနာရှင် ကချင် တိုင်း ရင်းသူ မိန်းကလေးတဦးကို တပ်သား ကောင်းဘိုဘိုဆိုသူက ရိုက်နှိက်ပြီး ခြုံထဲသို့ ဆွဲသွင်းကာ အဓမ္မပြုကျင့် ခဲ့ ကြောင်း၊ အမှုကို ကိုင်တွယ်ခဲ့သည့် စစ်ဘက်တရားရုံးက ပြည်တွင်း လူ့အခွင့်အရေး အဖွဲ့များနှင့် မီဒီယာများ၏ ဖိအား ကြောင့် တရားခံကို အရပ်ဘက်တရားရုံးသို့ လွှဲပြောင်းပေးရန် သဘောတူညီခဲ့ပြီး အရပ်ဘက် တရားရုံးသို့ လွှဲပြောင်း ပေးခဲ့ ကြောင်း၊ စစ်ဘက် ဆိုင်ရာ ဥပဒေများအရလည်း စစ် သား တယောက်သည် လိင်အကြမ်းဖက်မှုနှင့် လူသတ်မှုကဲ့သို့ အရပ် ဘက် ရာဇဝတ်မှု ဥပဒေများကို ချိုးဖောက် သည်ဟု စွပ် စွဲခံရသည့်အခါ အရပ်ဘက် တရားရုံးသို့ လွှဲပြောင်းပေးရန် ခွင့်ပြု ထားကြောင်း သိရှိရသည်။
အရပ်ဘက်ဆိုင်ရာ တရားရုံးက မိန်းကလေးကို ပြန်ပေးဆွဲ၍ မတရားပြုကျင့်ခဲ့ကြောင်း ထင်ရှားသည့် အတွက် တပ်သား ကောင်းဘိုဘိုကို ထောင်ဒဏ် ၁၃ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း၊ အလားတူ စစ်ဘက်ဆိုင်ရာ တရားရုံး ကလည်း တပ်သား ကောင်းဘိုဘိုသည် ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်ကြောင်း စစ်ဆေးတွေ့ရှိသည့်အတွက် ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ ကြောင်း သိရှိရသည်။
ထိုအမှုသည် စစ်တပ်ကျူးလွန်သောလူ့အခွင့်အရေးချိုးဖောက်မှုများထဲမှ တခုပင်ဖြစ်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာတခု ဟုဆိုလျှင်လည်း မမှားနိုင်ပေ။ ပဋိပက္ခနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် နယ်စပ်ဒေသများတွင် အစိုးရစစ်တပ်က လိင် အကြမ်းဖက်မှုကို လက်နက်အဖြစ် သုံးစွဲနေသည်ဟု လူ့အခွင့်အရေးအဖွဲ့များနှင့် အမျိုးသမီးအခွင့်အရေး ဆိုင်ရာ အဖွဲ့များက ဆိုကြသည်။ တိုင်းရင်းသားများကို အကျပ်ကိုင်ရန်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ထောက် ခံခြင်းများ အတွက် အပြစ်ပေးသည့် အနေဖြင့် လိင်အကြမ်းဖက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ အဖွဲ့များက ဆိုကြသည်။
မြန်မာအမျိုးသမီး အဖွဲ့ချုပ်၏ စုစည်းထားသော မှတ်တမ်းများအရ ၂၀၁၀ ခုနှစ်မှစ၍ အစိုးရစစ်သားများက အမျိုးသမီး ၁၀၀ကျော် ကို မတရားကျင့်ကြံခဲ့ပြီး မတရားကျင့်ခံခဲ့ရသော အမျိုးသမီး တဝက်နီးပါးသည် အုပ်စုလိုက် မတရား ပြုကျင့် ခံခဲ့ရခြင်းဖြစ်ကြောင်း၊ မုဒိမ်းမှုအများစုသည် ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ဖြစ်ပွားခြင်းဖြစ် ကြောင်း သိရှိရသည်။
အစိုးရစစ်သားများသည် မုဒိမ်းမှုသာမက ညှဉ်းပန်းသတ်ဖြတ်မှုနှင့် နှိပ်စက်ညှဉ်းပမ်းမှုများကို လုပ်ဆောင်လေ့ရှိသည်ဟု လူ့အခွင့် အရေးအဖွဲ့များက ဆိုသည်။
နယ်စပ်ဒေသမှ တိုင်းရင်းသားများသည် လက်နက်ကိုင်အဖွဲ့များကို ထောက်ခံသည့် အတွက်၊ သို့မဟုတ် အစိုးရစစ်တပ်ကို တိုက်ခိုက်ခံရသည့် အတွက် အစိုးရစစ်တပ်၏ ညှဉ်းပန်းနှိပ်စက်မှုများ ခံရပြီး အစိုးရစစ်တပ်ကလည်း တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ဝင်ဖြစ်သည် သို့မဟုတ် ထောက်ခံသူဖြစ်သည်ဟု သံသယဖြင့် နယ်စပ်ဒေသမှ တိုင်းရင်းသားများကို ဖမ်းဆီး ထိန်းသိမ်းလေ့ရှိသည်။
အစိုးရစစ်တပ်၏ လိင်အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် သတ်ဖြတ်ခြင်းတို့ကြောင့် သားကောင်ဖြစ်ရသူများ နှင့် သူတို့၏ မိသားစုများ အားလုံး နီးပါး တရားမျှတမှု ရရှိနိုင်မည်မဟုတ်ဘဲ အစိုးရစစ်သားများ ကျူးလွန်သော ရာဇဝတ်မှုများ တရား ဥပဒေအတိုင်း ဖြစ်လာစေရေး အခက်အခဲ အတားအဆီးအမြောက်အမြားရှိနေသည်။
ကနဦး စိန်ခေါ်မှုမှာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ၊ ပုဒ်မ ၄၄၅ ဖြစ်ပြီး ပုဒ်မ ၄၄၅ အရ ယခင်အစိုးရ အဖွဲ့ဝင်များကို ၎င်းတို့ အစိုးရ လက်ထက်က တာဝန်ယူလုပ်ဆောင်ခဲ့သည်များနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ အရေးယူ အပြစ်ပေးခြင်း မပြုနိုင်ရန် တားမြစ်ထားသည်။ ယင်းပုဒ်မသည် စစ်တပ်နှင့် အစိုးရအဖွဲ့ဝင်များကို အတိတ်တွင်ဖြစ်ပွားခဲ့သော အကြမ်း ဖက်မှုများ အတွက် ကြိုတင်လွတ် ငြိမ်းချမ်းသာခွင့် ပေးထားခြင်းဖြစ်သည်ဟု အားလုံးက နားလည် လက်ခံထားကြသည်။
နောက်ထပ် စိန်ခေါ်မှုတခုမှာ စစ်ဘက်ဆိုင်ရာ တရားရုံးက ကာကွယ်ရေးဝန်ကြီးဌာနမှ လူပုဂ္ဂိုလ်အားလုံးကို တရားစီရင်ခွင့် ရှိနေပြီး ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်က နောက်ဆုံး အပြီးအပြတ်ဖြစ်သည်ဆိုသော ပြဋ္ဌာန်းချက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံမှ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေး စနစ်ကို အများပြည်သူသိရှိနိုင်ခွင့် မရှိဘဲ စစ်ဘက် တရားရုံးတွင် စစ်ဆေး နေဆဲ သို့မဟုတ် ပြီးစီးသွားသည့် အမှုများနှင့် ပတ်သက်သော သတင်းအချက်အလက်များကိုလည်း ရရှိရန် အလွန် ခက်ခဲ လှသည်။
ပြည်သူများသည် စစ်ဘက်ဆိုင်ရာ တရားခွင် သို့ သွားရောက်နားထောင်ခွင့် သို့မဟုတ် စွဲချက်၊ တွေ့ရှိမှု၊ ပြစ်ဒဏ်ချမှတ်မှု ကဲ့သို့သော သတင်းအချက်အလက်များ ရယူနိုင်ခွင့် မရှိပါ။ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည့် အစီရင် ခံစာတွင် စစ်ဘက်တရားစီရင်ရေး စနစ်တွင် တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေသော ခြိမ်းခြောက်မှုများစွာ ရှိနေသည်ဟု အသေးစိတ်ဖော်ပြထားသည်။
အရပ်ဘက်တရားရုံးများတွင် စစ်ဘက်မှ ပုဂ္ဂိုလ်များကို တရားစီရင်ခွင့် ရရှိသည့်တိုင် ထိခိုက်နစ်နာခဲ့သူ များ နှုတ်ဆိတ် နေရေး ဖိအားပေးရန် ရဲအဖွဲ့က စစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်မှုများ ရှိနေကြောင်း၊ ထို့ပြင် ထိခိုက်နစ်နာ သူများက တရား မစွဲရန်(သို့မဟုတ်) မီဒီယာများသို့ သတင်းမပေးရန်အတွက်လည်း စစ်တပ်က နစ်နာကြေးပေး၍ ညှိနှိုင်း လေ့ရှိ ကြောင်း သိရှိရသည်။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအနေဖြင့် လည်း ခြိမ်းခြောက်မှုများ ကြုံတွေ့ရသည်။
ရှမ်းပြည်နယ်မှ တပ်သားကောင်းဘိုဘို၏ ပြစ်ဒဏ်စီရင်မှုသည် စံပြတခုပင်ဖြစ်ပြီး စစ်သားများက အရပ်သားများ အပေါ် ပြစ်ဒဏ်ကျူးလွန်သည့် အမှုတချို့တွင် အရပ်ဘက်ဆိုင်ရာ တရားရုံးက စီရင်နိုင်ခွင့်ရှိကြောင်း နမူနာကောင်း တခုဟု ဆိုလျှင်လည်း မမှားပေ။ ယမန်နှစ်ကလည်း မိန်းကလေးငယ်တယောက် ကို အဓမ္မပြုကျင့်ခဲ့သော စစ်သား တယောက်ကို အရပ်ဘက်တရားရုံး တခုက ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ အလား တူဖြစ်စဉ်မျိုး ၃၊ ၄ခုခန့် ရှိသည်ဟုလည်း စုံစမ်း သိရှိရသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် စစ်တပ်က ဖမ်းဆီးချုပ်နှောင် ထားစဉ်အတွင်း နှိပ်စက် သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟု ယူဆရသည့် သတင်းထောက် ကိုပါကြီး အမှုကို အရပ်ဘက်ဆိုင်ရာ တရားရုံးတွင် စီရင်ရန် ထောက်ခံချက်ပေးခဲ့မှုကလည်း တရားစီရင်ရေးအတွက် အလားအလာကောင်းတခုပင်ဖြစ်သည်။
ကိုပါကြီးအမှု၊ ကွတ်ခိုင်တရားရုံးက စီရင်နိုင်ခဲ့သော အမှုများသည် လူအခွင့်အရေးချိုးဖောက်မှုများကြောင့် ထိခိုက်နစ် နာ ခဲ့ရသူများအတွက် တရားမျှတမှုရယူပေးရန် ပထမဆုံးအားထုတ်မှုများပင်ဖြစ်ပြီး အရပ် ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေး သမား များနှင့် မီဒီယာများ၏ အားထုတ်မှုက လေးစားဖွယ်ဖြစ်သည်။ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ် ကဲ့သို့သော အဖွဲ့ အစည်းများနှင့် အဖွဲ့ဝင်များသည် တရားမျှတမှုကို ရရှိနိုင်ရန် သူတို့ထံ အကူအညီတောင်းခံလာသူ အရေအတွက် ကလည်း တိုးလာသည့်အတွက် လိုအပ်သည့် အကူအညီများပေးရန် အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း ပြောဆိုကြ သည်။
စစ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ရာဇဝတ်မှုများကို ဖော်ထုတ် အပြစ်ပေးရာတွင် စစ်တပ်နှင့် အစိုးရ ပါဝင် လာနိုင်ပါက သိသာထင်ရှားသည့် ပါဝင်ဆောင်ရွက်မှု ဖြစ်ပါလိမ့်မည်။ အလွတ်တန်းသတင်းထောက် ကိုပါကြီး၏ အမှုတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ ထောက်ချက်ပေးမှုကို လက်ခံခြင်းမှ စတင်၍ မေတ္တာရပ်ခံလာသည့် အချိန်တွင် စစ်ဘက် တရားရုံးများက လိင်အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပန်းမှု နှင့် လူသတ်မှုများကို အရပ်ဘက် တရားရုံးများသို့ လွှဲပြောင်း ပေးရန် အခွင့်အာဏာရှိသင့်ပါသည်။ အမှုစစ်ဆေးသည့်အခါ တွင်လည်း မျှတပြီး ထိရောက်စေရန် ဆောင်ရွက် သင့်ပါသည်။
စစ်သားများ၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အရပ်သားများအပေါ် ကျူးလွန်သော ရာဇဝတ်များကို အရပ်ဘက် တရားရုံး များသို့ အလိုအလျောက်လွှဲပြောင်းပေးရန် သို့မဟုတ် အနည်းဆုံး ကျူးလွန်ခံရသူက မေတ္တာရပ်ခံလာသည့် အခါတွင် လွှဲ ပြောင်း ပေးရန် စစ်ဘက်တရားရုံးများအားလုံးကို ညွှန်ကြားသည့် မူဝါဒတရပ်ကို ကျင့်သုံး၊ထားရှိသင့်သည်။
မကြာသေးမီက VOA နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းခန်းတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှုအများစုကို စစ်ဘက်က ဆုံးဖြတ်မည်ဖြစ်သော်လည်း စစ်သည်များက လူ့အခွင့်အရေးချိုးဖောက်ခဲ့သည်ဟု စွပ်စွဲ ခံရသည့် အမှုအချို့တွင် အရပ်ဘက်တရားစီရင်ရေးသည်လည်း ရွေးချယ်စရာ တခုဖြစ်သည်ဟု အတည်ပြုပေးခဲ့ပါသည်။
ထို့ပြင် စစ်တပ်ခေါင်းဆောင်ပိုင်းကလည်း အရပ်သားများကို အကြမ်းဖက်ခြင်း အထူးသဖြင့် မတရားပြုကျင့်မှုနှင့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်စော်ကားခြင်းများသည် ခွင့်လွှတ်နိုင်စရာ၊ သည်းခံနိုင်စရာ မဟုတ်ဟု အများပြည်သူသိရှိအောင် အခိုင် အမာပြောဆိုသင့်ပါသည်။ စစ်ဘက်ဆိုင်ရာသင်တန်းများတွင်လည်း လူ့အခွင့် အရေးချိုးဖောက်ခြင်း အထူးသဖြင့် လိင် အကြမ်း ဖက်ခြင်းသည် ထပ်မံကျူးလွန်ရတော့မည့် အရာမဟုတ်ကြောင်း ကျူးလွန်ပါက စနစ်တကျ တရားစွဲဆို အပြစ်ပေး ခြင်း ခံရမည်ဖြစ်ကြောင်း သေချာအောင်ပြန်လည် သင်ကြားပေးသင့်ပါသည်။
လုံခြုံရေးတပ်ဖွဲ့များ၏ တာဝန်ခံမှုကို တည်ဆောက်ခြင်းသည် သူတို့၏ အတတ်ပညာစွမ်းရည်ကို တိုးမြှင့်ပေးနိုင်သည်သာ မက သူတို့သည် ပြည်သူများကိုကာကွယ်ရေးအတွက် သစ္စာစောင့်သိရမည့်သူများဖြစ်နိုင်သည်ကို ပြသပေးသလိုလည်း ဖြစ်ပါသည်။ နောက်ထပ် အဖြစ်အပျက်များ ပေါ်ပေါက်မလာအောင် ဆောင်ရွက်သည့် လုပ်ရပ်များသည် ပြည်သူလူထုက စစ်တပ်အပေါ် ပြည်သူလူထုက သတိမမူမိသည်များကို မိတ်ဆက်ပေးရန် ရည်ရွယ်သည့် ပိုမိုကျယ်ပြန့်သော ပြုပြင်ပြောင်း လဲရေး အတွက် လမ်းခင်းပေးသလိုဖြစ်သင့်ပါသည်။
အကြမ်းဖက်မှုများ ဥပဒေအရ တရားစီရင်ခြင်းသာမက အစိုးရ အနေဖြင့် လိင်အကြမ်းဖက်မှုကျူးလွန်ခံရသူများ၊ နှိပ်စက် ညှဉ်းပန်း ခံရသူများ နှင့် အသတ်ခံရသူတို့၏ မိသားစုများ အတွက် ဆေးဝါးကုသမှု၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှုနှင့် အခြားသော လိုအပ်သည့် အရာများတာဝန်ယူပေးသင့်ပါသည်။
အစိုးရအနေဖြင့် စစ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ရာဇဝတ်ဆိုင်ရာ ပြစ်မှုများကို နိုင်ငံတကာ စံနှုန်းများနှင့် အညီ စီရင်နိုင်ရန်လည်း စစ်ဘက်ဆိုင်ရာ ဥပဒေများကို ပြုပြင်ပြောင်း လဲသင့်ပါသည်။ စစ်ပွဲများတွင် လိင်အကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်ခြင်းများကို လက်နက်တခုအနေဖြင့် စနစ်တကျ အသုံးပြုစေရန် အားပေး သလိုဖြစ် နေသော သို့မဟုတ် အသုံးပြုနိုင်ခွင့်ပေးအပ်ထားသလိုဖြစ်နေသာ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ပြုပြင်ပြောင်းလဲရေး အမြင်ဖြင့် စုံစမ်းစစ်ဆေးမှုဆိုင်ရာ အစီရင်ခံစာတခု ပြုလုပ်သင့်ပါသည်။
တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတကာ အကူအညီပေးနေသူများသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင် နေပြီး တရားသူကြီးများ၊ ရဲအဖွဲ့၊ ရှေ့နေများကို လူ့အခွင့်အရေး ချိုးဖောက်သည့် အမှုများကို ကိုင်တွယ်နိုင်စွမ်း ရှိလာစေရန် နိုင်ငံတ ကာက ကူညီ တည်ဆောက်ပေးရပါမည်။ တရားရုံးများ သည်လည်း ဖိအားနှင့် ခြိမ်းခြောက်မှုများ၊ လာဘ်ပေး လာဘ်ယူမှုများ ကင်းလွတ်ပြီး လွတ်လပ်စွာ စီရင်နိုင်စွမ်း ရှိရမည်ဖြစ်ပါသည်။
ယုံကြည်မှုနှင့် ပြန်လည်သင့် မြတ်မှု တည်ဆောက်နေသည့် အချိန်တွင် ပဋိပက္ခများကြောင့် အရပ်သားများ ခံစားခဲ့ရသည့် လူ့အခွင့်အရေး ချိုးဖောက် မှုများကို ကိုင်တွယ် ဖြေရှင်းနိုင်ရေး ဆောင်ရွက်ရန် အရေးကြီးပါသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အရပ်သားများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ဖော်ထုတ်ကိုင်တွယ်ရာတွင် အစိုးရ၏ အသိအမှတ်ပြုမှု၊ အထောက်အကူပေးမှု မရှိပါက တရားဥပဒေစိုးမိုးရေးနှင့် ထိခိုက်နစ်နာခံခဲ့ရသူများအတွက် မျှတမှု ရှိမည်မဟုတ်ဘဲ အစိုးရ၏ စစ်မှန်သော ပြုပြင်ပြောင်းလဲရေးဆိုသော ကြွေးကြော်မှုကိုလည်း မေးခွန်းထုတ် ရမည် ဖြစ်သည်။
(ဧရာဝတီအင်္ဂလိပ်ပိုင်းတွင် ရေးသားထားသော AILEEN THOMSON ၏ Civilian Justice Trumps Military Impunity in Myanmar ကို နိုင်မင်းသွင်ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါသည်)