သမိုင်းသုတေသီ ပညာရှင်နှစ်ဦး ပူးပေါင်းရေးသားသော ဗိုလ်ရှုသဘင်အကြောင်း ဆောင်းပါးတပုဒ် ဒီဇင်ဘာ ၂ ရက်နေ့ ထုတ် ကြေးမုံသတင်းစာတွင် ဖတ်ရှုလိုက်ရသည်။ ဆရာဦးကျော်ငြိမ်း (မြန်မာသမိုင်းအဖွဲ့) နှင့် ဆရာ ဒေါက်တာထွန်းဦး (သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာန) တို့က လွတ်လပ်ရေး ခေတ်ဦးကာလ ပါလီမန် ဒီမိုကရေစီ ခေတ် သမ္မတသုံးဦးတို့ လွတ်လပ်ရေး အလံတင်အခမ်းအနားနှင့် ဗိုလ်ရှုသဘင် ခံယူကြပုံတို့အကြောင်း ရေးသားထား သည့်အတွက် ယနေ့ခေတ် မသိမမီလိုက်မိသူများအတွက် မှတ်ဖွယ်မှတ်ရာ ဖြစ်ရပါသည်။
မြန်မာ့ပထမဆုံး သမ္မတသည် စဝ်ရွှေသိုက် (၄ ဇန်နဝါရီ ၁၉၄၈ – ၁၂ မတ် ၁၉၅၂) ဖြစ်သည်။ ထို့နောက် ဒေါက်တာဘဦး (၁၂ မတ် ၁၉၅၂ – ၁၁ မတ် ၁၉၅၇) ဖြစ်သည်။ ထို့နောက် ပါလီမန် ဒီမိုကရေစီခေတ် နောက်ဆုံးသမ္မတအဖြစ် မန်းဝင်း မောင် (၁၁ မတ် ၁၉၅၇ – ၂ မတ် ၁၉၆၂) က တာဝန်ထမ်းဆောင်ခဲ့ကြသည်။ သမ္မတ စဝ်ရွှေသိုက်ကာလ ၁၉၅၀ ပြည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗိုလ်ရှုသဘင် အခမ်းအနား စတင်ကျင်းပခဲ့သည်ဟု သိရသည်။ မြန်မာအဖွဲ့က ထုတ်ဝေသော မြန်မာ-အင်္ဂလိပ် အဘိဓာန်ကျမ်းတွင် ဗိုလ်ရှုခံ အဓိပ္ပါယ်ကို “royal audience given to generals” ဟု ဖွင့်ဆိုသည်။
ယင်းနှင့် အဓိပ္ပါယ်ကွဲလွဲသော ဗိုလ်ရှုသဘင် အဓိပ္ပါယ်ကို မြန်မာအဘိဓာန်ကျမ်းတွင် “မင်းဧကရာဇ် သေနာပတိ စသည်တို့ကို ကြည့်ရှုစစ်ဆေးသော အခမ်းအနား” ဟု ဖွင့်ဆိုသည်ဟု ဆိုထားသည်။ သို့ကြောင့် သမ္မတ စဝ်ရွှေသိုက်မှ မန်းဝင်းမောင်အထိ လွတ်လပ်ရေးနေ့ အခမ်းအနားကို အလေးအနက်ထားသောအားဖြင့် နိုင်ငံတော်သမ္မတအား တပ်ပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံက ဂုဏ်ယူချီတက် အလေးပြုခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
လွယ်လွယ်မှတ်ရလျှင် ဗိုလ်ရှုသဘင်ဆိုသည်မှာ သမ္မတအား လက်နက်ကိုင် တပ်ပေါင်းစုံနှင့် အရပ်ဘက် အဖွဲ့အစည်း အသီးသီးက ချီတက်အလေးပြု လေးစားသမှုအလုပ် လုပ်ကြခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတဟူသည် ဗိုလ်အပေါင်း၏ အရှုခံ၊ အလေးပြုခံ၊ ဦးညွတ်ခံ ဖြစ်သည်ဟုလည်း ယူဆနိုင်သည်။ သမ္မတစဝ်ရွှေသိုက် လက်ထက်က ဗိုလ်ရှုသဘင်ကို ၁၉၅၂ ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားနှင့်အတူ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေး မော်ကွန်းကျောက်တိုင်ရှေ့ရှိ အလံတိုင်၌ ပြည်ထောင်စုအလံကို လွှင့်ထူပြီး နိုင်ငံတော်သီချင်း တီးမှုတ်ကာ တပ်မတော်က အမြောက်ပစ်ဖောက် ဂုဏ်ပြုခဲ့သည်။ ဗိုလ်ရှုသဘင်ကို မြို့တော်ခန်းမရှေ့၌ ကျင်းပခဲ့သည်။
ဒေါက်တာဘဦး လက်ထက်တွင်တော့ လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားကို ၁၉၅၃ ဇန်နဝါရီ ၄ ရက်နေ့တွင် မဟာဗန္ဓုလ ပန်းခြံတွင်း၌ပင် ကျင်းပခဲ့သည်။ စည်တော်ရွမ်းခြင်း၊ ပြည်သူ့သူနာပြုတီးဝိုင်းက အမျိုးသားသီချင်း တီးမှုတ်ခြင်း၊ အမြောက်ပစ် ဖောက်ခြင်းများ ပြုခဲ့သည်။ သမ္မတသည် နေအိမ်မှ အတွင်းဝန်၊ အိမ်တော်ဝန်၊ ကိုယ်ရံတော်များ ခြံရံလျက် ရန်ကုန်မြို့တော်ခန်းမသို့ ထွက်ခွာလာရာ အမြောက် ၃၁ ချက် ပစ်ဖောက်အလေးပြုသည်။ လမ်းတလျှောက် ကျောင်းသား ပြည်သူများက သက်တော်ရာကျော် ရှည်ပါစေဟု ကြွေးကြော်ဂုဏ်ပြုသည်။
မြို့တော်ခန်းမရှေ့ရှိ အလေးပြုခံစင်မြင့်သို့ တက်ရောက်ပြီး ကိုယ်ရံတော်တပ်ဖွဲ့၏ အလေးပြုခြင်းခံယူပြီး ကိုယ်ရံတော် တပ်ကို စစ်ဆေးသည်။ ပြီးနောက် ဗိုလ်ရှုခံသဘင်မဏ္ဍပ်သို့သွားပြီး လူထုပရိသတ်၏ အလေးပြုခြင်းကို ခံယူသည်။ ထို့နောက် မိန့်ခွန်းခြွေပြီးသည့်အခါ တပ်ပေါင်းစုံနှင့် ပြည်သူ့ဝန်ထမ်းများပါဝင်သော လူထုပရိသတ်က သမ္မတ ရှေ့မှောက်တွင် “ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါမည်” အစချီသော အဓိဋ္ဌာန် ၄ ချက် ကို ရွတ်ဆိုကြသည်ဟု သိရသည်။
ထို့နောက်တွင်ကား လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားများကို မဟာဗန္ဓုလပန်းခြံတွင်းရှိ လွတ်လပ်ရေး မော်ကွန်း ကျောက်တိုင်ရှေ့၌ ကျင်းပခဲ့သော်လည်း ဗိုလ်ရှုသဘင် အခမ်းအနားကိုမူ ၁၉၅၄ မှစ၍ မြို့တော်ခန်းမရှေ့တွင် မကျင်းပ တော့ဘဲ ပြည်လမ်း ရွှေတိဂုံစေတီ အနောက်ဘက်မုခ်တည့်တည်၌ ဗိုလ်ရှုခံခန်းမ ဆောက်လုပ်ခဲ့သည်။ ၁၉၅၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေး အောင်ပွဲနှင့် ဗိုလ်ရှုသဘင် အခမ်းအနားကို ယင်းဗိုလ်ရှုခံခန်းမရှေ့တွင် ပြောင်းရွှေ့ ကျင်းပခဲ့သည်ဟု ဆိုထားသည်ကို မှတ်သားလိုက်ရသည်။
နိုင်ငံတော်သမ္မတ မန်းဝင်းမောင် လက်ထက်တွင်လည်း ဗိုလ်ရှုသဘင် စစ်ရေးပြ အခမ်းအနားကို ပြည်လမ်းရှိ ဗိုလ်ရှုခံ ခန်းမတွင်သာ ကျင်းပခဲ့သည်။ ထို့နောက် တော်လှန်ရေးကောင်စီခေတ် ဗိုလ်ရှုသဘင်ကို ကျင်းပခြင်း မရှိတော့ချေ။ ထိုအချိန်မှစ၍ ဗိုလ်ရှုသဘင် အခမ်းအနား မကျင်းပခဲ့တော့သည်မှာ နှစ်ပေါင်း ၅၀ ကျော် ကြာခဲ့ပြီဖြစ်သည်။ ယင်း ဗိုလ်ရှုခံ ခန်းမနှင့် သမ္မတအိမ်တော်တို့ကိုဖျက်၍ ယနေ့မြင်တွေ့နေရသော လွှတ်တော် အဆောက်အအုံ (ယနေ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး) ကို ဆောက်လုပ်ခဲ့လေတော့သည်ဟု ဆောင်းပါးက ဆိုထားပါသည်။
ယခု ၂၀၁၅ ခုနှစ်မှစ၍ လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ဗိုလ်ရှုသဘင်ပွဲကို နေပြည်တော်တွင် စတင်ကျင်းပတော့မည်ဟု သိရသည်။ နှစ်ပေါင်း ၅၀ ကျော် ပျောက်ကွယ်နေခဲ့သော ဗိုလ်ရှုသဘင် အခမ်းအနားကို တဖန်ပြန်လည် ဖော်ထုတ်သော အားဖြင့် ခမ်းနားသိုက်မြိုက်စွာ ဂုဏ်ယူဝင့်ကြွား ကျင်းပသွားမည်ဟုလည်း သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။ ဗိုလ်ရှုခံ သဘင် ပြန်လည်ကျင်းပရန်နှင့် ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းကို မည်သူက အကြံထုတ် လိုက်သည်မသိ၊ နိုင်ငံတော် အာဏာပိုင်များကလည်း ပြည်သူ့အရိုအသေကို ခံကြသည်နှင့် အပ်စပ်သွားကာ ရေငတ်တုန်း ရေတွင်းထဲကျကိန်း ဆိုက်သွားသည်။
၁၁ ကြိမ်မြောက် လွှတ်တော်များ ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်၌ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး ကိစ္စနှင့်စပ်လျဉ်းပြီး အသံများ ဆူညံပွတ်လော ရိုက်သွားခဲ့ရာ ယင်းပူဆောင် ဆူပွတ်သံထဲတွင် နေပြည်တော် ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံ ကိစ္စလည်း တခုပါဝင်ခဲ့သည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ စီမံကိန်းတခုဖြစ်သော နေပြည်တော်တွင် တည်ဆောက်မည့် ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံသည် အရပ်ရပ် ကုန်ကျစရိတ် ကျပ်သန်းပေါင်း ၆၄၅၀ ဒသမ ၆၆ ရှိသည်ဟု သိရသည်။ ထိုမျှများပြားသော ပြည်သူ့ဘဏ္ဍာငွေ မြောက်များစွာကုန်ကျမည့် ဗိုလ်ရှုခံစင်မြင့်ကိစ္စကို ပြစ်တင်ဝေဖန်မှုများ ပေါ်ခဲ့သည်။
ထို့ပြင် ယင်းစီမံကိန်းသည် လူမသိသူမသိ ပွင့်လင်းမြင်သာမှုမရှိ၊ တင်ဒါခေါ်ယူခြင်းလည်း မရှိဘဲ စီမံကိန်းတခုလုံးကို ACE ဆောက်လုပ်ရေး ကုမ္ပဏီအား လက်သိပ်ထိုး ပေးအပ် လိုက်ခြင်းကို ဝေဖန်ထောက်ပြနေကြသည်။ ACE ကုမ္ပဏီဟုဆိုလျှင် တပြည်လုံး သိထားပြီးဖြစ်သည်။ နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံများ၊ သမ္မတအိမ်တော် အဆောက်အအုံ များကို မြန်မာမှု လက်ရာများဖြင့် ရောစပ်ကာ ကောင်းကောင်းဆောက်လုပ်ပေးနိုင်ခဲ့သော ကုမ္ပဏီဖြစ်၍ ကုမ္ပဏီပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် ခရိုနီကြီးအား သူကောင်းပြုသောအားဖြင့် ပြည်ထောင်စုဝန်ကြီး တနေရာပင် ပေးထားခဲ့သည်ဟု ကျော်စော၏။
နေပြည်တော် ဗိုလ်ရှုခံစင်မြင့် စီမံကိန်းသည် ကျပ်သန်းပေါင်း ၇၀၀၀ နီးပါး ကုန်ကျမည်ဖြစ်သော်လည်း ယခုနှစ် မူလဘတ်ဂျက်တွင် တင်ပြတောင်းခံထားခြင်းမရှိဘဲ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးကျမှ ကျပ်သန်း ၃၀၀၀ တောင်းဆိုထားခြင်းကို မဖြစ်သင့်ကြောင်း လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက ထောက်ပြဝေဖန်ခဲ့သည်။ ယင်းစီမံကိန်းကို စိစစ်ရာတွင် ပရိဘောဂပစ္စည်းအတွက် ကျပ်သန်း ၄၂၁ ဒသမ ၉၇၈၊ ဗိုလ်ရှုခံ အဆောက်အအုံအတွက် ကျပ်သန်း ၅၀၀၊ လျှပ်စစ်လုပ်ငန်းအတွက် ကျပ်သန်း ၁၀၀၀ သုံးစွဲထားကြောင်း၊ ထို့ပြင် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးမှ ကျပ်သန်း ၃၀၀၀ ထပ်တောင်းဆိုထားခြင်းမှာ စီမံကိန်းကို ပြန်သုံးသပ်ရတော့မည်ဖြစ်ကြောင်း ဝေဖန်ထောက်ပြခဲ့သည်။ ဤတွင် ပွဲကဆူလာတော့မည့်အရေး ပေါ်ပေါက်လာသောအခါ ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးစိုးတင့်က ဗိုလ်ရှုခံစင်မြင့် အဆောက် အအုံကို နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေထဲမှ ကျခံသုံးစွဲနေပါသည်ဟု စကားလမ်းကြောင်း ပြောင်းပြောခဲ့ပါသည်။ သမ္မတ၏ သီးသန့်ရန်ပုံငွေ နှမြောစရာကောင်းလေစွ၊ ယင်း ကျပ်သန်းပေါင်း ၇၀၀၀ နီးပါးသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသို့ စီးဆင်းသွားလေလျှင် ကောင်းလေစွဟု တွေးမိသည်။
ကျေးလက်ဒေသတွင် ငတ်နေသူပြည်သူ သန်းပေါင်းများစွာ ရှိနေသည်။ မြစိမ်းရောင် ကျေးလက်စီမံကိန်းဖြင့်လည်း ကျေးလက်သားများ ဝင်ငွေတိုးပွားရန် မဖြစ်နိုင်သေး၊ မြစိမ်းရောင်စီမံကိန်းသည် ကွက်ကျားမိုး ရွာခြင်းဖြစ်သည်။ နေရာစိပ်စိပ်ရွာနိုင်ရန် ဗိုလ်ရှုခံစင်မြင့် ကုန်ကျစရိတ်က ထပ်လောင်းပေါင်းထည့်နိုင်လျှင် ။ သို့သော် နေပြည်တော်တွေင် ဗိုလ်ရှုခံစင်မြင့်ကြီး ဆောက်လုပ်ပြီးစီးသွားပါပြီ။
၂၀၁၅ ဇန်နဝါရီလတွင် လွတ်လပ်ရေး အောင်ပွဲသဘင်နှင့် သမ္မတ၏ ဗိုလ်ရှုခံခြင်း အစီအစဉ် ကျင်းပကြတော့မည်။ ၂၀၀၈ အခြေခံဥပဒေတွင် ပုဒ်မ ၅၈ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်ဟု ဆိုထားသည်။ နိုင်ငံတော် အကြီးအကဲဖြစ်သော သမ္မတအား လက်နက်ကိုင် တပ်ဖွဲ့အားလုံး၊ ပြည်သူ့ ဝန်ထမ်းများနှင့် ပြည်သူများက ဗိုလ်ရှုခံသဘင်ကျင်းပကာ အလေးပြု ဦးညွတ်ကြသည်မှာ သမ္မတ၏ သမာမျှတသော ခေါင်းဆောင်စိတ်ဓာတ်ကို လေးစားဂုဏ်ပြုကြခြင်း ဖြစ်သည်။ သမ္မတ၏ သြဇာအာဏာသည် နိုင်ငံတဝန်း ညောင်းနေစေရသည်။
သမ္မတစနစ်ဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံတော်တွင် သမ္မတသည် နိုင်ငံ၏ အထွတ်အထိပ်နှင့် အကြီးအကဲဖြစ်သည်မို့ သမ္မတ၏ သြဇာအာဏာသည် တပ်မတော်အပါအဝင် လူထုအဖွဲ့အစည်း အသီးသီးတို့၌ စိမ့်ဝင်သက်ရောက် တည်တံ့နေရရိုး ထုံးစံသာရှိသည်။ ယခု ဗိုလ်ရှုခံသဘင်ဝင်မည့် လက်ရှိသမ္မတအား တပ်မတော်အပေါ် သြဇာညောင်းသည်လား လေ့လာဆန်းစစ်သင့်သည်။ တပ်မတော် စစ်ခေါင်းဆောင်များသည်လည်း သမ္မတအပေါ် ရိုကျိုးနာခံစိတ် ရှိကြပါသည်လား ပြန်လှန်လေ့လာရမည်။ သမ္မတသည်လည်း သူ့သြဇာနှင်သူ၊ တပ်မတော်သည်လည်း သူ့သြဇာနှင့်သူ ဖြစ်နေလျှင် တနိုင်ငံ အစိုးရနှစ်ဖွဲ့ ရှိနေသည်နှင့် တူနေပါသည်။ ယနေ့မြန်မာနိုင်ငံသည် နေရာတကာတွင် တပ်မတော်၏သြဇာ သက်ရောက်နေခြင်းအား သမ္မတက လက်ပိုက်ကြည့်နေရသည်များ ရှိနေသည်။ သို့ဖြစ်၍ ဗိုလ်ရှုခံစင်မြင့်တက်မည့် သမ္မတသည် တပ်မတော်ကို သြဇာညောင်းပါမှ နိုင်ငံတော် အကြီးအကဲ အရည်အချင်း အမှန်တကယ် ပြည့်ဝမည်ဟု ဝေဖန်ထောက်ပြလိုက်ရပါသည်။