Crime

ပျောက်ဆုံး အဲအေးရှား လေယာဉ် အပိုင်းအစဟု ယူဆရသည့် အစိတ်အပိုင်း ဂျာဗား ပင်လယ်တွင် တွေ့ရှိရဟု ဆို

This article has been converted from Zawgyi One to Unicode

အင်ဒိုနီးရှားနိုင်ငံမှ စင်ကာပူ နိုင်ငံသို့ ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းက ပျံသန်းနေစဉ် ပျောက်ဆုံးသွားသော အဲအေးရှား (Air Asia- QZ 8501) လေယာဉ်၏ အပိုင်းအစဟု ယူဆရသော ပစ္စည်းတခုကို သြစတြေးလျ လေယာဉ်တစီးက ယနေ့တွင် ဂျာဗား ပင်လယ်ပြင်တွင် တွေ့ရှိခဲ့ပြီး အင်ဒိုနီးရှား အာဏာပိုင်များက စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ပျောက်ဆုံးလေယာဉ်၏ အစိတ်အပိုင်းဟု ယူဆရသော ပစ္စည်းကို အဲအေးရှား လေယာဉ်နှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့သည့် နေရာမှ မိုင် ၇၀၀ ကွာဝေးသော ဂျာဗား ပင်လယ်ပြင်တွင် တွေ့ရှိရခြင်း ဖြစ်ကြောင်း စင်ကာပူ အခြေစိုက် CNA (Channel News Asia) သတင်း တပုဒ်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

ထို့အတူ အင်ဒိုနီးရှား နိုင်ငံမှ အဆိုပါ လေယာဉ် ရှာဖွေရေးဆိုင်ရာ အကြီးအကဲက ပျောက်ဆုံးသွားသော အဲအေးရှား (Air Asia -QZ 8501) လေယာဉ်သည် အင်ဒိုနီးရှား နိုင်ငံပိုင် ဂျာဗားပင်လယ်ပြင် ကြမ်းပြင်တွင် ရှိနိုင်သည်ဟု ပြောဆိုသည်။

“ကျနော်တို့ ရရှိတဲ့ အချက်အလက်တွေ အရ လေယာဉ်ဟာ ပင်လယ်ထဲကို ပျက်ကျပြီး ပင်လယ်ကြမ်းပြင်အောက်မှာ ရောက်နေတယ်လို့  ခန့်မှန်းထားတယ်။ ဒါက ကနဦး ခန့်မှန်းခြေပါ။ နောက်ပိုင်း ရှာဖွေမှု ရလဒ်တွေ အရ အပြောင်းအလဲလည်း ရှိနိုင်ပါတယ်” ဟု အင်ဒိုနီးရှား နိုင်ငံမှ ပျောက်ဆုံးလေယာဉ် ရှာဖွေရေး အေဂျင်စီ အကြီးအကဲ မစ္စတာ ဘန်ဘန်းဆိုလစ်စယိုက ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ဒီဇင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၂၀ မိနစ်က အင်ဒိုနီးရှားနိုင်ငံ Surabaya လေဆိပ်မှ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ လူပေါင်း ၁၆၂ ဦး တင်ဆောင်လာသည့် အဲအေးရှား A320-200 လေယာဉ်သည် ထိုနေ့ မနက် ၈ နာရီ ၃၀ မိနစ်၌ စင်ကာပူနိုင်ငံကို ဆိုက်ရောက်ရမည် ဖြစ်သော်လည်း မနက် ၇ နာရီ ၂၄ မိနစ် ကတည်းက အင်ဒိုနီးရှား လေကြောင်း ထိန်းချုပ်ရေး စခန်းနှင့် အဆက်အသွယ်ပြတ် သွားခဲ့ခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောဆိုသည်။

ပျောက်ဆုံးနေသည့် အဲအေးရှား လေယာဉ်အား ထိုနေ့၌ပင် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ သြစတြေးလျ နိုင်ငံတို့မှ ဖြစ်နိုင်ခြေရှိသည့် နေရာ ၃ ခုကို လေယာဉ်များ၊ သင်္ဘောများ၊ ရဟတ်ယာဉ်များ အသုံးပြုကာ ရှာဖွေနေခဲ့ သော်လည်း  ထိုနေ့ညပိုင်းတွင် ရာသီဥတု ဆိုးရွားလာသောကြောင့် ရှာဖွေမှုကို ခေတ္တရပ်ကာ ယနေ့ နံနက်ပိုင်းတွင် ဆက်လက် ရှာဖွေနေကြာင်း သိရသည်။

အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ပျောက်ဆုံးလေယာဉ် ရှာဖွေရေး လုပ်ငန်းများ အတွက် ၎င်းတို့၏ နည်းပညာ အကူအညီများ ပေးလိုကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးထံ ကမ်းလှမ်းထားကြောင်း သိရသည်။

အင်ဒိုနီးရှား သတင်းတချို့တွင် ဖော်ပြထားချက်အရ ပျောက်ဆုံး အဲအေးရှား လေယာဉ် QZ 8501 ၏ လေယာဉ်မှူးက စတင် ပျံသန်းပြီး မိနစ်အနည်းငယ် အကြာတွင် ရာသီဥတု ဆိုးရွားသဖြင့် လေယာဉ်ပျံသန်းမှု လမ်းကြောင်း ပြောင်းရန် လိုအပ်ကြောင်း လေကြောင်းဌာနသို့ အကြောင်းကြားခဲ့သည်ဟု ဆိုထားသည်။

ဂျာဗား ပင်လယ်ပြင်ရှိ ငါးဖမ်းသမား တချို့ကလည်း လေယာဉ် ပေါက်ကွဲသံကဲ့သို့ အသံတခု ယမန်နေ့ နံနက်ပိုင်းက ကြားခဲ့ရပြီး ပူလောင် နန်ခါ ( Pulau Nangka)  ကျွန်းအနီး လေယာဉ် ထိုးဆင်းသွားသည်ကို မြင်ခဲ့ကြကြောင်း ပြောဆိုကြသည်ဟု အင်ဒိုနီးရှား သတင်းတချိူ့တွင် ရေးသားထားသည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၁၅၅ ဦး လိုက်ပါလာရာ အင်ဒိုနီးရှား နိုင်ငံသား ၁၄၉ ဦး၊ တောင်ကိုရီးယား နိုင်ငံသား ၃ ဦး၊ စင်ကာပူ နိုင်ငံသား ၁ ဦး၊ မလေးရှား နိုင်ငံသား ၁ ဦးနှင့် ဗြိတိန်နိုင်ငံသား ၁ ဦးတို့ ဖြစ်ပြီး၊ လေယာဉ်အမှုထမ်း ၇ ဦးတွင် ပြင်သစ်လူမျိုး ၁ ဦးနှင့် အင်ဒိုနီးရှား နိုင်ငံသား ၆ ဦးတို့ ဖြစ်ကြောင်း အဲအေးရှား လေကြောင်းလိုင်းက ထုတ်ပြန်သည်။

ပျောက်ဆုံး လေယာဉ်သည် မည်သည့် အမှားအယွင်း ဖြစ်ခဲ့သည်ကို မည်သို့မှ ခန့်မှန်း မရနိုင်ကြောင်း အဲအေးရှား လေကြောင်းလိုင်း ပိုင်ရှင်က ပြောဆိုသည်။ အဲအေးရှား လေကြောင်းလိုင်း၏ ဖေ့စ်ဘုတ် စာမျက်နှာကိုလည်း အနီရောင် အဲအေးရှား တံဆိပ် အမှတ်အသားအစား ဝမ်းနည်းခြင်း အမည်းရောင်ဖြင့် ပြောင်းလဲထားသည်။

လေယာဉ်ပျောက်ဆုံးမှုကြောင့် ယခုအခါ အဲအေးရှား လေကြောင်းလိုင်း၏ အစုရှယ်ယာ ဈေးနှုန်းမှာ လေယာဉ် ပျောက်ဆုံးပြီး တရက်တာ အတွင်း ၇ ရာ ခိုင်နှုန်း အထိ ကျဆင်းသွားကြောင်း သိရသည်။

အလားတူ အဲအေးရှာ းလေကြောင်းလိုင်းမှ ခရီးသည် ၁၅၀ တင်ဆောင်လာကာ ပီနန်မှ လန်ကာဝီသို့ ပျံသန်းလာသည့် ခရီးစဉ် အမှတ် AK 6242 လေယာဉ်သည် ထိုနေ့ ညနေပိုင်းက လေယာဉ် ပျံသန်းနေစဉ် စက်ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့သဖြင့် ပီနန်လေယာဉ်ကွင်းသို့ အရေးပေါ် ပြန်လည် ဆင်းသက်ခဲ့ရကြောင်း News Straight Time သတင်းတရပ်တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံ Surabaya လေဆိပ်မှ စင်ကာပူနိုင်ငံသို့ ယနေ့ နံနက်ပိုင်းက ပျံသန်းလာသည့် ပျောက်ဆုံးလေယာဉ်နှင့် ခရီးစဉ် နံပတ်တူ အဲအေးရှား လေကြောင်းလိုင်းမှ QZ 8501 လေယာဉ်တစင်းသည် စင်ကာပူနိုင်ငံသို့ ဒေသစံတော်ချိန် မနက် ၈ နာရီခွဲက ရှန်ဂီလေဆိပ်သို့ ဘေးကင်းလုံခြုံစွာ ဆိုက်ရောက်ခဲ့ကြောင်း စင်ကာပူ အခြေစိုက် Channel News Asia သတင်းတပုဒ်တွင် ဖော်ပြခဲ့သည်။

အဆိုပါကဲ့သို့ ဖော်ပြမှုအတွက် သတင်းဌာန အနေဖြင့် ထင်ယောင်ထင်မှား သတင်းကို မတင်ပြရန်နှင့် လေကြောင်းလိုင်းကလည်း ပျောက်ဆုံးလေယာဉ် ခရီးစဉ်နံပတ်အား ထပ်မံ အသုံးမပြုသင့်ကြောင်း စာဖတ်သူများနှင့် ခရီးသည်များက ဝေဖန်နေကြကြောင်း သိရသည်။

Loading