Ethnic Issues

နေပူတောင် ကျောက်ထုတ်လုပ်ရေး စီမံကိန်း ရပ်ဆိုင်းရန် ဒေသခံများ ဆန္ဒပြ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အတွင်းရှိ နေပူတောင်မှ အလှဆင် မာဘယ်ကျောက် ထုတ်လုပ်ရေး စီမံကိန်းအား ရပ်ဆိုင်းပေးရန် ဒီဇင်ဘာလ ၂၈ ရက်က ဒေသခံ ပြည်သူများ ဆန္ဒပြ တောင်းဆို ခဲ့ကြကြောင်း သိရသည်။

နေပူတောင် ကျောက်ထုတ်လုပ်ရေး စီမံကိန်းအား ဒေသခံ ပြည်သူများ၏ ဆန္ဒသဘောထား မပါဘဲ အစိုးရက ဗီယက်နမ် နိုင်ငံမှ Simco Song Da Joint Stock Company ထံ ရောင်းချထားခြင်း ဖြစ်ကြောင်း၊ စီမံကိန်းသည် ဒေသခံ ပြည်သူများအား အကျိုးမရှိသည့် အပြင် သဘာ၀ ပတ်ဝန်းကျင်ကိုပါ ထိခိုက်ပျက်စီးစေသည့် အတွက် ကန့်ကွက် ဆန္ဒပြသရခြင်း ဖြစ်သည်ဟု ဆန္ဒပြရာတွင် ပါဝင်သူ ရခိုင် လူမှုကွန်ရက် (တောင်ကုတ်) အဖွဲ့မှ ဦးဇေယျာကျော်က ဧရာဝတီကို ပြောသည်။

အစိုးရက ပြည်သူများ၏ သဘောဆန္ဒ မပါဘဲ လုပ်ဆောင်ခြင်း၊ နေပူတောင်မှ အဖိုးတန် ကျောက်များအား ကုန်ကြမ်းအဖြစ် ထုတ်လုပ်မှုကို ရပ်ဆိုင်းပြီး၊ သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေသည့် ခရီးသွား လုပ်ငန်းများ အတွက်သာ ဆောင်ရွက် စေလိုသည့် ရည်ရွယ်ချက်တို့ဖြင့် ဆန္ဒပြသရခြင်း ဖြစ်သည်ဟု ဦးဇေယျာကျော်က ဆက်ပြောသည်။

“ကျနော်တို့ သိတာက ဒီကျောက်တွေဟာ နှစ်သန်းပေါင်း ၇၀ လောက် ရှိပြီလို့ သိရတယ်၊ အဲဒီလို အဖိုးတန်တဲ့ ရှားပါးကျောက်တွေကို ကုန်ကြမ်းတွေ အဖြစ် ထုတ်လုပ်မယ့် အစား Ecotourism လို လုပ်ငန်းမျိုးကိုပဲ  လုပ်စေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုဆန္ဒပြပွဲကို တောင်ကုတ်မြို့၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး၊ တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦး၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ အမ်း စသည့် မြို့နယ်များမှ ရခိုင်လူမှုအဖွဲ့ ကိုယ်စားလှယ်များနှင့် ဒေသခံ ပြည်သူ ထောင်ချီပြီး ပူးပေါင်းပါဝင် ခဲ့ကြကြောင်း ထိုဆန္ဒပြပွဲကို ဦးဆောင်ကြသူများက ဧရာဝတီကို ပြောသည်။

ဒေသခံများ၏ ဆန္ဒသဘောထားကို ပြည်နယ် အစိုးရ၊ ပြည်ထောင်စု အစိုးရနှင့် ရန်ကုန်မြို့ရှိ ဗီယက်နမ် သံရုံးတို့ထံ တလ အတွင်း စာပေးပို့သွားမည် ဖြစ်ကြောင်း၊ ဒေသခံ ပြည်သူများ၏ တောင်းဆိုမှုကို အလေးထားမှု မရှိပါက ရခိုင်ပြည်နယ် တဝန်းလုံး၌ ဆန္ဒပြသပွဲများ ပြုလုပ်သွားမည့်အပြင် နေပူတောင်၌ပါ သပိတ်စခန်း ဖွင့်လှစ်၍ ဆန္ဒပြသ သွားကြမည်ဟု ၎င်းတို့က ဆိုသည်။

နေပူတောင် စီမံကိန်းအား ဗီယက်နမ် ကုမ္ပဏီနှင့် ပြည်ထောင်စု အစိုးရတို့က အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၂ ခုနှစ်တွင် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ဗီယက်နမ် ကုမ္ပဏီသည် နှစ်ပေါင်း ၂၀ အထိ ထုတ်လုပ်ခွင့်ရမည် ဖြစ်ပြီး၊ နှစ် ၂၀ ပြည့်ပြီးပါက တခြား ကုမ္ပဏီများနှင့် ဆက်လက် စာချုပ်ချုပ်ဆို လုပ်ကိုင်သွားမည်ဟု  ပြည်နယ် စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဦးအောင်သန်းတင်က ဧရာဝတီကို ပြောဆိုသည်။

ထိုစီမံကိန်းနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ၂၀၁၃ ခုနှစ်၊ မတ်လ အတွင်းက ကျင်းပသည့် ပြည်နယ်လွှတ်တော် အစည်းအဝေး၌  ယင်းစီမံကိန်းသည် ဒေသခံ ပြည်သူများ၊ မြန်မာနိုင်ငံသားများ မသိရှိသည့် အပြင် ပွင့်လင်းမြင်သာမှု မရှိကြောင်း၊  ထို့ကြောင့် ပြည်သူများထံ ရှင်းလင်းတင်ပြ၍ လူထု၏ ဆန္ဒ သဘောထားဖြင့်သာ ဆောင်ရွက်သင့်ကြောင်း၊ သို့မဟုတ် ပဋိပက္ခများ ကြီးထွား လာစေနိုင်၍ စီမံကိန်းကို ရပ်ဆိုင်းထားရန် အဆို တင်သွင်းခဲ့သည်။

နေပူတောင်သည် တောင်ကုတ်မြို့နယ်၊ ရခိုင်ရိုးမတွင် တည်ရှိပြီး ထိုတောင်မှ မာဘယ်လ် အလှဆင်ကျောက် အမျိုးအစားသည် မြန်မာနိုင်ငံ၌ ရှားပါးကြောင်း၊ ကျောက်များအား တနှစ်လျှင် မက်ထရစ် တန်ချိန် ၇၈၅၀ ထုတ်ယူနိုင်ပြီး၊ ၂၀၁၃ ခုနှစ်မှ စတင်၍ နှစ်ပေါင်း ၂၀ အထိ ထုတ်ယူမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading