မြန်မာ့ နိုင်ငံရေး ပြဿနာကို တွေ့ဆုံ ဆွေးနွေးသည့် နည်းလမ်းဖြင့် အဖြေရှာရန် စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ညီလာခံက ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်ထိ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သော UNA ညီ လာခံက နိုင်ငံရေး ကြေညာ စာတမ်း တစောင် တင်သွင်းနိုင်ခဲ့ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာရန် ဆိုသည့် ဆုံးဖြတ်ချက် အပါအဝင် အချက် ၉ ချက်ကို UNA နှင့် မိတ်ဖက် အဖွဲ့အစည်းများက သဘောတူညီခဲ့ကြသည်။
လက်ရှိ မြန်မာ့ နိုင်ငံရေးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အကျပ်အတည်း ဖြစ်နေခြင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ရရှိမှု မရှိခြင်းတို့ကို တွေ့ဆုံ ဆွေးနွေး၍ ပြေလည်အောင် ဖြေရှင်းနိုင်သော နည်လမ်းမှ တပါး အခြားနည်းလမ်း မရှိနိုင်ကြောင်း UNA ညီလာခံသို့ တက်ရောက်လာသူများက ပြောသည်။
UNA ညီလာခံသို့ တက်ရောက်လာသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က“နိုင်ငံရေး ဆွေးနွေးပွဲဆိုတာ သွေးထွက်သံယို ကင်းတယ်၊ ပဋိပက္ခတွေကို နည်းအောင်လုပ်တယ်၊ အချင်းချင်း တိုက်တာ ခိုက်တာတွေလည်း ပျောက်အောင် လုပ်နိုင်တဲ့အတွက် ဒီလိုင်းကို ရွေးချယ်ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
UNA အနေဖြင့် ယခုတက်ရောက်လာသည့် မိတ်ဖက်အဖွဲ့အစည်းများအပြင် ကျန်နေသေးသည့် အဖွဲ့များအား ထပ်မံဖိတ်ကြားပြီး ၂၀၁၄ ခုနှစ် ၊ ဖေဖော်ဝါရီလဲထဲတွင် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲ လုပ်နိုင်ရန်နှင့် ကြားကာလတွင်လည်း အလွတ်သဘော တွေ့ဆုံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
UNA ညီလာခံသို့ တင်သွင်းသည့် နိုင်ငံရေး အစီရင်ခံစာတွင် နိုင်ငံရေး ဆွေးနွေးပွဲများသည် သဘောတူညီမှုရရန် မရေရာ မသေချာသော်လည်း ယင်းကဲ့သို့ ဆွေးနွေးပွဲမျိုးကသာ သွေးထွက်၊ ချွေးထွက် အနည်းဆုံးနှင့် အကောင်းဆုံးဟု ယူဆနိုင်ကြောင်း တင်ပြထားသည်။
ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကမ်းလျန်ကလည်း “အခု ကျနော်တို့ နိုင်ငံမှာ အပစ်အခတ် ရပ်စဲရေးတို့၊ ငြိမ်းချမ်းရေးတို့လုပ်တာ မအောင်မြင်နိုင်ဘူးလေ။ ဒီတော့ ဖွဲ့စည်းပုံ ပြင်ဖို့၊ အသစ်ရေးဆွဲဖို့တို့ ဆိုတာလည်း ရှေ့မတိုးနိုင်ဘူး ဖြစ်နေတယ်။ အဲဒါတွေကို အားလုံးပါဝင်တဲ့ ညီလာခံတရပ် ကျင်းပပြီး ဆွေးနွေးမှ အဖြေတခု ပေါ်မယ်လို့ ယုံကြည်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
၃ ရက်ကြာ ပြုလုပ်သည့် UNA ညီလာခံ၏ ပထမရက်တွင် အဖွဲ့ဝင် တိုင်းရင်းသား နိုင်ငံရေးပါတီ ၈ ခု သီးသန့် တွေ့ဆုံကာ အဖွဲ့၏ မူဝါဒပိုင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း၊ ညီလာခံ ဒုတိယနေ့နှင့် တတိယနေ့ တို့တွင် တခြားသော မိတ်ဖက်ပါတီများ၊ အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် လက်ရှိ နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
UNA အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲကို ကနဦး စတင်လိုပြီး သဘောတူညီချက်များ ရရှိတော့မှ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးခြင်းအပြင် နိုင်ငံရေး ပြဿနာများကို ပြေလည်အောင် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ထားကြောင်း မွန်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းက ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေး သဘောတူညီမှုများကို အောင်အောင်မြင်မြင် ညှိနှိုင်း ဆုံးဖြတ်နိုင်ခဲ့ပါက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဖြစ်သည့် ပြည်တွင်း ငြိမ်းရေးသည် အကြီးမားဆုံး ဆုလဒ် ဖြစ်ပါလိမ့်မည် ဖြစ်ကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲမှှ သဘော တူညီမှု ရထားသည့် အချက်များသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခြေခံမူများ ဖြစ်လာနိုင်ကြောင်း၊ ထိုအချိန်တွင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအား ပြင်ဆင်မည်လား (သို့မဟုတ်) အသစ် ပြန်ရေးမည်လား ဆိုသည်ကို ဆုံးဖြတ်နိုင်ပါလိမ့်ဖြစ်ကြောင်း UNA ၏ နိုင်ငံရေး အစီရင်ခံစာက ဆိုသည်။
UNA ကို ၂၀၀၂ ခုနှစ်၊ မေလ ၁၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင် အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ် ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကချင်အမျိုးသားများဒီမိုကရေစီကွန်ဂရက်တို့ ပါဝင်သည်။