နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံး အကြိမ် ပြန်လည် ကျင်းပသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၁၅ ဦး ရွေးချယ်ခံရကြောင်း YCDC ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ သတင်း ထုတ်ပြန်လိုက်သည်။
YCDC ကော်မတီ အဆင့်တွင် အရှေ့ပိုင်းခရိုင်မှ ဦးဌေးအောင် (ဆာကူရာ)၊ အနောက်ပိုင်းခရိုင်မှ ဦးခင်လှိုင် (ဇောတိက)၊ တောင်ပိုင်းခရိုင်မှ ဒေါက်တာ အေးမင်းနှင့် မြောက်ပိုင်းခရိုင်မှ ဦးခင်မောင်တင့် ရွေးချယ်ခံရကြောင်း စည်ပင်ရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။
ခရိုင်အဆင့် ရွေးကောက်ခံရသူများတွင် ရပ်မိရပ်ဖ ကိုယ်စားလှယ် အဖြစ် အရှေ့ပိုင်းခရိုင်မှ ဦးမြင့်သိန်း၊ အနောက်ပိုင်း ခရိုင်မှ ဒေါက်တာ တင်ထွန်း၊ တောင်ပိုင်းခရိုင်မှ ဦးဇော်ဝင်းနှင့် မြောက်ပိုင်းခရိုင်မှ ဦးမင်းဟန်၊ အတတ်ပညာရှင်၊ အသိ ပညာရှင် ကိုယ်စားလှယ် အဖြစ် အရှေ့ပိုင်း ခရိုင်မှ ဒေါက်တာစိုးထွန်း၊ အနောက်ပိုင်း ခရိုင်မှ ဒေါ်လဲ့လဲ့ဝင်း၊ တောင်ပိုင်း ခရိုင်မှ ဒေါက်တာ ဝင်းနိုင်၊ မြောက်ပိုင်း ခရိုင်မှ ဦးဇော်မြင့်၊ လူမှုရေး အဖွဲ့အစည်း ကိုယ်စားလှယ်အဖြစ် အရှေ့ပိုင်း ခရိုင်မှ ဒေါ်သီတာဦး၊ အနောက်ပိုင်း ခရိုင်မှ ဦးတင်စိန်၊ တောင်ပိုင်းခရိုင်မှ ဦးခင်မောင်လင်းနှင့် မြောက်ပိုင်းခရိုင်မှ ဒေါ်သင်းသင်းခိုင်တို့ ဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
လူမှုရေး အဖွဲ့အစည်း ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည့် မြောက်ပိုင်းခရိုင်မှ ဒေါ်သင်းသင်းခိုင်က “ကျမ အနေနဲ့ ကတော့ တရားမျှတတယ်လို့ ယူဆပါတယ်။ ကော်မရှင်က ထုတ်ပြန်တဲ့အတိုင်း ကျမက နည်းဥပဒေအတိုင်း ဆောင်ရွက်ခဲ့ တာပါ။ ကျမကတော့ အုပ်ချုပ်ရေး၊ ထောက်ကူပြုအဖွဲ့နဲ့ NGO အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်။ လုပ်ငန်းကတော့ ဇန်နဝါရီ ဒုတိယ ပတ်လောက်မှာ စတင်တာဝန်ထမ်းဆောင်ရမယ်လို့ ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မဲအနိုင်ရရှိသွားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များမှာ လုပ်ပိုင်ခွင့် အဖြစ် မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှု စီမံကိန်းနှင့် မြေများ စီမံခန့်ခွဲခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ရေမြောင်းနှင့် လမ်းများ ဖောက်လုပ်ခြင်း၊ ဈေးများ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်း၊ လမ်းဘေးဈေးဆိုင်များ ၊ ကျူးကျော်ဈေးများ ကြီးကြပ်ခြင်း ၊ စည်းကမ်း သတ်မှတ်ခြင်း၊ ပြည်သူ့ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များကို လုပ်ပိုင်ခွင့် ရမည်ဖြစ်ကြောင်း YCDC ဥပဒေတွင် ဖော်ပြထားသည်။
ထို့ပြင် တိရစ္ဆာန်များနှင့် ပတ်သတ်၍ မွေးမြူရောင်းချအသားထုတ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အခွန်ကိစ္စများ၊ ကန်ထရိုက် ကိစ္စများ၊ လေလံကိစ္စရပ်များ၊ မြို့တော် တည်ဆောက်ရေး လုပ်ငန်းများ၊ ကျူးကျော်များကို ဖယ်ရှားခြင်း လုပ်ငန်းများ၊ ယာဉ်၊ မီးရထားကိစ္စရပ်များကိုလည်း စည်ပင်သာယာ ဥပဒေအရ လုပ်ပိုင်ခွင့် ရရှိမည် ဖြစ်သည်။
ထို့ပြင် ရန်ကုန် မြို့တော်စည်ပင် သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲ ထုတ်ပြန်ချက်ကိုလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများ ကျေနပ်မှု မရှိကြောင်း သိရသည်။
ရန်ကုန် အနောက်ပိုင်းခရိုင်မှ YCDC ကော်မတီဝင် အဖြစ် ဝင်ရောက် အရွေးခံခဲ့သည့် ဦးဝင်းချိုက “အခုကျင်းပခဲ့တဲ့ စည်ပင် ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိပါဘူး။ ဘယ်အချိန်ကတည်းက တရားမျှတမှု မရှိသလဲဆိုရင် ဥပဒေတွေ၊ နည်းဥပဒေတွေ ထုတ်ပြန်တဲ့ အချိန်ထဲက တရားမျှတမှု မရှိတာပါ။ အဲဒီ ဥပဒေတွေ နည်းဥပဒေတွေ ထုတ်ပြန်တဲ့ အဖွဲ့အစည်းတွေက တရားမမျှတမှန်း သိသိကြီးနဲ့ လုပ်ဆောင်ခဲ့တယ် ”ဟု ဧရာဝတီသို့ ပြောသည်။
တာမွေမြို့နယ်မှ ရပ်မိရပ်ဖ ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးဆန်းမြင့်အောင်က “ည ၁၁နာရီ အထိ ရပ် စောင့်တယ် အဝင်မခံဘူး။ ကိုယ်စားလှယ်လောင်း တယောက်အနေနဲ့ မဲဘယ်လောက်ရတယ်ဆိုတာ မေးတော့လည်း အမေးမခံဘူး။ ကျနော် မဲစာရင်းကို တောင်းကြည့်မှာပါ။ နည်းဥပဒေအတိုင်း လုပ်သွားမယ်။ ဒီရွေးချယ်မှုက မှန်ကန်မှု မရှိဘူး။ တရားမျှတမှုမရှိဘူး”ဟု ပြောသည်။
သို့သော် စည်ပင်ရွေးကောက်ပွဲအား ကျေနပ်မှု မရှိပါက ဥပဒေပါ နည်းလမ်းများအတိုင်း ကန့်ကွက်ခွင့် ရှိသော်လည်း တရားဝင် လာရောက် ကန့်သွက်သူ လုံးဝမရှိကြောင်း စည်ပင် ရွေးကောက်ပွဲ ကော်မရှင် ရုံးအဖွဲ့မှူး ဦးဇင်မင်းလှိုင်က သတင်း မီဒီယာများသို့ ပြောသည်။
ဦးဇင်မင်းလှိုင်က “ကျနော်တို့ ကော်မရှင်ကို ပိုက်ဆံ ၅ သိန်းပေးပြီး တရားဝင် တိုင်တာတွေ မရှိသေးဘူး။ နည်းဥပဒေ အတိုင်း ကန့်ကွတ်တာ မရှိသေးဘူး။” ဟု ပြောသည်။
ရန်ကုန်မြို့တွင် စည်ပင်ရွေးကောက်ပွဲ အတွက် မဲပေးနိုင်သူမှာ ၄သိန်းကျော် ရှိသော်လည်း မဲလာရောက်ပေးသူမှာ ၁ သိန်းကျော် ရှိသဖြင့် မဲပေးခွင့်ရှိသူ၏ ၂၅ ရာခိုင်နှှုန်းသာ လာရောက် မဲပေးခဲ့ကြသည်။