ရန်ကုန်မြို့တော် စည်ပင်သာယာ ကော်မတီ (YCDC) အဆင့်ဆင့် ရွေးကောက်ပွဲများသို့ မဲလာထည့်သူ အလွန် နည်းပါးလျက် ရှိကြောင်း သတင်းရရှိသည်။
မဲလာထည့်သူ နည်းပါးရခြင်းမှာ ပြည်သူလူထုအနေဖြင့် စည်ပင် ရွေးကောက်ပွဲ အပေါ်တွင် စိတ်ဝင်စားမှု အားနည်းခြင်း၊ ရန်ကုန်မြို့ နေရာတချို့တွင် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ် စည်းရုံးမှု အားနည်းခြင်း၊ ရွေးကောက်ပွဲ မဲစာရင်းကို ပြည်သူများ စိတ်ပါဝင်စားမှု မရှိခြင်းတို့ ဖြစ်ကြောင်း စည်ပင် ရွေးကောက်ပွဲ သတင်းရယူနေသည့် ဧရာဝတီ သတင်းထောက်များက ပြောဆိုသည်။
ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းဟောင်းတွင် နေထိုင်သူ ဒေါ်အေးအေးမူက “ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေ ကိုလည်း မသိပါဘူး၊ ရပ်ကွက်ရုံးက မဲလာပေးဖို့ ပြောထားလို့ တာဝန်အရ လာပေးတာပါ” ဟု ဧရာဝတီကို ပြောသည်။
ဒဂုံမြို့နယ်၊ ယောမင်းကြီး ရပ်ကွက်ရှိ အ.ထ.က (၁) ကျောင်းတွင် မဲပေးရမည့် ဦးရေ ၁၀၇၀ ကျော် စာရင်းရှိသော်လည်း နေ့လည် ၁၂ နာရီခန့်အထိ လာရောက် မဲပေးသည့်သူမှာ အယောက် ၄၀ ကျော်သာ ရှိသည်ဟု ဧရာဝတီက စုံစမ်း သိရသည်။
အနောက်ပိုင်းခရိုင် အတွင်းရှိ လမ်းမတော်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ်၊ ဒဂုံမြို့နယ်နှင့် ဗဟန်းမြို့နယ်တို့တွင် မဲစာရင်း နာမည်ပါသော်လည်း မဲလာပေးရောက်သူ အလွန် နည်းပါးနေကြောင်း ဧရာဝတီ သတင်းထောက် ၂ ဦးက သတင်းပေးပို့သည်။
ကျောက်တံတားမြို့နယ်နေ ဦးဟန်မြင့်ကလည်း “ကျနော်တို့ကတော့ မဲသွားမပေးပါဘူးဗျာ။ သွားပေးလို့လည်း ဘာထူးမှာလဲ။ ဝင်ပြိုင်ကြတဲ့သူတွေထဲမှာ အမျိုးများတဲ့သူတွေတော့ အနိုင်ရမှာပေါ့ဗျာ။ သူတို့အမျိုးတွေပဲ မဲပေးကြမှာ။ ဝင်ပြိုင်ကြတဲ့သူတွေကို ရပ်ကွက်တိုင်းက သိကြတာမှ မဟုတ်တာ။ ကိုယ်မသိတဲ့သူတွေကို ဘယ်သူက စိတ်ဝင်တစားနဲ့ မဲပေးကြမှာလဲဗျ။ ဒီစည်ပင် ကော်မတီရွေးကောက်ပွဲက ဘယ်လိုလုပ် အောင်မြင်ပါ့မလဲဗျာ” ဟု ပြောသည်။
နှစ် ၆၀ ကျော်အကြာ ပထမဦးဆုံးအကြိမ် ပြန်လည် ကျင်းပသည့် YCDC ကော်မတီဝင်များ ရွေးကောက်ပွဲတွင် မဲလာရောက် ပေးသူများ နည်းပါးသည့် အပြင် မဲစာရင်းတွင် နာမည်မပါရှိသူများလည်း ရှိနေသည်ဟု ဧရာဝတီက စုံစမ်း သိရှိရသည်။
အရှေ့ပိုင်း ခရိုင် ရွေးကောက်ပွဲ ကျင်းပနေသည့် မင်္ဂလာဒုံမြို့နယ်တွင်လည်း မဲလာထည့်သူ အလွန်နည်းပါးလျက် ရှိကြောင်း၊ စော်ဘွားကြီးကုန်း အ.မ.က (၁၂) တွင် မဲပေးခွင့်ရှိသူ ၁၄၂၃ ဦးရှိသော်လည်း နေ့လယ် ၂ နာရီအထိ မေးလာပေးသူ ၆၅ ဦးသာ ရှိကြောင်း ဧရာဝတီသတင်းထောက်က သတင်းပေးပို့သည်။
လမ်းမတော်မြို့နယ် ၊ဖွံ့ဖြိုးတိုးတတ်ရေး ကော်မတီ ဥက္ကဌ ဦးဌေးအောင်က “အရင်နေ့ကလည်း နေ့ရော ညရော နှိုးဆော်တာပဲ ။ နေ့လယ်ပိုင်းလောက်မှ မဲလာပေးတဲ့သူ အရမ်းနည်းနေတယ်ဆိုရင်တော့ ရပ်ကွက်တွေထဲ ဆင်းပြီး နှိုးဆော်တာတွေ ထပ်လုပ်မယ်” ဟု ဆိုသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်တွင် မဲပေးရန် ကြိုတင် စာရင်းကောက်ခံခဲ့ရာ အိမ်ထောင်စု ၄၀ ဝန်းကျင်က မဲလာ မထည့်ရန် ကြိုတင်စာရင်း ပေးသည့်အတွက် ဆန္ဒပြု မဲထည့်မည့် အိမ်ထောင်စုစာရင်းမှာ ၂၆၈ ဦး ရှိသော်လည်း ယနေ့ နေ့လယ် အထိ မဲလာထည့်သူ ဦးရေ ၄၀ အထိသာ ရှိကြောင်း ဦးစံဖေရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဝင်းတင်က ပြောသည်။
ဗဟန်းမြို့နယ်တွင် နေထိုင်ပြီး အသက် ၆၃ နှစ် ရှိသူ ဒေါ်သောင်းသောင်းက “မဲကိုပေးဖို့ တာဝန်ရှိလို့ လာပေးတယ်၊ သိပ်စိတ်မဝင်စားဘူး၊ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေက ဘယ်သူတွေလဲဆိုတာလည်း မသိဘူး၊ ၂၀၁၅ နိုင်ငံရေးပါတီတွေကို ပေးမယ့် မဲကျမှ သေသေချာချာ ရွေးပြီးထည့်မယ်” ဟု ဆိုသည်။
မဲစာရင်းတွင် အမည်မပါသူများမှာ မဲရုံတွင် မဲလာပေးသည့်အခါ ပေးခွင့်မရခဲ့သဖြင့် အငြင်းပွားမှု တချို့လည်း ဖြစ်ပွားခဲ့သည်။
ထိုသူများအား မဲရုံတာဝန်ရှိသူများမှ နာမည်စာရင်းများ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ လိပ်စာများ ယူထားကာ မဲပေးခွင့် ရမည်ဟု အထက်လူကြီးများက ပေးခွင့်ပြုပါက ပြန်လည်ဆက်သွယ်မည်ဟု ဒဂုံမြို့နယ် ယောမင်းကြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ပြောသည်။
YCDC ရွေးကောက်ပွဲအတွက် ခရိုင် ၄ ခု ၊ မြို့နယ်ပေါင်း ၃၃ ခုတွင် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ခရိုင်၊ မြို့နယ်၊ ကော်မတီဝင် အဆင့်ဆင့်၌ ကိုယ်စားလှယ်ပေါင်း ၂၉၁ ဦး ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပသော ရွေးကောက်ပွဲ တခု ဖြစ်သည်။
(ဧရာဝတီ သတင်းထောက်များ ပူးပေါင်းရေးသားသည်။)