ကြက်ခြေနီ တပ်ဖွဲ့ဝင်များသည် လူမှုဂရုဏာ လုပ်ငန်း၏ အရံအင်အား ဖြစ်သဖြင့် နိုင်ငံတော်၏ လုပ်ငန်းများတွင် လုံခြုံရေး အင်အားအဖြစ် တာဝန်ချထားခြင်းများ မပြုလုပ်ရန် ပြည်နယ်နှင့်တိုင်း အစိုးရများထံ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ညှိနှိုင်း တောင်းဆိုထားကြောင်း သိရသည်။
“ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေကို လုံခြုံရေး အင်အားအဖြစ် ထည့်သွင်းတာကို ပြန်လည် ညှိနှိုင်းထားပါတယ်။ ပြန်ဖြေလျှော့ပေးဖို့ အတွက် သက်ဆိုင်ရာကို ရှင်းပြထားတယ်။ ဖြေလျှော့ပေးဖို့ အစီစဉ် ရှိတယ်လို့လည်း သိရတယ်” ဟု မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ပြန်ကြားဆက်သွယ်ရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်မြင့်က ပြောသည်။
လူမှုဂရုဏာ လုပ်ငန်းများကို လုပ်ဆောင်ရမည့် လွတ်လပ်သည့် အဖွဲ့အစည်းတခု အဖြစ် ရပ်တည်ရမည်ဟု ဆိုထားသော်လည်း အစိုးရ၏ လွှမ်းမိုးမှုများကို ခံနေရသည့်ဟု စွပ်စွဲခံနေရခြင်းများနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၀ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ဘေးအန္တရာယ် ရင်ဆိုင်၊တုံ့ပြန်ရေးနှင့် လူမှုဂရုဏာ လုပ်ငန်းများတွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၏ တာဝန်နှင့် ဝတ္တရားများ အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
“ကြက်ခြေနီ အသင်းကို ဒီထက် တိုးတက်စေချင်တယ် ဆိုရင် ပြည်သူက ရွေးကောက်တဲ့ စေတနာ့ ဝန်ထမ်းတွေနဲ့ ပြန်ဖွဲ့စည်း သင့်တယ်။ NGO ပဲ ဖြစ်သင့်တယ်။ အခုက အသင်းရဲ့ ဥက္ကဌက အစ အစိုးရက တိုက်ရိုက် ခန့်ထားတာ ဖြစ်နေလို့ တိုက်ရိုက် ပြန်ဖြုတ်လို့ ရနေတယ်” ဟု ကမာရွတ် မြို့နယ်၊ ကြက်ခြေနီ တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးခင်မောင်ထွန်းက ပြောသည်။
မြို့နယ်ကြက်ခြေနီ အသင်းများတွင် အသင်း၏ ဥက္ကဌ တာဝန်ကို မြို့နယ် ဆရာဝန်ကြီးအား လည်းကောင်း၊ ဒုဥက္ကဌ တာဝန်များကို မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် ပညာရေးမှူးအား လည်းကောင်း၊ အတွင်းရေးမှူး တာဝန်ကို မြို့နယ် ကျန်းမာရေး ဌာနမှ သွားဆရာဝန်အား လည်းကောင်း အသီးသီး ခန့်အပ်ထားရာ အားလုံးမှာ အစိုးရ ဝန်ထမ်းများ ဖြစ်နေခြင်းကြောင့် အစိုးရ၏ ပါဝင်ပတ်သက်မှု ရာနှုန်းပြည့် ရှိနေသည်ဟု အထက်ပါ ပုဂ္ဂိုလ်က ထောက်ပြ ပြောဆိုသည်။
မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၏ ဖွဲ့စည်းပုံသည် အစိုးရ၏ ဖွဲ့စည်းပုံအတိုင်း ဖြစ်ပြီး၊ မဲစနစ်ဖြင့် ရွေးချယ်ထားခြင်း မဟုတ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ပြန်ကြားဆက်သွယ်ရေး ဌာန ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်မြင့်က ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းအောက်တွင် အသင်းခွဲပေါင်း ၃၃၀ ကျော် ဖွဲ့စည်းထားပြီး၊ အသင်းဝင် အရေအတွက် ၁ သိန်းကျော် ရှိကာ၊ စေတနာ့ ဝန်ထမ်းပေါင်း ၄ သောင်းကျော် ရှိပြီး၊ တနှစ်လျှင် လူပေါင်း ၅ သိန်းမှ ၁ သန်း အတွင်းအား လူမှုဂရုဏာ ကူညီပေးရေး လုပ်ငန်းများ လုပ်ဆောင်ပေးလျှက် ရှိသည်ဟု အသင်း၏ စာရင်းဇယားအရ သိရသည်။
ကြက်ခြေနီ အသင်း၏ လုပ်ငန်းအများစုမှာ ပြည်ပ နိုင်ငံနှင့် အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့် လည်ပတ် နေရပြီး၊ ပြည်တွင်း အလှူရှင်များ၏ ပါဝင်ကူညီမှုမှာ နည်းပါးနေဆဲ ဖြစ်ကြောင်းလည်း အဆိုပါ အသင်းမှ သိရသည်။