မကြာမီက မီဒီယာသတင်းစဉ်တခုမှာ “ဝမ်ပေါင်သည် လူထုအခြေပြု၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုတာဝန်ယူ လုပ်ဆောင်လျက်ရှိ” ဆိုတဲ့ ခေါင်းစီးနဲ့ ဆောင်းပါးလိုလို၊ ကြော်ငြာချက်လိုလို ဒီဇင်ဘာ ၄ ရက်နေ့က ပါရှိလာတယ်။ မုံရွာသား စာပေသမားတယောက်အနေနဲ့ မေးစရာမေးခွန်းတွေ ပေါ်ထွက်လာတာက ဘယ်လို လူတန်းစားတွေကို အခြေပြုပြီး လုပ်ဆောင်ပေးနေပါသလဲ။ ဒေသဖွံ့ဖြိုးရေးတွေ တိုးတက်အောင်တာဝန်ယူ လုပ်ဆောင်ပေးနေတယ်ဆိုတာမှာ ဒီနေရာက မုံရွာမြို့ကြီးနဲ့ ချင်းတွင်းမြစ်ခြားပြီး တမိုင်ပျော့ပျော့သာဝေးတဲ့ နေရာဖြစ်တယ်။ အဲဒီနေရာက ယခင် ကာလတွေမှာ အညာဒေသရဲ့ သဘာဝ စိမ်းလန်းစိုပြေ ရာသီဥတုအခြေအနေကို ပြုပြင်ထိန်းသိမ်းပေးခဲ့တဲ့ ပတ်ဝန်းကျင်ဒေသကြီး၊ အခုတော့ ကန္တာရလွင်ပြင်ကြီးဖြစ်နေပါ ပကောလား။
အောက်ချင်းတွင်းခရိုင် မုံရွာမြို့ကြီးဆိုတာက စစ်ကိုင်းတိုင်းဒေသကြီးရဲ့ တိုးတက်ဖွံ့ဖြိုးမှု အရှိဆုံးနဲ့ လူဦးရေ ထူထပ်မှု အရှိဆုံးဒေသကြီး တခုဖြစ်တယ်။ အထက်ချင်းတွင်းခရိုင် ချင်းတွင်းမြစ်တကြောက မြို့အားလုံးနဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းမြောက်ဖျား ယောနယ်ဒေသ၊ နာဂပြည်နယ်၊ အိန္ဒိယ နိုင်ငံရှိ မိုးရေး၊ အင်ဖာမြို့များသို့ သွားရာ အားလုံးသော ခရီးစဉ်များက မုံရွာမြို့ကြီးကို ကျော်ဖြတ်ပြီးမှ ရေလမ်း၊ ကုန်းလမ်းတို့နဲ့ သွားရောက်ကြရတယ်။ ရေချို ချင်းတွင်းမြစ်ကြီးကလည်း မြန်မာပြည် မြောက်ဖျားဒေသ၊ နာဂပြည်နယ်က အခြေခံခဲ့ပြီး တောင်ဘက်ဆီ အစဉ်တစိုက် စီးဆင်းလာလိုက်တာ မုံရွာမြို့ကြီးရဲ့ အနောက်ဖက်က ကပ်ပြီးအောက်ပြည် အောက်ရပ်ဆီ ဆက်လက်စီးဆင်းသွားတယ်။ ပခုက္ကူ၊ မြင်းခြံအနီးရောက်မှ ဧရာဝတီမြစ်ကြီးနဲ့ ဆက်သွယ် ပေါင်းဆုံပြီး စီးဆင်းသွားပြန်တယ်။ ဒီနောက်မှာတော့ ဧရာဝတီမြစ်ကြီးအသွင် ရေလွှာချင်း ပေါင်းဆုံစီးဆင်းသွားတာ မန္တလေးတိုင်း၊ မကွေးတိုင်း စတဲ့မြန်မာပြည် အလယ်ပိုင်းက မြစ်ကမ်းမှာ တည်ရှိတဲ့ မြို့အသီးသီးကို ကျော်ဖြတ်ပြီး ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့ဆီ ဆက်လက် စီးဆင်းသွားပြန်တယ်။ အဲဒီမှာလည်း ဧရာဝတီမြစ် နံဘေးမှာ လူနေထူထပ်တဲ့ မြို့ကြီးတွေ တည်ရှိနေကြတယ်။ နောက်ဆုံးမှ ဘင်္ဂလား ပင်လယ်အော်ထဲကို ဧရာဝတီမြစ်ကြီး ခရီးဆုံး ရောက်ရှိသွားခြင်း ဖြစ်တယ်။
ပြောချင်တာက မြန်မာပြည် မြောက်ဖျားပိုင်းဆီက အသီးသီး စီးဆင်းလာကြတဲ့ ချင်းတွင်းနဲ့ ဧရာဝတီ ရေချိုမြစ်ကြီးတွေက အထက်ပိုင်းမှာ စည်းမဲ့ကမ်းမဲ့ ရွှေကျင်ရာမှာ အသုံးပြုတဲ့ ပြဒါးနဲ့ ဆိုင်ယာနိုက်အဆိပ်တွေ သင့်ခဲ့ကြပြီ၊ ချင်းတွင်းမြစ်ကြီးရဲ့ အထက်ချင်းတွင်း တလျှောက်က မြစ်ကမ်းနှစ်ဖက်မှာ ထင်တိုင်းတူးဆွ ဖြိုဖျက်ခဲ့ကြတော့ မြစ်ကမ်းနံဘေးတွေလည်း ပျက်စီး၊ မူလကကြည်လင် သန့်ရှင်းတဲ့ ရေချိုရေကြည် ရေသန့်ကနေ ကော်ဖီရောင်၊ အညိုရောင် ရွှံ့ရေတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီ။ ပြဒါးနဲ့ ဆိုင်ယာနိုက်တွေ ပျော်ဝင်နေတဲ့ အဆိပ်သင့်ရေတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီ။ မြစ်တွင်းမှာ ကျက်စားတဲ့ ငါးမျိုးစိတ်တွေ တခြားသတ္တဝါတွေ တနေ့တခြား လျော့ပါးလာနေပြီး အဲဒီအဆိပ်သင့် ငါးတွေကို မြစ်ကမ်းနေမြို့နေ လူထုက စားသုံးတော့ ကျန်းမာရေးထိခိုက်ပြီး သက်တမ်းပြည့်မနေရဘဲ ဘဝဆုံးရှုံးကြရပြီ။
ဒီလို ချင်းတွင်းမြစ်တကြောက အဆိပ်သင့်မြစ်ရေတွေက အောက်ချင်းတွင်းခရိုင် မုံရွာမြို့ကြီးဆီ ရောက်လာပြန်တော့ မုံရွာမြို့နဲ့ အလုံမြို့ကြားက ချင်းတွင်းမြစ် အနောက်ဖက်ကမ်းမှာ ယမားတခု ရှိတယ်။ အဲဒီယမားက ကြေးစင်တောင်နဲ့ စံပယ်တောင်အနီးက ကပ်လျက် ချင်းတွင်းမြစ်အတွင်းဆီ မိုးကာလမှာ ယမားရေတွေ ကမ်းလုံးပြည့် ဆက်သွယ် စီးဆင်းနေခြင်း ဖြစ်တယ်။ ယခုတော့ အဲဒီ ကြေးစင်တောင်၊ စံပယ်တောင်တို့ကလည်း တောင်ပြား တောင်ချိုင့်ကြီးတွေ ဖြစ်သွားခဲ့ပါပြီ။ ယခင်က မုံရွာဖက်ကမ်းက ကြည့်ရင် ထန်းတောကြီးတွေက မြစ်ကမ်းအနီးမှာ အနားသတ်ပြီး မှိုင်းပြာ ညိုမှောင်နေတဲ့ စံပယ်တောင်၊ ကြေးနီတောင်တို့က ယခင် ဒီဒေသတကြောမှာ သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြေမှု အင်အားပြရာ ဒေသကောင်းတခု ဖြစ်ခဲ့တယ်။
ပထမဦးဆုံး အရိပ်အာဝါသအားလုံး၊ ပတ်ဝန်းကျင်မှာ လေထု၊ ရေထု၊ မြေထု အားလုံး ဂေဟ စနစ်ပျက်သုန်းသွားတဲ့ အကြောင်းက စက်ယန္တရားကြီးတွေရဲ့ ဒဏ်ရာဒဏ်ချက်၊ မဆင်မခြင် တာဝန်ရှိသူတို့ရဲ့ လုပ်ဆောင်ချက်တို့နဲ့ နိစ္စဓူဝ ဒုတ္တာမြေသားကို ဆာလဖျူရစ် အက်ဆစ်ရည် ဂါလံပေါင်းများစွာနဲ့ ဖျော်ထုတ်ရယူခဲ့ပြီး အညစ်အကြေးအဖြစ် ပြောင်းလဲသွားတဲ့ အက်ဆစ်ရေတွေက ဒီပတ်ဝန်းကျင်ဒေသက မြေတကြောမှာ အောင်းဝင်သွားတယ်။ ယမား ရေစီးကြောင်းတွေက ဖြစ်စေ၊ ချင်းတွင်းမြစ် အတွင်းကို အညစ်အကြေး ရေတွေအဖြစ် ရောက်ရှိသွားတယ်။ မူလကတည်းက ချင်းတွင်း မြစ်ကြောတလျှောက် ပျော်ဝင်လာတဲ့ ပြဒါးနဲ့ ဆိုင်ယာနိုက် အဆိပ်သင့်ရေတွေထဲမှာ ထပ်ဆင့်ပြီး စံပယ်တောင်၊ ကြေးနီတောင်ဖက်က အက်ဆစ်ရေတွေ ပျော်ဝင်ပါလာပြန်တော့ ချင်းတွင်းရေချို၊ ရေသန့်ဟာ ဘယ်လိုနည်းနဲ့မှ ဒေသခံ လူထုအတွက် အကျိုးမဖြစ်စေတော့ဘဲ လူတွေကို အန္တရာယ်ကြီးမားစွာ အဖြစ်ဆုံး ဖန်တီးပေးသလို ဖြစ်သွားတယ်။
အခုလက်ရှိ ပြဿနာတွေက ကြေးစင်တောင်၊ စံပယ်တောင်တို့ထက် အရွယ်အစားကြီးမားတဲ့ လက်ပံတောင်း တောင်ကြီး ကမ္ဘာလောကကြီးထဲက လုံးဝ ပျောက်ကွယ်သွားရတော့မှာမို့ ဒေသခံတို့ရဲ့ ရင်ထဲမှာ တမြေ့မြေ့ လောင်ကျွမ်းပြီး ခံစားနေကြရတယ်။ အခုတော့ ဝမ်ပေါင်က ဒေသဖွံ့ဖြိုးရေးအတွက်ဆိုပြီး အသံကောင်းဟစ် ပြောဆိုလာခဲ့တယ်။ မုံရွာသားဖြစ်တဲ့ စာရေးသူက ကြေးနီစီမံကိန်းဒေသအတွင်းက ပြည်သူအများစုအတွက် ဘယ်လိုဆောင်ရွက်ပေးပြီး ဒေသအတွက် ဘယ်လို လူနေမှု မြင့်မားတိုးတက်အောင် လုပ်ဆောင် ပေးနေတယ်ဆိုတဲ့ ကိစ္စမှာ လက်တွေ့ခံစားနေရသူတွေရဲ့အပြောနဲ့ ကြေငြာချက်တွေက ကွာခြား လွန်းနေတော့ မေးစရာမေးခွန်းတွေ အတွေးပေါ်လာခဲ့မိတယ်။
ဒီအထဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌဖြစ် တာဝန်ပေးအပ်ထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားကိုပါ ထည့်သွင်းကိုးကား ရေးသားထားပြန်တော့ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တာက ဒေသလည်းဖွံ့ဖြိုးပြီး နိုင်ငံတော်အတွက်လည်း အကျိုးရှိမည့် လုပ်ငန်းဆိုလျှင် ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သင့်ကြောင်း ချွင်းချက်စကားနဲ့ ပြောဆိုခဲ့တာဖြစ်တယ်။
အဲဒီလိုပြောခဲ့တဲ့ သူ့စကားထဲမှာ ဒေသဖွံ့ဖြိုးတိုးတက်မှု မရှိရင် လုံးဝမလုပ်ပါနဲ့လို့ ဆိုလိုတာကိုလည်း ဒေသခံပြည်သူတွေ နားလည်ထားပြီးဖြစ်တော့ လိုရာဆွဲပြီး မြန်မာပြည်သူတွေ နဝေတိမ်တောင် ထင်ယောင်ထင်မှားဖြစ်အောင် ဝမ်ပေါင်နဲ့ ဦးပိုင်တို့ဘက်က လုပ်ချလိုက်ပြန်ပြီလို့ ငြီးတွားနေမိတယ်။
ကျနော်တို့က မုံရွာသားတွေဆိုတော့ မုံရွာဒေသအကြောင်း ကောင်းကောင်းသိတယ်။ တခြားသော မြန်မာပြည်သားတွေထက် ဒေသအကြောင်း အဆိုးအကောင်းကိုလည်း ပိုမိုသိတယ်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်နဲ့ ဒေသခံတွေအတွက် ကမ္ဘာတည်သရွေ့ ကောင်းမလား (တသက်လုံး ကောင်းမလား) ဆိုတဲ့ မေးခွန်းကို ကျနော်တို့က တခြားလူတွေထက်ပိုပြီး တွေးခဲ့ကြတယ်။ ပြီးတော့ ရင်မအေးလည်း ဖြစ်ခဲ့ကြတယ်။ ဘာကြောင့်ဆိုရင် တိုင်းပြည်အကျိုးရှိဖို့ မပြောနဲ့၊ ဒေသကြီးတခုလုံးနဲ့ ဒေသခံ သက်ရှိသက်မဲ့ သဘာဝပတ်ဝန်း ကျင်လောကကြီးပါ ထာဝစဉ် တိမ်မြှုပ်ပျောက်ကွယ်သွားပြီး ကမ္ဘာလောကကြီးထဲက လက်ပံတောင်းတောင်၊ ကြေးနီတောင်နဲ့ စံပယ်တောင်တို့ကို လုံးဝ (လုံးဝ) ထုတ်ပယ်ပစ်လိုက်မဲ့ စီမံကိန်းကြီး တရပ်ဖြစ်နေတာမို့ ဒေသခံတွေက ခံစားနာကျည်းမှု အပြည့်နဲ့ ဆက်လက် ဟန့်တားကန့်ကွက်နေကြတာ ဖြစ်တယ်။
ဒီနေရာမှာ မုံရွာခရိုင် ချင်းတွင်းမြစ် အနောက်ဖက်ကမ်းက လက်ပံတောင်းတောင်ဒေသ ကွက်ကွက်ကလေးသာ ထိခိုက်နစ်နာ ဆုံးရှုံးသွားမှာ မဟုတ်ဘဲ ချင်းတွင်းမြစ်တဝှမ်းလုံး (အထက်ချင်းတွင်း၊ အောက်ချင်းတွင်း မြို့ကြီးများ အပါအဝင်) ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး မြောက်ဖျားယောဒေသ အားလုံးပါ ထိခိုက်နစ်နာဆုံးရှုံးသွားမှာ ဖြစ်တယ်။ မီဒီယာထဲမှာ ဖော်ပြထားတဲ့ ဦးပိုင်နဲ့ ဝမ်ပေါင်တို့ရဲ့ နှစ်သိမ့်လှည့်စားတဲ့ စကားနဲ့ရေးသားထားတဲ့ ပျားရည်နဲ့ ဝမ်းချတဲ့စကားတွေဟာ တကယ်တော့ မမှန်ကန်ဘဲ ရေရှည်တွေးမထားတဲ့ အနေအထားမှာ ရှိတယ်။
သူတို့ဆိုချင်တာက တချို့သောဒေသခံတွေကို သူတို့ပေးလိုတဲ့ ငွေကြေးအတိုင်း ပေးချေခဲ့ပြီး ဒေသပေါက်ဈေးနဲ့ မြေယာနဲ့ထန်းပင် အပါအဝင် အပင်ကြီးတွေရဲ့ ပျက်စီးမှုတွေကို အကြေအလည် ပေးချေခဲ့ခြင်း မဟုတ်ကြောင်း အဝေးနေ မြန်မာပြည်သူတွေ သိရှိထားဖို့ အရေးကြီးတယ်။ အဲဒီဒေသမှာ သောက်သုံးရေတွေကလည်း အက်စစ် အဆိပ်သင့်ရေတွေ ဖြစ်သွားတော့ ဒီရေတွေကို သောက်နေကြရပြီး တချို့နေရာတွေမှာဆို ရေတွင်းရေကန်တွေလည်း ရေမထွက်တော့။ ဒေသခံပြည်သူတွေ ရှုရှိုက်သည့် လေ၊ သောက်သုံးသည့်ရေတွေအားလုံး အက်စစ်တွေ ပျံ့နှောပါဝင်နေတော့ အဆိပ်ကျွေး သတ်နေသလိုတောင် အဖြစ်ဆိုးတွေ ကြုံတွေ့စေတာ မြန်မာပြည်သူတွေ နက်နက်နဲနဲ မြင်စေချင်တယ်။ ဒီမြေဒီဒေသ ဒီပတ်ဝန်းကျင်မှာ သဘာဝသစ်ပင်တွေလည်း မရှင်သန်နိုင်တော့ဘူး၊ သဘာဝ ကျေးငှက် တိရိစ္ဆာန်တွေလည်း ပြောင်းရွှေ့ကုန်ကြပြီး နောင်တချိန်မှာ တဖြည်းဖြည်း ကျန်းမာရေး အခြေအနေ ယုတ်လျှော့လာတာကြောင့် ဒေသခံတွေလည်း တခြားတနေရာဆီ ပြောင်းရွှေ့ ကြတော့မယ်။ နောင်ခါကာလ ဒီဒေသမှာ အထူးသဖြင့် ချင်းတွင်းမြစ်ဝှမ်း အလယ်ပိုင်း၊ ကြေးနီစီမံကိန်း ကပ်ဆိုးကြီးကြောင့် ဒေသခံပြည်သူတွေရှိမှ ရှိပါဦးမလား။ သက်တမ်းစေ့ နေနိုင်ဖို့ဆိုတာ လုံးဝခက်ခဲသွားပြီ။ အခ ုမုံရွာဒေသ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက မြန်မာတပြည်လုံး အကျိုးရှိဖို့ မဆိုထားနဲ့ လက်ပံတောင်းတောင် ဒေသကွက်ကွက်ကလေးက နေထိုင်ကြတဲ့ ပြည်သူများအတွက်ပင် မနေသင့် မနေထိုက်တဲ့ အဆိပ်သင့် နေရာဖြစ်နေပြီး သဘာဝပတ်ဝန်းကျင်ရဲ့ ဂေဟစနစ်လည်း ပျက်စီးသွားခဲ့ပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို အကြောင်းပြပြီး အချွန်နဲ့မကာ ဒေသတခုလုံးကို အက်စစ်အဆိပ်ရေတွေ တိုက်ကျွေးနေတယ်လို့သာ ထင်မြင်ယူဆမိတယ်။
ဦးပိုင်ကုမ္ပဏီနဲ့ ဝမ်ပေါင်ကုမ္ပဏီဟာ စပယ်တောင်နဲ့ ကြေးစင်တောင်ကနေ ကြေးနီထုတ်လုပ်ခဲ့ပြီး ဂေဟစနစ်လည်း လုံးဝပျက်စီးသွားခဲ့ပြီး ဖြစ်တယ်။ ဒီထက် ပိုမိုကြီးမားကျယ်ဝန်းတဲ့ လက်ပံတောင်းတောင်ကတော့ လူနေဒေသ ကျေးရွာများနဲ့လည်း တဆက်တစပ်တည်း ရှိနေခြင်းနဲ့ ထင်ရှားကျော်ကြားတဲ့ ဖိုဝင်းတောင်နဲ့လည်း တကြောတည်း ရှိနေတယ်။
အခုကတည်းက စည်းမဲ့ကမ်းမဲ့ မြေစာတွေ ပုံချင်ရာပုံ၊ စွန့်ပစ်နေကြတာကြောင့် တယ်ပင်ခံရွာ (စီမံချက်နယ် မြေကင်းလွတ်ဒေသ) အနီးအထိ မြေစာတွေပုံထားကြောင်း သိရှိရတယ်။ လယ်တီ ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့ရာ အေးငြိမ်းသာယာလှတဲ့ ကျောင်းသင်္ခမ်း ဓမ္မရိပ်သာနဲ့ စေတီကိုလည်း ယခုအခါ နေရာပြောင်းရွှေ့သွားခဲ့ပြီ။ အာဏာပိုင် အဖွဲ့အစည်းနဲ့ ဝမ်ပေါင်၊ ဦးပိုင်တို့က ကျောင်းအသစ်၊ နေရာအသစ်တွေခင်းပြီး အဆောက်အအုံ ရုပ်ဝတ္ထု အသစ်တွေ ဖန်တီးပေးနိုင်ခြင်းကို ဒေသရဲ့ တိုးတက်ရာအဖြစ် စီစဉ်ပေးနိုင်တယ်လို့ ယူဆထားကြပုံရပြီး မီဒီယာကနေ ပျားရည်နဲ့ ဝမ်းချလိုက်တာပါပဲ။
မုံရွာဒေသခံ အသက်အရွယ် ဂုဏ်သိက္ခာကြီးမားပြီး ပညာဂုဏ်ရည်မြင့်မားတဲ့ ပညာရှင်တွေ အမြင်က မုံရွာမြို့ကြီး အပါအဝင်၊ ဒေသတကြောက သဘာဝပတ်ဝန်းကျင် ဂေဟစနစ်အားလုံးကို လေ့လာသုံးသပ်ပြီး မြန်မာပြည် အလယ်ပိုင်း၊ အရေးကိစ္စ (အထူးသဖြင့်) ပထမဦးဆုံး မုံရွာဒေသရဲ့ သဘာဝပတ်ဝန်းကျင် လုံးဝပျက်သုန်းခြင်း၊ မုံရွာမြို့ကြီးရဲ့ အနောက်ဖက်က အထင်ကရ တောင်ကြီးသုံးလုံး ကမ္ဘာလောကအတွင်းက လုံးဝပျောက်ကွယ်သွားခြင်း၊ ရေချိုမြစ် ချင်းတွင်း ရေကြည်ရေသန့်ကနေ အဆိပ်သင့် အက်စစ်ရေ၊ ရေညံ့၊ ရေဆိုးတွေအဖြစ် သုံးစွဲ သောက်သုံးမရ ဖြစ်နေတဲ့ အခြေအနေတို့ ပေါ်ပေါက်တော့မယ်လို့ မြင်ကြပါတယ်။ ဒါသာမက အက်စစ်မြေအဖြစ် ပြောင်းလဲသွားတဲ့ဒေသမှာ စားသုံးသစ်ပင် သီးနှံအားလုံး စိုက်ပျိုးရန် ခက်ခဲသွားတဲ့ အနေအထားသို့ ပြောင်းလဲသွားခြင်း၊ ချင်းတွင်းမြစ်အတွင်း ကျက်စားသည့် ရေနေသတ္တဝါများ သေကြေပျက်စီးသွားခြင်း၊ အမျိုးအမည်မသိ ဝေဒနာများ၊ အက်စစ်သင့်ရေ၊ အက်စစ်သင့်လေ၊ အက်စစ်သင့်မြေတွင် ရေရှည်နေထိုင်၍ မရတော့သည့်ဘဝ အခြေအနေများအဖြစ် ပြောင်းလဲသွားခြင်းတို့အား အဓိပ္ပါယ်ရှိရှိ ဆန္ဒဖွင့် ပြောဆိုလျက် ရှိကြသော်လည်း မိမိတို့လုပ်ဆောင်လိုလျှင် နောက်သို့မဆုတ် ဆင်ခြင်တုံတရားကင်းမဲ့သည့် စိတ်ဓာတ်နဲ့ လုပ်ဆောင်တတ်သူများကြောင့် မုံရွာမြို့ကြီး အပါအဝင် သဘာဝပတ်ဝန်းကျင် အားလုံး နှစ်အနည်းငယ်အတွင်း (နှစ် ၃၀ အတွင်း) လုံးဝ ပျက်သုန်းကြရတော့မှာ ဖြစ်ပါတယ်။
ဒီလိုတင်ပြတဲ့ အကြောင်းရပ်တွေက အဓိပ္ပါယ်မဲ့စွာ ရေးသားချက်များ မဟုတ်ဘဲ ကျနော်တို့ မုံရွာဒေသမှာ လက်ရှိ အနေအထားမှာလည်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဂေဟစနစ် သဘာဝပတ်ဝန်းကျင်ရဲ့ အလှတရားတွေလုံးဝ ပျက်သုန်းခဲ့ရပြီ။ လောလောဆယ် ကြေးစင်တောင်၊ စံပယ်တောင်တွေ နေရာမှာ မြေပြန့် မြေချိုင့်တွေ ဖြစ်နေပြီး အပင်ကြီးငယ်တွေ လုံးဝ မတွေ့ရတော့။ မူလ သဘာဝသစ်ပင်တွေနဲ့ စိမ်းစိုခဲ့တဲ့ အေးချမ်းသာယာတဲ့ အရပ်ဟာ ယခု နွေရာသီ ပြင်းထန်တဲ့ နေပူရှိန်အောက်မှာ ကန္တာရဖြစ်သွားခဲ့ပြီ။
ယခုအခါ စတင်ဖြိုဖျက်နေပြီဖြစ်တဲ့ လက်ပံတောင်းတောင်ဒေသက ဆားလင်းကြီး၊ ပခုက္ကူ၊ ယင်းမာပင်၊ ပုလဲ၊ ဂန့်ဂေါ၊ ယောဒေသနဲ့ ချင်းပြည်နယ်သွားတဲ့ ကားလမ်းနှစ်သွယ်နဲ့ အနီးဆုံး ချင်းတွင်းမြစ်နဲ့ တမိုင်ပျော့ပျော့သာ ဝေးပြီး မိုးကာလ ရေဝင်ဒေသတွေ ဖြစ်တယ်။ စောစောကတင်ပြခဲ့သလို အကြမ်းဖျင်းအားဖြင့် ဒုတ္ထာမြေ (ကြေးနီ ပါဝင်သည့်မြေ) ကို အက်စစ်ရည်နဲ့တနေ့ အက်စစ်ဂါလံ ထောင်ချီသုံးခဲ့ရင် တလအတွင်း အက်စစ်ဂါလံ သောင်းချီသွားမယ်။ တနှစ်မှာ အက်စစ်ဂါလံပေါင်း သိန်းချီသွားပြီ ဖြစ်တယ်။ တနှစ်အတွင်း အက်စစ်ဂါလံ သိန်းချီသွားရင် ဆယ်နှစ်မှာ ဂါလံပေါင်း မည်မျှဆိုတာ သာမန်ပုဂ္ဂိုလ်ပင် တွက်ချက်နိုင်ပါတယ်။ ဒီဒေသမှာ အက်စစ်မြေ၊ အက်စစ်ရေ၊ အက်စစ်ပျံ့နှောတဲ့ လေတွေအဖြစ် ပြောင်းလဲမသွားရင် ဘယ်ဒေသက ပြောင်းလဲသွားမှာလဲ။
အာဏာပိုင် အဖွဲ့အစည်းကပုဂ္ဂိုလ်တွေ လေးလေးနက်နက် စဉ်းစားကြည့်ပါ။ အဆိပ်အန္တရာယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဝန်းခြံအတွင်းက နေအိမ်တလုံးမှာ ဘယ်သူသွားပြီး နေနိုင်မလဲ။ ကိုယ်ချင်းစာတရားနဲ့ လူသားပီပီ တွေးကြည့်လိုက်ပါ။ စက္ကူငွေသားကို သိန်းထောင်ချီပေးပြီး လူသားတယောက်ကို နေခိုင်းကြည့်ပါ။ သူ့အသက်ရှင်သန်ရေးက အဓိကလား၊ စက္ကူငွေသားနဲ့ ပြင်ပ ပသာဒက အဓိကလားအဖြေက ရှင်းလင်း သိသာလှပါတယ်။
အခုတော့ ဝမ်ပေါင်ကုမ္ပဏီရဲ့ကြေညာချက်က ဒေသကြီးကောင်းမွန်အောင် လမ်းပန်းလျှပ်စစ် အဆောက်အဦး၊ စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံတွေ တည်ထောင်ပေးခြင်းကိုပဲ ဒေသခံတွေအတွက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြောင်း ဆိုခဲ့တယ်။ မုံရွာမြို့ကြီးနဲ့ ဒေသခံ ပြည်သူတွေက ဒီတည်ဆောက်ပေးထားတဲ့ ကန္တာရထဲက အဆောက်အဦးတွေနဲ့ မုံရွာဒေသရဲ့ သဘာဝ ပတ်ဝန်းကျင်အလှထဲက ပျောက်ကွယ်သွားပြီဖြစ်တဲ့ စပယ်တောင်၊ ကြေးစင်တောင်နဲ့ လုံးဝပျောက် ကွယ်သွားတော့မယ့် လက်ပံတောင်းတောင်၊ အက်စစ် အဆိပ်သင့် ချင်းတွင်းမြစ်ရေ၊ အဆိပ်သင့်ဒေသမြေ၊ ယခင်က ရာသီဥတုထိန်းသိမ်းတဲ့ ရေမြေတောတောင် သစ်ပင်ကြီးတွေနဲ့ တန်ဖိုးတွက် ချိန်ခွင်လျှာ ချိန်စက်ကြည့်ရင် မြန်မာ့မူရင်းဒေသ၊ မြန်မာပြည်ချင်းတွင်း မြစ်ဝှမ်း အလယ်ပိုင်းဒေသကြီး ပျက်သုန်းသွားမည့် ကြီးမားတဲ့ ဆုံးရှုံးမှုက များလွန်နေတော့ ဝမ်ပေါင်၊ ဦးပိုင်တို့ရဲ့ နှစ်သိမ့်မှုကို လုံးဝ (လုံးဝ) ကန့်ကွက် ပယ်ချသွားမှာဖြစ်ပါတယ်။ ဘယ်လိုပင် ဝါဒဖြန့်စေ၊ နာကြည်းရွံ့မုန်းမှုတွေကတော့ မုံရွာ ဒေသခံတို့ရဲ့ ရင်ထဲမှာ အစဉ်အမြဲရှိနေမှာဖြစ်တယ်။
(စာရေးဆရာ ဒေါက်တာ ကျော်သန်းထွန်းသည် တရုတ်နိုင်ငံ ကန်တုန် ဆေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး တိုင်းရင်းဆေး သိပ္ပံ သုတေသန ဌာနတွင် သုတေသနမှူး တာဝန် ထမ်းဆောင်ခဲ့သည်။ အမျိုးသား စာပေဆု၊ ပခုက္ကူ ဦးအုံးဖေ စာပေဆုများလည်း ရရှိခဲ့သည်။)