Human Rights

ကျောက်ဆည်ခရိုင်ရှိ “ပန်ဒါ” ချည်မျှင်စက်ရုံ ဝန်ထမ်း ၈၀၀ ခန့် စက်ရုံအတွင်း ဝင်ခွင့်မရ

This article has been converted from Zawgyi One to Unicode

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ ပလိပ်မြို့ရှိ “ပန်ဒါ” ချည်မျှင်စက်ရုံ၏ ဝန်ထမ်း ၈၀၀ ခန့်သည် အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်တွင် လက်မှတ် မထိုးကြသဖြင့် ၎င်းတို့အား စက်ရုံတွင်းသို့ ပေးမဝင်ကြောင်း သိရသည်။

“အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်လို့ ခေါင်းစဉ်တပ်ပြီး သူတို့ဘာသာ တဖက်သတ် ဆွဲထားတဲ့ စာချုပ်ကို သဘောမတူဘူး။ စာချုပ် ရေးလိုက်မှန်းတောင် မသိဘဲ လက်မှတ်ထိုးခိုင်းနေလို့ မထိုးကြတာ။ လက်မှတ် မထိုးတဲ့သူကို စက်ရုံထဲ ဝင်ခွင့်မပေးလို့ ကျနော်တို့တွေက ဝင်ခွင့်ရဖို့ ကြိုးပမ်းနေကြတာ” ဟု အဆိုပါ စက်ရုံတွင် နှစ် ၂၀ ကျော် အလုပ် လုပ်ကိုင်နေသူဖြစ်ပြီး ထိုစက်ရုံ အလုပ်သမား သမဂ္ဂတွင် ဥက္ကဌ ဖြစ်သူ ဦးဝင်းထွန်းညွန့်က ဧရာဝတီကို ပြောသည်။

“ပန်ဒါ” ချည်မျှင် စက်ရုံသည် စက်မှုဝန်ကြီး ဌာနမှ ပုဂ္ဂလိက ငှားရမ်းလုပ်ကိုင်ခွင့် အဖြစ် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်တွင် စတင် ရရှိထားပြီး၊ စက်ရုံအုပ်ချူပ်သူများက အလုပ်သမားများအား အသိမပေးဘဲ အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်ကို တဖက်သတ် ရေးဆွဲခဲ့ပြီးနောက် စာချုပ်တွင် လက်မှတ် ရေးထိုးခိုင်းခြင်း ဖြစ်သည်။

အဆိုပါ စာချုပ်တွင် လက်မှတ်မထိုးသည့် ဝန်ထမ်းတိုင်းကို စက်ရုံအတွင်း ဝင်ခွင့်မပေးသည့် အတွက် အလုပ်သမားများက ဝင်ခွင့်ရရှိရန် စောင့်ဆိုင်းနေသည်မှာ ဒီဇင်ဘာ ၂၅ ရက်မှ ယနေ့အချိန်ထိ ၆ ရက် ရှိနေပြီဖြစ်ကြောင်း ဦးဝင်းထွန်းညွန့်က ဆက်ပြောသည်။

အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးကြသည့် ဝန်ထမ်းများအား ထောက်ပံ့ကြေး အပါအဝင် မူလလစာ အတိုင်းသာ ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း၊ မူလအတိုင်း ဝန်ထမ်းအိမ်ရာတွင်လည်း ဆက်လက် နေထိုင်ခွင့် ပြုမည် ဖြစ်ကြောင်း၊ စာချုပ်အား လက်မှတ် မရေးထိုးသူများကို ဆက်လက် အလုပ်လုပ်ကိုင်ရန် ဆန္ဒမရှိဟု ယူဆပြီး ဒီဇင်ဘာ ၂၂ ရက်မှ စတင်ကာ လုပ်ခ၊ လစာ ခံစားခွင့် ရရှိမည် မဟုတ်ကြောင်း အသိပေး ကြေညာချက်ကို “ပန်ဒါ” ချည်မျှင် စက်ရုံ၏ အုပ်ချုပ်မှု အဖွဲ့က ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်နှင့် ပတ်သတ်ပြီး ဦးဝင်းထွန်းညွှန့်က “ဒီလ လစာကိုတော့ ရအောင် အရင်လုပ်မယ်။ အစိုးရဘက်နဲ့ စက်ရုံဘက်က ဘယ်သူမှ ကျနော်တို့ကို လာပြီး ညှိနှိုင်းတာမျိုး မရှိသေးဘူး။ ညှိနှိုင်းခွင့် ရရင်တော့ ဝန်ထမ်း အားလုံးရဲ့ သဘောထား ကြေညာချက်အတိုင်း လုပ်မှာပဲ။ ကျနော်တို့က နိုင်ငံဝန်ထမ်း အခွင့်အရေးတွေကို တောင်းတာ” ဟု ပြောသည်။

အဆိုပါ စက်ရုံကို ပုဂ္ဂလိကသို့ လွဲပြောင်းပေးပြီးနောက် ၂၀၁၄ ခုနှစ် ဧပြီလ အတွင်းက စက်ရုံအုပ်ချုပ်မှု အဖွဲ့က အစိုးရက သတ်မှတ်ထားသည့် အလုပ်သမား အခွင့်အရေးများကို မပေးခြင်း၊ အသက် (၅၅) နှစ် ပြည့်သူများကို အလုပ် ဆက်မခန့်ခြင်း၊ လျော်ကြေးပင်စင် မပေးဘဲ အလုပ်ဖြုတ်ပစ်ခြင်းများကြောင့် အလုပ်သမား ၅၀၀ ကျော်က ၈ ရက်ကြာ ဆန္ဒပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီး ဦးသန်းစိုးမြင့် ကိုယ်တိုင် ဝင်ရောက် ညှိနှိုင်းခဲ့ရကြောင်း သိရသည်။

Loading