သတင်း

အာဏာပိုင်များ ဖွဲ့စည်းပေးသည့် စင်ပြိုင်ကျောင်းသားအဖွဲ့များ အတုအယောင်ဟု ဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်ကျောင်းအာဏာပိုင်များက ဦးဆောင် ဖွဲ့စည်းပေးနေသည့် ကျောင်းသား အဖွဲ့ အစည်း များသည် ဒီမိုကရေစီနည်းစနစ်ဖြင့် ဖွဲ့စည်းနေခြင်း မဟုတ်ဘဲ ကျောင်းသားများ ဦးဆောင် ဖွဲ့စည်း ထားသည့် လွတ်လပ် သော ကျောင်းသားသမဂ္ဂများ ပျက်ပြားစေရန် စင်ပြိုင်ဖွဲ့စည်းနေသောကြောင့် အတုအယောင် ကျောင်းသားအဖွဲ့ များသာ ဖြစ်ကြောင်း တက္ကသိုလ် ကျောင်းသား သမဂ္ဂ ၁၉ ဖွဲ့ က ကြေညာချက် ထုတ်ပြန်ပြောဆို လိုက်သည်။

ရန်ကုန်မြို့ ၊ ကျောက်တံတားမြို့နယ် ၃၆ လမ်း ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် တက္ကသိုလ်ကျောင်းသား သမဂ္ဂ ၁၉ ခု၏ သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျောင်းသား သမဂ္ဂဆိုတာ ကျောင်းသားတွေ ဦးစီးဦးဆောင်ဖွဲ့ရမယ်။ အခု အထက် ဆိုတာက လာတဲ့ အမိန့်နဲ့ ပါမောက္ခ ချုပ်တွေ ဌာနမှူးတွေက ဖွဲ့စည်း ပေးနေတယ်။ သူတို့လုပ်နေတာလည်း ဘယ်ကျောင်းသားမှ မသိဘူး။ ဒီမိုကရေစီ မဆန် ဘူး။ ဒါကို ကျနော်တို့က လက်မခံနိုင်ဘူး။ အသိအမှတ်မပြုနိုင်ဘူး” ဟု ဒဂုံတက္ကသိုလ် ကျောင်းသား သမဂ္ဂ အထွေ ထွေ အတွင်းရေးမှူးနန်းလင်း က ပြောသည်။

ကျောင်းအာဏာပိုင်များဖွဲ့စည်းပေးနေသည့် ကျောင်းသားယူနီယံများ အသက်ဝင်လှုပ်ရှားလာပါက လွတ်လပ်သော ကျောင်းသား သမဂ္ဂ  ရွေးကောက်ပွဲများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်ကြောင်း၊ လက်ရှိ တက္ကသိုလ် ကျောင်းအာဏာ ပိုင်များက ဦးဆောင် ဖွဲ့စည်းပေးနေသည့် ကျောင်းသား ယူနီယံများသည် ခေါင်းဆောင်များကို ရွေးချယ်ရာတွင် ကျောင်း သား များ သဘောတူညီသည့် သူကို မဲဆန္ဒဖြင့် ရွေးချယ်ခြင်း မဟုတ်ဘဲ ပါမောက္ခချုပ်များက ရွေးချယ်ထားသည့် အတန်း ခေါင်းဆောင် များကို ခေါင်းဆောင်အဖြစ် ခန့်ထားခြင်းဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုဇေယျာလွင် က ဆိုသည်။

သမ္မတဦးသိန်းစိန်က ကျောင်းသားယူနီယံများ ဖွဲ့စည်းရန် မိန့်ခွန်းများတွင် ထည့်သွင်းပြောဆိုခဲ့ပြီးနောက် တက္ကသိုလ် အာဏာပိုင်များက ကျောင်းသားယူနီယံ ခေါင်းဆောင် ရွေးချယ်ပွဲများ စတင်ပြုလုပ်လာပြီး ဒဂုံတက္ကသိုလ်၊ သန်လျင် နည်းပညာ တက္ကသိုလ် အပါအဝင် တက္ကသိုလ်များတွင် ကျောင်းသား ယူနီယံ ခေါင်းဆောင်ရွေးချယ်ပွဲများ ဆက်တိုက် ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ကိုဇေယျာလွင်က “မင်းတို့ဖွဲ့ထားတဲ့ သမဂ္ဂဆိုတာတွေက အကျုံးမ ဝင်ဘူး၊ တရားမဝင်ဘူးလို့ ဆရာ၊ ဆရာမ တွေက ကျနော်တို့ကို ပြောလာပါတယ်၊ ကျနော်တို့ သမဂ္ဂတွေကို ကျောင်းဝင်းတွေထဲက ဖယ်ထုတ်ဖို့ စီစဉ်နေကြတယ်၊ ကျောင်းသားတွေ အချင်းချင်းကြားမှာလည်း သွေးကွဲအောင် လုပ်နေတယ် “ ဟု ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာအာကာမိုးသူက “ ဒီ လုပ်ရပ်က အစိုးရရဲ့ သိက္ခာမရှိတဲ့ လုပ်ရပ်ပဲ။ ကျောင်းသူ၊ ကျောင်းသားတွေကို သားသမီးလို သဘောမထားနိုင်ဘဲ အာဏာရှင်စနစ်လို ပြန်ကျင့်သုံးချင်တဲ့ လုပ်ရပ်မျိုးပါ။ တကယ်ဆို ကျောင်းသားတွေနဲ့ အပြန်အလှန် ဆွေးနွေးသင့် တယ်လို့ မြင်တယ်။ ဒီလုပ်ရပ်တွေကို ကျောင်းသားတွေနဲ့ ဆွေးနွေးပြီး ပြန်လည်ပြင်ဆင်သင့်တယ်လို့ပဲ ပြောချင်ပါတယ်” ဟု မှတ်ချက် ပြုသည်။

ကျောင်းသားသမဂ္ဂများအနေဖြင့် ကျောင်းသားယူနီယံ ဖွဲ့စည်းမှုများကို ဆက်လက် ကန့်ကွက်ပြောဆိုမှုများ လုပ်ဆောင် သွားမည် ဖြစ်ပြီး ကျောင်းသားယူနီယံအဖွဲ့များကို ကျောင်းဝင်း အတွင်း ထားရှိပါက သမဂ္ဂများကိုလည်း ဆက်လက် နေရာ ယူခွင့် ပေးရန် ၊ သမဂ္ဂများ၏ ကျောင်း ဝင်း အတွင်း လုပ်ပိုင်ခွင့်၊ ရုံးနေရာ ထားရှိခွင့်တို့ကို တားမြစ် ဖယ်ရှား လာပါက ပြင်းထန် သည့် လုပ်ရပ်မျိုးဖြင့် ဆန့်ကျင်သွားဖြစ်ကြောင်း ကျောင်းသားသမဂ္ဂများက ထုတ်ပြန် ပြောဆိုသည်။

လတ်တလော အစိုးရ၏ အမျိုးသား ပညာရေး ဥပဒေပြဋ္ဌာန်းမှုကို ကျောင်းသားသမဂ္ဂများက ကန့်ကွက်ထားပြီး ရက်ပေါင်း ၆၀ အတွင်း တွေ့ဆုံဆွေးနွေးရန် တောင်းဆိုထားကြောင်း၊ ရက်ပေါင်း ၆၀ ပြည့်သည်အထိ တစုံတရာ ပြန်ကြားခြင်း မရှိ ပါက ပြင်းထန်သည့် ကန့်ကွက် လုပ်ဆောင်မှုများ ဆောင်ရွက်သွားရန် ရှိကြောင်း သိရှိရသည်။

မြန်မာတနိုင်ငံလုံးရှိ တက္ကသိုလ်ကျောင်းအသီးသီးတွင် လွတ်လပ်စွာ ဖွဲ့စည်းထားသည့် ကျောင်းသားသမဂ္ဂ ပေါင်း ၂၀ ကျော်ရှိကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading