Human Rights

လက်ပံတောင်းတွင် သပိတ်စခန်းဖွင့်၊ အခြေအနေ တင်းမာ

This article has been converted from Zawgyi One to Unicode

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဝမ်ပေါင်ကုမ္ပဏီက မြေသိမ်း မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဒေသခံများက  ကြေးနီစီမံကိန်းနှင့် နီးကပ်စွာ တည်ရှိနေသော ဆည်တည်းကျေးရွာ အနီးတွင် ထိုင်သပိတ် စခန်း ဖွင့် လှစ် လိုက်ပြီး အာဏာပိုင်များနှင့် အခြေအနေ တင်းမာလျက် ရှိ ကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွင်း လုံခြုံရေး တာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များက ထိုင်သပိတ် ဆန္ဒပြ နေသည့် ဒေသခံ ရွာသူရွာသားများ ကို လူစုခွဲရန်အတွက် လော်စပီကာများဖြင့် အော်ပြီး သတိပေး ခဲ့သော်လည်း ရွာသား များက ထိုင်သပိတ်ဆက်လက် ဆန္ဒပြနေကြောင်း သိရှိရသည်။

“ဒီနေရာက ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နေရာဖြစ်တယ်။ ဒီနေရာမှာ လူစုလူဝေး မလုပ်ဖို့နဲ့ လူစုမြန်မြန်ခွဲဖို့ ဆိုပြီးတော့ လုံခြုံ ရေး ယူထားတဲ့ သူတွေက လော်နဲ့အော်တာတော့ ကြားရတယ်။ ရွာသားတွေကတော့ နောက်မဆုတ်ကြဘူး။ လုံထိန်း တွေ ကတော့ မနေ့က ရွာသားတွေ ဖြုတ်ထားတဲ့ ခြံစည်းရိုးတွေကို ပြန်ပြင်ဆင်ဖို့ ကြိုးစားနေကြတယ်။ လုံခြုံရေး အင်အား လည်း နည်းနည်းပြန်များလာတယ်။ နောက်ပြီး အဲဒီအနီးအနားမှာ မီးသတ်ကားလည်း နှစ်စီးရှိတယ်” ဟု ဆည်တည်း ကျေးရွာမှ ဆရာတော်ဦးနန္ဒာစာရက မိန့်ဆိုသည်။

ဒေသခံများက ထိုင်သပိတ် ဆင်နွှဲပြီး တောင်းဆိုမှုများ ပြုလုပ်နေရာတွင်  ဒေါ်အောင်ဆန်းစုကြည်၏ စုံစမ်းကော်မရှင်က ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင် အစီရင်ခံစာတွင် ဖော်ပြထားသည့် လယ်ယာမြေ ဧက ၂၅၀၀ ဖော်ထုတ်ပေးရန် လည်း တောင်းဆိုကြကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ရှိ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် လက်ပံတောင်းတောင် ပဋိပက္ခတွင် လူသေဆုံးမှုအထိ ဖြစ်ပွားခဲ့သည့် အခြေအနေကို အစိုးရပိုင်းက ထိရောက်စွာ အမြန် ဆုံး အရေးယူဆောင်ရွက်ရန် သတိပေးပြောဆိုသည်။

“လက်ပံတောင်းတောင် အရေးမှာ လူတယောက်ရဲ့ အသက် သေဆုံးသွားရတဲ့အတွက် အာဏာပိုင်တွေအနေနဲ့ ဒီကိစ္စကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် အရေးယူကို ယူရမှာ။ ဒါလုပ်ကို လုပ်ရမှာ။ နိုင်ငံသားများရဲ့ အခွင့်အရေးကို ကာကွယ် သောအားဖြင့်ကို လုပ်ရမယ်။ အသက်ရှင်ခြင်းရဲ့ ပိုပြီး အရေးကြီးတဲ့ အခွင့်အရေး ရှိတော့မှာလား။ အာဏာပိုင် တွေဘက် ကတော့ မှန်မှန်ကန်ကန် တရားမျှမျှတတနဲ့ ခံခဲ့ရတဲ့သူတွေ ကျေနပ်အောင်လို့ လုပ်ကို လုပ်ပေးရမယ်။ ဒါဟာ တရား ဥပဒေ သဘောတရားအရ လုပ်ပေးရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတွင် ဝမ်ပေါင်ကုမ္ပဏီက လျော်ကြေး ရယူထားခြင်းမရှိသော လယ်မြေ များ ပေါ်တွင် ဝင်ရောက်၍ ခြံစည်းရိုး ခတ်ရာမှ ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့၏ ပစ်ခတ် အကြမ်းဖက်မှုကြောင့် ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးခဲ့ပြီး လူ ၉ ဦးခန့် သေနတ်ထိမှန်၍ လူ ၄၀ နီးပါးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

Loading