သတင်း

ပြန်ကြားရေးနှင့် Weekly Eleven အမှု ဆက်တိုက် စစ်ဆေးရန် ဖိအားပေးခံနေရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြန်ကြားရေး ဝန်ကြီးဌာနနှင့် Weekly Eleven အမှု ၇ ကြိမ်မြောက် ရုံးချိန်းတွင် အမှုကို တရားသူကြီးက အချိန် ၂ နာရီခန့်ကြာ စစ်ဆေးမေးမြန်းခဲ့ပြီး နောက်ရက်တွင် မနားဘဲ အမှုကို ဆက်တိုက် စစ်ဆေးရန် တောင်းဆိုသဖြင့် ယမန်နေ့က ကန့်ကွက်ခဲ့ရကြောင်း သတင်းရရှိသည်။

ပြန်ကြားရေး ဝန်ကြီးဌာနက Weekly Eleven ဂျာနယ်ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုထားသည့် အမှု ၇ ကြိမ်မြောက် ရုံးချိန်းကို နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် ယမန်နေ့က ယင်းကိစ္စကြောင့် တရားသူကြီးနှင့် ဂျာနယ် တာဝန် ရှိသူများကြား မကျေမလည်မှု တချို့ ရှိခဲ့ကြောင်း Weekly Eleven ဂျာနယ်၊ အယ်ဒီတာချုပ် ဦးဝေဖြိုးက ဧရာဝတီသို့ ပြောသည်။

ဦးဝေဖြိုးက “အမှုမှာ စွပ်စွဲထားတာက ပုဒ်မ ၅၀၀ ဖြစ်တယ်။ ဒါက နိုင်ငံတော် ပုန်ကန်မှုလည်း မဟုတ်ဘူး။ ဗုံးပေါက် ကွဲသလို အမှုမျိုးလည်း မဟုတ်တဲ့အတွက် အမှုကို ပုံမှန် သူ့ရက်ချိန်း အတိုင်းပဲ စစ်ဆေးပေးပါလို့ အကျိုးဆောင် ရှေ့နေက တရားရုံးကို တင်ပြတယ်” ဟု ပြောသည်။

ထို့ကြောင့် တရားသူကြီးက နောက်ရုံးချိန်းကို ဇန်နဝါရီလ ၁၃ ရက်နေ့သို့ ပြောင်းရွေ့ပေးလိုက်သော်လည်း ၁၃ ရက် နောက်ပိုင်း ရုံးချိန်းကို တပတ်သာ ခွာချိန်းပေးတော့မည်ဟု တရားသူကြီးက ပြောလိုက်ကြောင်း ဦးဝေဖြိုးက ပြောသည်။

“ရန်ကုန်မှာ များသောအားဖြင့် အမှုတွေ စစ်လို့ရှိရင် နာရီဝက် တနာရီဆိုတာ အလွန်ဆုံးပါပဲ။ ဒီနေ့ ရုံးချိန်းမှာ အမှုစစ်တာ ၂ နာရီတောင် ကြာတယ်။ ပြီးတော့ တလက်စတည်း ၂ ရက် ဆက်တိုက် စစ်ဖို့တောင် ပြောလာတယ်။ မြန်မြန် ဖြတ်ချင်တယ်ဆိုတဲ့ အဓိပ္ပါယ် မသက်ရောက်အောင် ပြောတာဆိုတာ ရှိပေမယ့် ဒီအမှုကို အရေးတကြီး မြန်မြန် ပြတ် အောင် လုပ်ဆောင်တဲ့ သဘောမျိုးတွေ တွေ့နေရတယ်”ဟု ဦးဝေဖြိုးက ပြောသည်။

ယနေ့ စစ်ဆေးမှုမှာ တရားစွဲဆိုခံရသူ တဦးဖြစ်သည့် ဒေါက်တာ သိန်းမြင့်၏ အကျိုးဆောင် ရှေ့နေက တရားလို ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ဦးဆောင် ညွန်ကြားရေးမှူး ဦးကျော်စိုးကို အပြန်အလှန် မေးခွန်း မေးမြန်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တရားစွဲဆိုခံရသူများ စာရင်းမှ ဒေါက်တာသိန်းမြင့်နှင့် ဦးမြတ်သစ်တို့ကို ပယ်ဖျက်ပေးရန် လျှောက်ထားခဲ့ရာ တရားရုံးက ပယ်ချခဲ့ကြောင်း Weekly Eleven ဂျာနယ်၏ ရှေ့နေတဦး ဖြစ်သူ ဦးခင်မောင်ညိုက ပြောသည်။

၂၀၁၄ ခုနှစ် ဇွန်လ ၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်ပါ နေထွန်းနိုင် ရေးသားခဲ့သည့် “အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင်မီဒီယာများကို သွယ်ဝိုက်သောအားဖြင့် ပြည်သူ့ ဘဏ္ဍာငွေ အလွဲသုံးစားမှု ပြုလုပ်ရန် ခွင့်ပြုနေသလား” သတင်း ဆောင်းပါးတွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းက အိန္ဒိယ ကုမ္ပဏီထံမှ ပုံနှိပ်စက်များ ဝယ်ယူ ရာတွင် သတ်မှတ်ပေါက်ဈေးထက် ပိုမိုမြင့်မားနေကြောင်း ဝေဖန် ရေးသားခဲ့သဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

“၂၀၀၉ ခုနှစ် ကတည်းက ဒီလိုစက်တွေ ဝယ်တဲ့အခါမှာ ဈေးအမြင့်တွေ ရှိခဲ့ဖူးတယ်ဆိုတာကို ပြောပြတယ်။ နောက်တခုက Tomorrow ဂျာနယ်မှာ ကျတော့ အယ်ဒီတာချုပ်နဲ့ သတင်းရေးတဲ့သူကိုပဲ အရေးယူပြီး ဒီမှာ ဘာဖြစ်လို့ ၅ ယောက်တောင် အရေးယူရသလဲ ဆိုပြီး မေးတယ်”ဟု ရှေ့နေ ဦးခင်မောင်ညိုက ပြောသည်။

တရားစွဲခံရသူများမှာ Weekly Eleven ဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်၊ မန်းနေဂျင်း ဒါရိုက်တာ ဒေါက်တာ သိန်းမြင့်၊ အယ်ဒီတာချုပ် ကိုဝေဖြိုး၊ ဒုတိယ အယ်ဒီတာချုပ် ဦးမြတ်သစ်နှင့် တာဝန်ခံ အယ်ဒီတာ ကိုနေထွန်းနိုင် တို့ဖြစ်ပြီး အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခြင်း ဖြစ်သည်။

ဦးဝေဖြိုးက“ပုဒ်မ ၅၀၀ နဲ့ ပတ်သက်ပြီး တနိုင်ငံလုံးမှာ ရှိတဲ့ ဘယ်တရားရုံးမှာမှ ဒါမျိုး လုပ်တာ မရှိဘူး။ ပုဒ်မ ၅၀၀ နဲ့စစ်တဲ့ အခါမှာလည်း တရားသူကြီးရဲ့ စစ်ဆေးမှုတွေက ဖိအားပေးရာများ ရောက်နေသလား။ အခြား အမှုတွေနဲ့ နှိုင်းယှဉ်လို့ရှိရင် တရားမျှတမှု ရှိပါ့မလား။ သူ့ရဲ့ စစ်ဆေးမှုတွေ၊ စီရင်မှုတွေဟာ မှန်သလား၊ မမှန်ဘူးလား၊ တရားမျှ တမှု ရှိသလား၊ မရှိဘူးလားဆိုတာ အများပြည်သူရော၊ မီဒီယာတွေရော လာပြီး စောင့်ကြည့်မယ်ဆိုရင် အဖြေ သိနိုင်ပါတယ်။ ကျနော်တို့ကတော့ သူ့ရဲ့ လုပ်ဆောင်မှုတွေဟာ မှန်ကန်မှု ရှိမရှိ၊ မျှတမှုရှိမရှိ ဆိုတာ ဆက်ပြီးတော့ စောင့်ကြည့် သွားမှာပါ”ဟု ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading