ယခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော မန္တလေး ပဋိပက္ခတွင် အသတ်ခံခဲ့ရသော ကိုထွန်းထွန်း အမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသည့် တရားခံ ၁၁ ဦးကို ယမန်နေ့၌ မန္တလေးခရိုင် တရားရုံးတွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
“ဒီအမှုမှာ ပါဝင်ခဲ့ကြတဲ့ ၁၁ ယောက်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ကနေ ၁၃ နှစ် အထိ အမိန့်ချမှတ်ခဲ့တာပါ။ အခု အမိန့်ချမှတ်လိုက်တဲ့ လူ ၁၁ ဦးဟာ ကိုထွန်းထွန်းကို သတ်တဲ့အမှုမှာ အားပေးကူညီမှုနဲ့ တချို့က လက်နက်မှု ပါတယ်။ လူသတ်မှုနဲ့တော့ မစွဲထားဘူး” ဟု အမိန့်ချမှတ်ခံရသူထဲတွင် ပါဝင်သူတဦးဖြစ်သည့် ဗိုလ်မှူးဟောင်း ဦးမြင့်ဦးကို ကူညီဆောင်ရွက် ပေးနေသည့် ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီကို ပြောသည်။
ထိုသို့ အမိန်ချခံရသူထဲတွင် ပါဝင်သည့် တရားခံ ၅ ဦးသည် အမှုတွင် ပါဝင်ပတ်သတ်မှု မရှိဘဲ ထောင်ဒဏ် ချခံနေရကြောင်း၊ တရားခံများ အတွက် ဆက်လက်ပြီး အယူခံ ဝင်သွားမည် ဖြစ်ကြောင် ၎င်းက ဆက်ပြောသည်။
ပဋိပက္ခတွင် အဓိက ပါဝင်ပတ်သတ်နေသည့် လူသတ်တရားခံ ၇ ဦးမှာ ယခုအချိန်အထိ လွတ်မြောက်နေသေးကြောင်း၊ ၎င်းတို့ကို တရာခံပြေး ကြေညာပြီး ဝရမ်းထုတ်ထားဆဲ ဖြစ်သည်ဟု ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။
ယခုနှစ် ဇူလိုင်လ အတွင်းက မန္တလေးမြို့ ချမ်းအေးသာစံ အလယ်ရပ်ကွက်ရှိ “နေ” ကဖေး၊ “ဆန်း” ကဖေး လက်ဖက်ရည်ဆိုင်ပိုင်ရှင် အစ္စလမ် ဘာသာဝင် ညီအစ်ကို နှစ်ယောက်သည် ဆိုင်မှ အလုပ်သမကို မုဒိန်းမှု ကျူးလွန်သည်ဆိုသော သတင်းများပျံ့နှံ့ပြီး အစ္စလမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခ ဖြစ်ပွားကာ အစ္စလမ် ဘာသာဝင် တဦး၊ ဗုဒ္ဓဘာသာဝင် တဦး သေဆုံးခဲ့ရသည်။
ထိုအမှုနှင့် ပတ်သတ်ပြီး အမိန့်ချ ခံခဲ့ရသည့် ဗိုလ်မှူးဟောင်း ဦးမြင့်ဦး၏ မိသားစုဝင်ဖြစ်သူ ကိုဖြိုးက “အခင်းဖြစ်တဲ့ အထဲမှာ ကျနော်အဖေနဲ့ ကျနော် အစ်ကို မပါခဲ့ဘူး။ ကျနော်ရဲ့ အစ်ကို ကိုနိုင်လင်းထွန်းက အခင်းဖြစ်တဲ့ ဇူလိုင် ၂ ရက်မှာ ရန်ကုန်မှာပဲ ရှိသေးတယ်။ ဇူလိုင် ၃ ရက်မှာ သူက မန္တလေးကို ရောက်လာတယ်။ အခင်းဖြစ်စဉ်ထဲမှာပါတဲ့ ကိုဖိုးလုံး ဆိုတဲ့သူက ကျနော်အိမ်မှာ ဥပုဉ်ဖြေဖို့အတွက် ညစာလာစားတာ။ ပြီးတော့ ၇ ရက်မှာ ကိုဖိုးလုံးကို လက်နက်မှုနဲ့ တရားစွဲ သွားတယ်။ ဇူလိုင်လ ၂၉ ရက်မှာ အဖေကို စစ်စရာရှိတယ်ဆိုလို့ ကျနော်ရဲ့ အစ်ကို ကိုနိုင်လင်းထွန်းက လိုက်ပို့ရင်းနဲ့ နှစ်ယောက်စလုံးကို ဖမ်းလိုက်တာပါ” ဟု ဧရာဝတီကို ပြောသည်။
အမိန့်ချခံခဲ့ရသည့် တရားခံများမှာ မော်လဝီခမ်းလေး (ခ) သောင်းမြင့်ထူး၊ အောင်ဇော်ထွန်း (ခ) မော်ရက်၊ သန်းဝင်း(ခ) ဖိုးဇော် တို့သည့် ပုဒ်မ ၃၀၂ (၂) /၁၁၄ ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ ဥပဒေ ၃၂၄ အရ ထောင်ဒဏ် ၂ နှစ်၊နှင့် ၄၂၇ အကျိုးပျက်ရာ ပျက်စီးကြောင်း ထောင်ဒဏ် ၆ လတို့ ဖြစ်ပြီး၊ အောင်ခန့်၊ ထွန်းထွန်း (ခ) ဖိုးညို၊ သီဟ၊ ဗိုလ်မှူးဟောင်း ဦးမြင့်ဦး၊ နိုင်လင်းထွန်းတို့အား ၃၀၂ (၂) / ၁၀၉ ထောင်ဒဏ် ၁၀ နှစ်နှင့် အောင်မြတ်ဦး၊ ရဲထက်အောင်တို့ကို ၃၀၂ (၂) / ၁၀၉ ထောင် ၁၀ နှစ်နှင့် ဦးဇော်ထွေး (ခ) ဖိုးလုံး ကို ၃၀၂ (၂) /၁၀၉ ထောင်ဒဏ် ၁၀နှစ်နှင့် လက်နက် ကိုင်ဆောင်မှုဖြင့် ၁၉ (စ) ထောင်ဒဏ် ၃နှစ် ချမှတ်ခံခဲ့ကြောင်း သိရသည်။ တရာခံ ၁၁ ဦးစလုံးသည် အစ္စလမ် ဘာသာဝင်များ ဖြစ်ကြောင်း သိရသည်။
ထိုပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သေဆုံးခဲ့သည့် အစ္စလမ် ဘာသာဝင် ကိုစိုးမင်းကို သတ်သည့် တရားခံ ၄ ဦးကို ပြီးခဲ့သည့် အောက်တိုဘာလက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။