မကြာခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲလို နည်းစနစ်မကျတာမျိုးနဲ့ ပြဿနာများစွာရှိခဲ့တာမျိုး နောင်ရွေးကောက်ပွဲတွေမှာ မဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုနေကြပါတယ်။
မှန်ကန်မှုမရှိတဲ့ စည်ပင်ရွေးကောက်ပွဲလို လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ မဲစာရင်းကျန်ခဲ့တာမျိုးဖြစ်ရင် အငြင်းပွားမှုတွေ ရှိလာနိုင်တဲ့အတွက် ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့အစည်းတွေနဲ့ ပါတီတွေအနေနဲ့လည်း အစိုးရပိုင်းကို တွန်းအားပေး ဆောင်ရွက်ခိုင်းဖို့ လိုအပ်နေတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဂျင်မီက ပြောပါတယ်။
“အိမ်ထောင်ဦးစီးပဲ မဲထည့်ရမယ်။ နောက်ပြီး အိမ်ထောင်စုစာရင်းရှိတဲ့သူတွေပဲ မဲထည့်ရမယ်ဆိုတော့ ရန်ကုန်မြို့ဆိုတာက အိမ်ငှားနေတဲ့သူတွေများတယ်။ သူတို့တွေက အကြုံးမဝင်ဘူး ဖြစ်နေတယ်။ နောက်ပြီး အခု ရွေးကောက်ပွဲက ကျင်းပသာ ပြီးသွားတယ်။ ပြည်သူတွေက သိလိုက်ပုံမပေါ်ဘူး။ ဒါဟာ အားနည်းချက်တွေ ရှိနေလို့ပါ”လို့လည်း ဦးဂျင်မီက ဆိုပါတယ်။
၎င်းကဆက်ပြီး“ဒီစည်ပင်ရွေးကောက်ပွဲကို ကြည့်ခြင်းအားဖြင့် နောက်ရွေးကောက်ပွဲမှာ ပိုပြီးတော့ စောင့်ကြည့်ရမယ့် အခြေအနေဖြစ်သွားပြီ။ နောက်ပြီး ရွေးကောက်ပွဲ လေ့လာစောင့်ကြည်တဲ့ အဖွဲ့တွေရော၊ နိုင်ငံရေးပါတီတွေကပါ အခြေအနေမှန်တွေ ရဖို့ အဓိက တောင်းဆိုနိုင်ဖို့ အရေးကြီးသွားပြီလို့ ကျနော်မြင်တယ်”လို့ ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နှစ်ပေါင်း ၆၀ အတွင်း ပထမအကြိမ် စတင်ကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော် မတီ ရွေးချယ်ပွဲဟာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့၊ စနစ်တကျမရှိတဲ့ ရွေးချယ်ပွဲသာ ဖြစ်တယ်လို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်တချို့ကလည်း ပြောဆိုပါတယ်။
ရန်ကုန် အနောက်ပိုင်းခရိုင် ကိုယ်စားပြု မြို့တော်စည်ပင် ကော်မတီဝင်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့တဲ့ ဦးဝင်းချိုကလည်း အခု ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးလို့ ပြောပါတယ်။
“အခုကျင်းပခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိပါဘူး။ ဘယ်အချိန်ကတည်းက တရားမျှတမှု မရှိသလဲဆိုရင် ဥပဒေ တွေ၊ နည်းဥပဒေတွေ ထုတ်ပြန်တဲ့ အချိန်ထဲက တရားမျှတမှု မရှိတာပါ။ အဲဒီဥပဒေတွေ နည်းဥပဒေတွေ ထုတ်ပြန်တဲ့ အဖွဲ့အစည်း တွေက တရားမမျှတမှန်း သိသိကြီးနဲ့ လုပ်ဆောင်ခဲ့တယ်”လို့ ဦးဝင်းချိုက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်က ရန်ကုန်တမြို့လုံးရှိ မြို့နယ် အသီးသီးမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် အဆင့် ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။
ရွေးကောက်ပွဲကျင်းပတဲ့ရက် မနက်ပိုင်းကတည်းက သက်ဆိုင်ရာ မြို့နယ်စည်ပင်ရုံးတွေမှာ မဲစာရင်းကျန်နေခဲ့တဲ့ ပြဿနာတွေ ဖြေ ရှင်းပေးဖို့ တောင်းဆိုမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။
ရွေးကောက်ပွဲကျုင်းပနေတဲ့ မနက်ပိုင်း ၁၀ နာရီလောက်မှာ ဧရာဝတီသတင်းဌာနရဲ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းမှုအရ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်အတွင်းက ရပ်ကွက် ၁၀ ခုလောက်မှာ မဲစာရင်း ကျန်နေခဲ့လို့ တိုင်ကြားမှုတွေ ရှိနေပြီလို့ စည်ပင်သာယာရေး ရုံးရဲ့ စည်မံရေးရာဌာနက လက်ထောက် အုပ်ချုပ်ရေးမှူး ဦးလှမျိုးက ပြောပြထားပါတယ်။
အဲဒီလို မဲစာရင်းကြွင်းကျန်ခဲ့တာကို မကျေနပ်လို့ ဒလမြို့နယ်မှာ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါသေး တယ်။
ဆန္ဒမဲပေးမယ့် တချို့မြို့နယ်တွေမှာလည်း မဲစာရင်းအရေအတွက်ဟာ ထက်ဝက်ခန့် ကျန်နေခဲ့တဲ့အထိ ဖြစ်ခဲ့ပြီး ဆန္ဒမဲပေးတဲ့ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုဟာလည်း သိသိသာသာ ကျဆင်းကြောင်း သိရပါတယ်။
မြို့နယ်အချို့မှာ ဆန္ဒမဲပေးရမယ့် လူဦးရေစာရင်းရဲ့ သုံးပုံ နှစ်ပုံခန့်ဟာ မဲရုံကိုလာပြီး မဲမပေးခဲ့ကြဘူးလို့ သတင်းတွေမှာလည်း ဖော်ပြ ပါတယ်။
ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်တွေရဲ့ မဲဆွယ်စည်းရုံးမှု အားနည်းချက်တွေနဲ့ ပြည်သူတွေရဲ့ စိတ်ဝင်စားမှု အားနည်းချက်တွေကြောင့်လည်း မဲလာထည့်သူ ဦးရေ လျော့ကျခဲ့တာကိုလည်း တွေ့ရတယ်။
ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူး တဦးက“စည်ပင်ရွေးကောက်ပွဲကို ပြည်သူတွေက သိပ်စိတ်မဝင်စားဘူး၊ စည်ပင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း ကျယ်ကျယ်ပြန့်ပြန့် မသိဘူး”လို့ ပြောတယ်။
ကိုယ်စားလှယ်လောင်းတွေ အနေနဲ့လည်း ရွေးကောက်ပွဲ မကျင်းပမီ လပိုင်းလောက် အလိုကတည်းက မဲဆွယ်စည်းရုံးမှု နည်းလမ်း ပေါင်းစုံနဲ့ ကြိုးစားခဲ့ကြတာ တွေ့ရပါတယ်။
ရွေးကောက်ပွဲ ကြေညာချက်တွေအရ ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ ဘေလ်ဘုတ်တွေ ထောင်ပြီး မဲဆွယ်ခွင့် မရှိပေမယ့် တခြားနည်းလမ်းမျိုးစုံနဲ့ မဲဆွယ်ကြပါတယ်။
တချို့ကိုယ်စားလှယ်တွေဆိုရင် ကိုယ်စားလှယ် အရည်အချင်းတွေနဲ့ ရည်ရွယ်ချက်ဆောင်ပုဒ်ကို ရေးထားတဲ့ လက်ကမ်းကြော်ငြာ စာတွေ ဝေသလို ဓာတ်ပုံပါ မှတ်ပုံတင် ကတ်ပြားအရွယ် စာရွက်တွေကိုလည်း မဲမထည့်မီ ရက်ပိုင်းလောက်မှာ တအိမ်တက်ဆင်း ဝေ ငှထားတာတွေလည်း တွေ့ရတယ်။
တချို့ကိုယ်စားလှယ်တွေကို ပါတီတချို့က ကျောထောက်နောက်ခံပြုပြီး မဲဆွယ်စည်းရုံးရာမှာ ကူညီတာတွေလည်း တွေ့ရတယ်။
“မဲထည့်တဲ့ သူတွေကို မဲရုံမှာ မဲထည့်နိုင်အောင် နီးစပ်တဲ့လူတွေက သူတို့ကားတွေနဲ့ စုပေါင်းခေါ်ပြီးတော့ကို ကူညီပေးကြတယ်။ ပြည်သူတွေက စည်ပင်ရွေးကောက်ပွဲအပေါ် တော်တော်စိတ်ဝင်စားမှု အားနည်းတယ်”လို့ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် စည်ပင် ကော်မတီ ဥက္ကဋ္ဌ နေရာကို ဝင်ရောက်ရွေးချယ်ခံတဲ့ ဦးမြင့်ဇော်က ပြောပါတယ်။
မဲပေးတဲ့ မဲရုံကို သွားရောက်လေ့လာတဲ့အခါမှာလည်း မဲလာထည့်သူ လူဦးရေ ၁၀ ယောက်မှာ ၇ ယောက်ခန့်ဟာ အသက် ၆၀ ကျော်ပိုင်းက များပြားတာ တွေ့ရတယ်။ လူငယ်၊ လူလတ်ပိုင်း အရွယ် အများစုက စည်ပင်ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိကြပါဘူး။
မဲစာရင်း ပြုစုတဲ့နေရာမှာလည်း အုပ်ချုပ်ရေးပိုင်းရဲ့ အားနည်းချက်တွေ များစွာတွေ့ရတယ်။ တချို့နေရာတွေမှာဆိုရင် မဲစာရင်းကို ကောက်ယူပေမယ့် ဘယ်အတွက်ကြောင့် ကောက်ယူတယ်ဆိုတာမျိုး မပြောခဲ့သလို တချို့မြို့နယ်တွေမှာ အိမ်တလုံးမှာ နေရာ အတည် ယူပြီး အိမ်တွေက လာပေးမယ့် နာမည်စာရင်းကို စောင့်ပြီး ကောက်ယူခဲ့တာမျိုးလည်း ရှိခဲ့တယ်လို့ စုံစမ်းသိရှိရတယ်။
“ကျမတို့ ရပ်ကွက်မှာ မဲလာပေးဖို့ အော်တာကို နားမလည်ဘူး။ သူတို့ ဘာကိုဆိုလိုမှန်း ကျမတို့ မသိဘူး။ ကျမတို့ကို စာရင်း လာကောက်တာလဲ မရှိဘူး။ ကျမတို့မိသားစုက တယောက်မှ သွားမပေးဖြစ်ဘူး”လို့ ဒဂုံမြို့သစ် မြောက်ပိုင်း ၄၄ ရပ်ကွက်မှာ နေသူ အမျိုးသမီးတဦးက ပြောပါတယ်။
နောက်ပြီး အခု ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု မရှိသလို တရားမျှတမှု မရှိဘူးဆိုပြီး ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရုံးက ပြန်လည်ဖြေရှင်းပေးဖို့ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များစွာက တောင်းဆိုနေတယ်လို့လည်း စုံစမ်း သိရပါတယ်။
“ပထမဆုံး ရွေးကောက်ပွဲဖြစ်လို့ အမှားအယွင်းများစွာရှိတယ်။ ဒါပေမယ့် ကိုယ်စားလှယ် လောင်းတွေက ဒီလိုမျိုးရက်တွေမှာ အကျႌ တွေ၊ ဦးထုတ်တွေ ဝတ်ပြီး မဲဆွယ်တာတွေက လုံးဝမဖြစ်သင့်ဘူး”လို့ ရန်ကုန် မြောက်ပိုင်းခရိုင် ကိုယ်စားပြု မြို့တော်စည်ပင် ကော် မတီဝင်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့တဲ့ နော်စူစန်နာ လှလှစိုးက ပြောဆိုပါတယ်။
အခု စည်ပင်ရွေးကောက်ပွဲမှာလို အငြင်းပွားဖွယ် မဲစာရင်းကျန်ခဲ့မှု၊ မဲစာရင်းမမှန်ကန်မှုတွေ ဖြစ်တာမျိုး လာမယ့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဖြစ်လာအောင် အစိုးရဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်သွားဖို့ လိုအပ်နေပြီလို့ နိုင်ငံရေး အသိုင်းအဝိုင်းကလည်း ထောက်ပြနေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွေ တုန်းကလည်း မဲပေးသူတွေ မဲစာရင်းမှာ ကျန် နေခဲ့တဲ့ သာဓကများစွာလည်း ရှိခဲ့ပါတယ်။
လူ ဦးရေ သန်း ၆၀ အပေါ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုခဲ့တဲ့ ကိစ္စဟာလည်း ပြန်လည်သုံးသပ်စရာ ဖြစ်နေကြောင်း၊ ၂၀၁၄ ခုနှစ် ဧပြီလက ကောက်ခံခဲ့တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းရဲ့ ရလဒ်အရ လူဦးရေ ၅၁ သန်းကျော်သာ ရှိကြောင်း လှည်း ကူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
“ကျနော်တို့ တိုင်းပြည်မှာ လူဦးရေ ကောက်ခံထားတဲ့ အခြေအနေနဲ့ မဲပေးနိုင်သူ လူဦးရေ စာရင်းဟာ ပြောင်းလဲနေတယ်။ အဲဒီ အပေါ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုတုန်းကလည်း မဲပေးနိုင်သူ လူဦးရေအရေအတွက်ဟာ လူ သန်း ၆၀ ကျော်လောက်နဲ့ တွက် ထားတာ ဖြစ်နေတော့ ဒါဟာလည်း တော်တော်လေး ဝိဝါဒ ကွဲစရာဖြစ်နေတယ်။ သေသွားပြီးတဲ့သူတွေ၊ မရှိတဲ့သူတွေက မဲပေးခဲ့ သလားလို့ ဆိုရလောက်အောင် ဖြစ်နေတယ်။ ဒါကြောင့် ဒီမဲစာရင်းနဲ့ ပတ်သက်တဲ့ အခြေအနေကတော့ မြန်မာနိုင်ငံရဲ့ ရွေးကောက် ပွဲတွေအတွက် အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်”လို့ သူက ဆိုပါတယ်။
လက်ရှိမှာလည်း ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အစိုးရပိုင်းက မဲစာရင်းတွေကို တိတိကျကျ လုပ်ဆောင်ဖို့ လိုအပ်နေပြီ လို့ သူ က ဆက်ပြောပါတယ်။
“မဲစာရင်းနဲ့ ပတ်သက်ပြီး ကျနော်တို့တိုင်းပြည်မှာ တိတိကျကျ ဖြစ်ဖို့ လိုအပ်သလို စည်ပင်သာယာကိုလည်း မဲပေးရွေးချယ်တဲ့ နေရာ မှာ ရန်ကုန်မြို့နေ ပြည်သူလူထု မဲပေးနိုင်တဲ့ မဲဆန္ဒရှင်တွေကနေ ရွေးချယ်မှုလည်း ဖြစ်သင့်တယ်”လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အငြင်းပွားဖွယ် ဖြစ်လာနိုင်တဲ့ မဲစာရင်းပြုစုတဲ့ နေရာမှာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေနဲ့ပဲ လုပ်ဆောင်တာမျိုး မဟုတ်ဘဲ နိုင်ငံရေးပါတီတွေ တောင်းဆိုနေတဲ့ နိုင်ငံရေးပါတီဝင်တွေပါ ပါဝင်ပြီး မဲစာရင်းပြုစုဖို့ လုပ်ဆောင် သွားသင့်တယ်လို့လည်း သူက ပြောဆိုပါတယ်။ ။