Politics

သမ္မတ လစာ သိန်း ၅၀ မှာ နည်းသည်ဟု ဦးရွှေမန်းပြော

This article has been converted from Zawgyi One to Unicode

တနိုင်ငံလုံး၏ ကိစ္စရပ်များအပေါ် တာဝန်ယူ၊ တာဝန်ခံမှု ပြုလုပ်ရသော သမ္မတ ဦးသိန်းစိန် ရရှိသည့် လစာ သိန်း ၅၀ မှာ နည်းပါးကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းက ပြောသည်။

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးရွှေမန်းက ဒီဇင်ဘာလ ၃၀ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးစိုက်ရာ မင်္ဂလာခန်းမတွင် ကျင်းပ ပြုလုပ်သည့် လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲ၌ အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဦးရွှေမန်းက “ဘဏ်နဲ့ငွေကြေးအကြောင်း နားလည်တဲ့ နိုင်ငံခြားသားတယောက် ငှားမယ်ဆိုရင် ဒေါ်လာ ၂ သောင်းခွဲလောက် ပေးရတယ်။ ဒေါ်လာ ၂သောင်းခွဲဆိုတာ သိန်း ၂၅၀၊ သူရဲ့တာဝန်ခံမှု၊ တာဝန်ယူမူနဲ့ ကျနော်တို့ သမ္မတကြီးရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်း စဉ်းစားပါ။ ဒါကြောင့်မို့လို့ သိန်း ၅၀ ဆိုတာ နည်းတယ်” ဟု ပြောသည်။

သမ္မတ ဦးသိန်းစိန်သည် တလ လစာငွေ သိန်း ၅၀ အား ၂၀၁၄ ခုနှစ်၊ ဧပြီလမှ စတင်ခံစားခဲ့ပြီး ထိုမတိုင်ခင်က တိုင်းပြည်၏ ဘဏ္ဍာရေး အခြေအနေကြောင့် တလ ၁၅ သိန်းသာ ခံစားခဲ့သည်ဟု ဆိုသည်။

သမ္မတ လစာ သိန်း ၅၀ မှာ နည်းပါးကြောင်း ဦးရွှေမန်း၏ ပြောဆိုချက်ကို သဘောတူသော်လည်း ပြည်ထောင်စု လွှတ်တော်သို့ တင်ပြလာသည့် သမ္မတရုံး အသုံးစရိတ်မှာလည်း မနည်းကြောင်း၊ စစ်ဆေးမည့်သူ မရှိကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

ဦးဖုန်းမြင့်အောင်က “နိုင်ငံ့ အကြီးအကဲတယောက် အနေန့ဲ သိန်း ၅၀ ဆိုတာ တကယ်တော့ နည်းပါတယ်။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေတောင် ပင်စင် လစာ သိန်း ၁၀၀ လောက် ရနေတာလေ” ဟု ပြောသည်။

သမ္မတ လစာ သိန်း ၅၀ သည်ပင်လျှင် အခြေခံ အလုပ်သမား လူတန်းစားလစာနှင့် နှိုင်းယှဉ်ပါက အလွန်ကွားခြားသဖြင့် ပြည်သူလူထုမှာ သမ္မတအပေါ် အထင်အမြင်လွဲမှားနိုင်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ဦးရောဘတ်စန်းအောင်က “သမ္မတလစာ သိန်း ၅၀ ဆိုတာဘာဖြစ်လို့ မလောက်ရမှာလဲ။ ပိုတောင်မှ ပိုဦးမယ်။ အဲဒါကို ထပ်ပြီး လိုချင်ရင်တော့ ပြည်သူတွေက မမြင်ကြည်မှာ မဟုတ်ဘူး။ ဒါကိုထပ်ထပ် ပြောနေရင် အုပ်ချုပ်ရေး အပိုင်းမှာ အကြည်ညိုပျက်စေနိုင်တယ်။ တကယ်တော့ သိန်း၅၀ ဆိုတာတောင် များလွန်းတယ်။ လျှော့တောင် ယူသင့်တယ်။ မြို့နယ် တရားသူကြီးတဦးရဲ့ လစာ တောင် ၂ သိန်းပဲ ရတယ်။ အဲဒါနဲ့ လောက်ငှအောင် ရပ်တည်နေရတဲ့အချိန်မှာ သမ္မတက သိန်း ၅၀ ဆိုတာ တရားလား၊ မတရားလား စဉ်းစားကြည့်ပေါ့ဗျာ”ဟု ပြောသည်။

သမ္မတ လစာ သိန်း ၅၀ နည်းပါးကြောင်း ဦးရွှေမန်း၏ အကြောင်းပြချက်မှာ နိုင်ငံရေးသမားသည် အဂတိ ကင်းရှင်းရန် လိုအပ်ပြီး အဂတိ ကင်းရှင်းမှသာ တိုင်းပြည်ကို ကောင်းမွန် စွာစီမံ အုပ်ချုပ်နိုင်မည် ဖြစ်ကြောင်း ဟူ၍ ဖြစ်သည်။

ဦးရွှေမန်းသည် ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် သမ္မတ ရာထူး ရယူလိုကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ ရှိသူ ဖြစ်သည်။

လက်ရှိတွင် နိုင်ငံတော် သမ္မတ လစာမှာ ကျပ် သိန်း ၅၀၊ ဒုတိယ သမ္မတ လစာမှာ ကျပ်သိန်း ၄၀၊ လွှတ်တော် ဥက္ကဋ္ဌ လစာမှာ  ၃၅ သိန်းနှင့် ပြည်ထောင်စု ဝန်ကြီး လစာမှာ ကျပ်သိန်း ၃၀ ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

Loading