Ethnic Issues

ကချင် စစ်ဘေးရှောင် ဒုက္ခသည်စခန်း မီးလောင်၊ အိမ်ခြေ ၁၀၀ ကျော် ပျက်စီး

This article has been converted from Zawgyi One to Unicode

ကချင်ပြည်နယ်၊ ဝိုင်းမော် မြို့နယ်ပိုင် ဆဒုံ – ကန်ပိုက်တီ ဒေသရှိ စင်ကြိုင် စစ်ဘေးရှောင် ဒုက္ခသည် စခန်းတွင် ဒီဇင်ဘာ ၂၉ ရက် ည ၉ နာရီခန့်က မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၁၀၀ ကျော် ပျက်စီးသွားကြောင်း သိရသည်။

စင်ကြိုင် ဒုက္ခသည်များကို ကူညီပေးနေသည့် ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် (KBC) ၏ ပြန်ကြားရေး တာဝန်ခံ ဦးလမိုင်ယောက “ဒုက္ခသည်တွေ အိပ်ဖို့နေရာ မရှိဘူး။ စားဖို့အတွက် ဘေးပတ်ဝန်းကျင်က လာပြီး ကူညီကြပါတယ်။ ဝါယာရှော့ခ်ကနေ စပြီး မီးလောင်တာပါ။ သူတို့တွေ နေထိုင်ဖို့ တဲအမြန် ဆောက်ပြီးဖို့ အရေးကြီးပါတယ်” ဟု ပြောသည်။

စင်ကြိုင် ဒုက္ခသည်စခန်းတွင် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၁ ထောင်ကျော် နေထိုင်လျက်ရှိကြောင်း၊ ဆောင်းရာသီ ရောက်ရှိနေချိန်တွင် နေအိမ်တဲများ မီးလောင် ပျက်စီးသွားသဖြင့် ဒုက္ခသည်များသည် ရာသီဥတု အလွန်အေးပြီး စားဝတ်နေရေး အတွက် လိုအပ်မှုများ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

မီးလောင်မှုနှင့် ပတ်သက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသော ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာက “ကျနော်တို့ ထိန်းချုပ်တဲ့ နေရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မီးလောင်မှုကြောင့် ဆုံးရှုံးမှုတွေ ဘယ်လောက် ရှိသလဲဆိုတာ ကျနော်တို့ စာရင်း လုပ်နေတယ်။ ပြီးတော့ ဒုက္ခသည်တွေ အတွက် လုပ်ပေးစရာ ရှိတာ ဆက်လက် လုပ်သွားမှာပါ” ဟု ဧရာဝတီကို ပြောသည်။

အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှ စတင်ပြီး ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်ပြည်နယ် အတွင်းရှိ ဆက်သွယ်ရေး လမ်းကြောင်းများ ပျက်စီးခဲ့ကာ ဒုက္ခသည် လူဦးရေ သိန်းချီ ရှိနေကြောင်း သိရှိရသည်။

Loading