Human Rights

လက်ပံတောင်း တောင်သူတွေရဲ့ ဒုက္ခတွေကို ဘယ်လို ကုစားမလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သံဆူးကြိုး၊ သံဆန်ခါ နှစ်ထပ် ကာရံထားတဲ့ ခြံစည်းရိုး အတွင်းဘက်မှာတော့ ကြီးမားတဲ့ လိမ္မော်ရောင် ဘူဒိုဇာ ကားကြီးက ပေ ၂၀၊ ပေ ၃၀ လောက်မြင့်တဲ့ ထန်းပင်ကြီးတွေကို လွယ်လင့်တကူ ထိုးလှဲနေပါတယ်။ ထန်းပင်ကြီးတွေလည်း မြေပေါ်ကို တဝုန်းဝုန်း ပြိုကျနေပါတယ်။

ဒီမြင်ကွင်းကို ခပ်လှမ်းလှမ်း ကုန်းမြင့်လေးပေါ်ကနေ ပုဆိုးတိုတိုဝတ်ထားပြီး ဓားမ ခါးကြားထိုးထားတဲ့ အသက် ၄၀ ဝန်းကျင် အသားညိုညို အမျိုးသားတယောက်က နေပူကြီးထဲမှာ ရပ်ပြီး ငေးကြည့်နေပါတယ်။ သူက ရွှေလှေရွာသား ကိုတင်ထွန်းဖြစ်ပြီး မိသားစု စားဝတ်နေရေးအတွက် ထန်းတက်ပြီး အသက်မွေးဝမ်းကျောင်းနေရသူပါ။

“ကျနော်က ထန်းတက်စားတဲ့သူ။ တရက်ကို အပင် ၅၀ ပုံမှန်တက်တယ်။ ထန်းလျက်ကြိုတယ်။ ထန်းရည်ရောင်းတယ်။ တရက်ကို ပုံမှန်ဝင်ငွေ တသောင်းကျော်လောက် ရှိတာပေါ့။ သူတို့ စည်းရိုးတားလိုက်တဲ့ နေ့ကစပြီး ကျနော် ထန်းမတက် ရတော့ဘူး။ အခုတော့ ကျနော်က အလုပ်လက်မဲ့ ဖြစ်သွားတာပေါ့” လို့ ကိုတင်ထွန်းက ထန်းပင်တွေကို ဘူဒိုဇာနဲ့ ထိုးနေတာကို ငေးကြည့်နေရင်းက မချိတင်ကဲလေသံနဲ့ ပြောပါတယ်။

သူ့မှာ ကိုယ်ပိုင်ထန်းတောမရှိပေမယ့် တဦးနဲ့တဦး ရိုင်းပင်းကူညီတတ်ကြတဲ့ ရွာက ထန်းပင်ပိုင်ရှင်တွေဆီမှာ ထန်းပင်ခ ပေးပြီး နှစ်ပေါင်းများစွာ မိသားစုရဲ့ ဝမ်းရေးကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သံဆူးကြိုးတွေနဲ့ ခြံစည်းရိုးကာလိုက်တဲ့ နေ့ကစပြီး ထန်းတက်တဲ့ လုပ်ငန်းကို ရပ်တန့်လိုက်ရတယ်။

တချိန်တည်းမှာပဲ မိသားစု အနာဂတ်အရေးကို ဘယ်လို ဆက်သွားမလဲဆိုတာ သူ့အတွက်တော့ ခေါင်းနားပန်းကြီးစရာ ဖြစ်လာပါတယ်။ လက်ပံတောင်းတောင်ကြီးနဲ့ ထန်းတောကြီးကို တွေတွေကြီးငေးနေတဲ့ ကိုတင်ထွန်းရဲ့ အတွေးထဲမှာတော့ မကြာခင် ကြုံတွေ့ရတော့မယ့် သူ့မိသားစု စားဝတ်နေရေး အခက်ခဲအတွက်ပါ။

“ဒီမှာ ခင်ဗျားမြင်တဲ့ အတိုင်းပဲ၊ နွားတွေ၊ ဆိတ်တွေတောင် စားကျက်မရှိတော့တဲ့ အခြေအနေမျိုးမှာ ကျုပ်တို့က ဘာလုပ် စားရတော့မလဲဆိုတာတောင် မသိတော့ဘူး” လို့ ပြောပါတယ်။ ကိုတင်ထွန်းရဲ့ မျက်နှာပေါ်မှာတော့ မိသားစု ဝမ်းရေးအတွက် ဘာဆက်လုပ်ရမလဲဆိုတဲ့ သောကအပူမီးတွေကတော့ အထင်းသား ပေါ်လွင်နေပါတယ်။

သူနဲ့ ခပ်လှမ်းလှမ်းနေရာက မြေကွက် ကျဉ်းကျဉ်းလေးတွေပေါ်မှာတော့ ခပ်ကျဲကျဲ ပေါက်နေတဲ့ မြက်ခြောက်တွေကို ရှာဖွေ စားသောက်နေကြတဲ့ နွားအုပ်တအုပ်လည်း တွေ့ရပါတယ်။ သံဆူးကြိုးတွေ၊ သံဆန်ခါတွေ ထပ်ဆင့်ကာရံလိုက်တဲ့အတွက် တိရစ္ဆာန်တွေလည်း စားကျက်ပျောက်သွားပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ဦးပိုင် ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက ဝမ်ပေါင် ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေကြတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီးအတွက် လက်ပံတောင်းတောင်ကြီး အပါအဝင် တောင်အနီးတဝိုက်မှာရှိတဲ့ ဒေသခံတွေရဲ့ ယာခင်းတွေကို စီမံကိန်းနယ်မြေအဖြစ် သိမ်းယူခံလိုက်ကြရတာ ဖြစ်ပါတယ်။

ဒေသခံတွေက သူတို့ငယ်ငယ်ကတည်းက အတူရှိနေတဲ့ လက်ပံတောင်းတောင်ကြီး ပြိုလဲသွားမှာကို မလိုလားကြသလို ဘိုးဘွားစဉ်ဆက် အမွေဆက်ခံခဲ့ကြတဲ့ ယာမြေတွေကိုလည်း ပျောက်ကွယ်မခံနိုင်ကြတဲ့အတွက် စီမံကိန်းက ပေးတဲ့ လျော်ကြေးတွေကို ငြင်းဆိုထားကြတာပါ။

ဒါပေမယ့်လည်း သူတို့ရဲ့ယာမြေတွေကို အာဏာပိုင်တွေက အဓမ္မ သိမ်းယူခြင်းကို ခံခဲ့ကြရပါတယ်။ ၂၀၁၄ ဒီဇင်ဘာလ ထဲမှာတော့ ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ ပဲစင်းငုံ၊ နေကြာ၊ ဂျုံ၊ ကုလားပဲနဲ့ နွားစားပျောင်းခင်းတွေ အပါအဝင် ထန်းတောတွေကိုပါ ရဲအင်အားတွေ အသုံးပြုပြီး သံဆူးကြိုး၊ သံဇကာတွေကို အထပ်ထပ် ကာရံလိုက်ပါတော့တယ်။

ယာမြေတွေ၊ ထန်းပင်တွေကို ဘူဒိုဇာနဲ့ ထိုးလှဲဖျက်ဆီးနေတဲ့ မြင်ကွင်းကို ကိုတင်ထွန်း နည်းတူ လာရောက် ကြည့်ရှုနေသူက အသက် ၅၀ ကျော်အရွယ် ဆည်တည်းရွာသူ ဒေါ်ကြည်သန်းပါ။ သူ့မှာ ယာမြေ ၁၆ ဧကရှိတဲ့ အနက် ရိတ်သိမ်းခါနီးပြီ ဖြစ်တဲ့ ပဲစင်းငုံ ၂ ဧကလည်း ခြံစည်းရိုး အခတ်ခံရတဲ့အထဲမှာ ပါသွားပါတယ်။

“ဒီယာတွေက အဒေါ်တို့ အဘိုးအဖွားတွေ အဆက်ဆက်ကတည်းက အမွေပေးခဲ့တာ။ အဒေါ်လက်ထက်မှာ ကျမှ သားသမီးတွေကို အမွေလက်ဆင့် မကမ်းနိုင်တော့တဲ့ အဖြစ်မျိုး ကြုံနေရတယ်။ စိတ်ထဲ တော်တော်မကောင်းဘူး။ ရွာလည်းပျောက်တော့မယ်။ အဒေါ်ကတော့ ဆုံးဖြတ်ပြီးသား။ အဘိုးအဘွားတွေ ခေါင်းချခဲ့တဲ့ ဒီနေရာကနေ သူတို့ရွှေ့ခိုင်းတဲ့နေရာကို မရွှေ့နိုင်ဘူး။ နေစရာမရှိရင် လမ်းဘေးမှာပဲနေမယ်” လို့ ခပ်ပြတ်ပြတ်ပဲ ပြောတယ်။

ယာမြေတွေ သိမ်းယူခံလိုက်တဲ့အတွက် ဒီစီမံကိန်းကြီးအပေါ် နာကြည်းမှုတွေ ဘယ်လောက် ရှိနေမလဲ ဆိုတာကတော့ သူ့ရဲ့တင်းမာနေတဲ့ မျက်နှာထားပေါ်မှာ အထင်းသား တွေ့မြင်နေရပါတယ်။ အားမသန်လို့ မာန်ချနေရပေမယ့် အစိုးရနဲ့ ကုမ္ပဏီဘက်က အကြမ်းဖက် ရှင်းလင်းလာခဲ့ရင်တော့ သူ့ရွာလေးနဲ့ အနီးဆုံးမှာရှိတဲ့ လမ်းဘေးမှာပဲ သူ့ဘဝကို အဆုံးသတ်သွားဖို့အထိ ဆုံးဖြတ်ချက် ချထားသူပါ။

ဒေါ်ကြည်သန်းက “ဒီစီမံကိန်းနဲ့ ပတ်သက်လို့ရှိရင် အစိုးရက အဒေါ်တို့ တောသူတောင်သားတွေဘက်မှာ လုံးဝ ရှိမနေဘူး။ ဝမ်ပေါင်ဘက်မှာ ရပ်တည်တယ်။ အခုလုပ်တဲ့ လုပ်ရပ်ဟာလည်း အဒေါ်တို့ ပြည်သူတွေအပေါ်မှာ ရက်စက်လွန်းတယ် ဆိုတဲ့ စကားထက် ပြောစရာတောင် မရှိတော့ဘူး” လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့က တောင်သူတွေကို သူတို့ယာခင်းတွေအထဲ ဝင်လို့မရတော့အောင် ကုမ္ပဏီက ရဲတပ်ဖွဲ့ကို အကာအကွယ်ယူပြီး စစ်ဆင်ရေးသဖွယ် ခြံစည်းရိုးတွေ စ ကာခဲ့ပါတယ်။ ဒါကို လက်မခံနိုင်တဲ့ ဒေသခံတွေက သွားရောက် တားမြစ်ရာမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ်ခဲ့လို့ မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်း  သေနတ်မှန် သေဆုံးပြီး ရွာသူ၊ ရွာသား ၄၀ ကျော် ဒဏ်ရာရကုန်ပါတယ်။

ဒီအကြမ်းဖက် ပစ်ခတ်မှုတွေ လုပ်ပြီးနောက်မှာတော့ ဒေသခံရွာသားတွေဟာ သူတို့လို ပြည်သူလူထုတွေရဲ့ အကျိုးကို မငဲ့ဘဲ တရုတ် ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ရဲ့ အကျိုးစီးပွားကိုသာ ကာကွယ်တယ်ဆိုပြီး ကြေးနီစီမံကိန်းအပေါ်မှာ အမျက်ဒေါသတွေ ပိုပြီး ပြင်းထန်လာခဲ့ကြသလို အစိုးရကိုလည်း ပြစ်တင်ရှုတ်ချနေကြပါတယ်။

မိုးကြိုးပြင် ရွာသားတဦးက “ကျနော်တို့အစိုးရက နိုင်ငံရဲ့အရှေ့တံခါး၊ အနောက်တံခါးတွေကိုသာ စည်းရိုးလုံအောင် မကာနိုင်တာ။ ပြည်သူတွေဖြစ်တဲ့ ကျနော်တို့ ယာတွေကိုကျတော့ တရုတ်ကုမ္ပဏီအတွက် အနိုင်ကျင့်ပြီး စည်းရိုးလုံအောင် ကာပေးတယ်။ ကိုယ်စိုက်ထားတာတောင် ရိတ်သိမ်းခွင့် မပေးတော့ဘူး” လို့ ထောက်ပြပြောဆိုပါတယ်။

မိုးကြိုးပြင် ရွာသူရွာသားတွေ အကြမ်းဖက် ပစ်ခတ်ခံရပြီး နောက်တနေ့မှာတော့ ဆည်တည်းရွာသူ၊ ရွာသားတချို့ဟာ နွားလှည်းတွေနဲ့ တမျိုး၊ ထော်လာဂျီတွေနဲ့တဖုံ အိမ်ရှိပစ္စည်းတွေကို ရွှေ့ပြောင်းနေကြပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ စစ်ကိုင်းတိုင်း ရဲတပ်ရင်း (၁၆) ရဲမှူးက ဆည်တည်းရွာကို ပြာကျတဲ့အထိ မီးရှို့ဖျက်ဆီးပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့အတွက် စိုးရိမ်ပြီး ပြောင်းရွှေ့နေကြတာလို့ ဆိုပါတယ်။

ဆည်တည်း ရွာသားတွေကတော့ ရွာစည်းရိုးတွေမှာ နေ့ညမပြတ် အလှည့်ကျ ကင်းတွေချထားပြီး စောင့်ကြပ် ကြည့်ရှုနေကြတဲ့အထိ စိုးရိမ်နေကြပါတယ်။ ဆည်တည်းရွာဟာ စီမံကိန်းနေရာ သတ်မှတ်မှုထဲမှာ ပါဝင်နေပေမယ့် ရွာသားတွေကတော့ သူတို့ရွာလေး မပျက်စီးသွားအောင် ကာကွယ်သွားကြဖို့ ပြင်ဆင်နေကြတာပါ။

လက်ပံတောင်းတောင်မှာ ဒေသခံတွေကို ရဲက အကြမ်းဖက် ပစ်ခတ်နှိမ်နှင်းမှုတွေ ပြုလုပ်ပြီး နောက်တနေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက မမီးမီး၊ မနီလာသိန်းနဲ့ မနုနုအောင်တို့ ဦးဆောင်တဲ့အဖွဲ့က ရောက်ရှိလာကြပြီး ဒဏ်ရာရရှိသူတွေ ဆေးကုသနိုင်ရေးနဲ့ အကြမ်းဖက်နှိမ်နှင်းမှုကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ရွာသားတွေဘက်က ကူညီလုပ်ဆောင်နေကြတာလည်း တွေ့မြင်ရပါတယ်။

ဒေသခံ တောင်သူတွေကို ရဲအင်အားတွေ အသုံးပြုပြီး အကြမ်းဖက် ဖြေရှင်းတဲ့အပေါ် မနုနုအောင်က “အာဏာရှင် စနစ်ကြီးက အခုအထိ ရှိနေတုန်းပဲ။ အပြောင်းအလဲဆိုတာ အရင်အတိုင်းပါပဲဆိုတာ သက်သေခံနေပြီ” လို့ သေဆုံးသူ ဒေါ်ခင်ဝင်း တရားမျှတရေး လိုက်ပါဆောင်ရွက်နေရင်းက သတင်းထောက်တွေကို ရှင်းပြသွားတာပါ။

ရိတ်သိမ်းချိန် ရောက်နေပြီဖြစ်တဲ့ ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းခွင့်မပြုဘဲ ခြံစည်းရိုးတွေ ကာလိုက်သလို လာရောက် တောင်းဆိုတဲ့ ဒေသခံတောင်သူတွေကို အကြမ်းဖက် ပစ်ခတ်တဲ့အပေါ် မမီးမီးကလည်း အစိုးရနဲ့ ရဲတပ်ဖွဲ့အပေါ် ပြစ်တင် ပြောဆိုခဲ့ပါတယ်။

“ကူညီပါရစေ။ မိဘပြည်သူတွေရဲ့ ရပ်ရွာအေးချမ်းတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ကိုယ်နှိုက်က မြန်မာနိုင်ငံသားတွေဖြစ်တဲ့ တောင်သူလယ်သမားတွေကို မကာကွယ်ဘဲနဲ့ တရုတ်လူမျိုးတွေကို အကာအကွယ် ပေးပြီးတော့မှ ပြည်သူတွေအပေါ်မှာ အသက်သေလောက်တဲ့ ပစ်ခတ်နှိမ်နှင်းမှုတွေ ပြုလုပ်တာကို ကျမတို့အနေနဲ့ အပြင်းအထန်ရှုတ်ချပါတယ်။ အဲဒီအပေါ်မှာလည်း ကျမတို့က တရားဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပတယ်” လို့ မမီးမီးက ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ ခြံစည်းရိုးမခတ်ဖို့ တောင်းဆိုနေကြတဲ့ ဒေသခံ ဆည်တည်းရွာသူ အမျိုးသမီးတွေကို ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းတွေက ခြေထောက်နဲ့ ကန်ကျောက်ခြင်း၊ တူနဲ့ ထုခြင်း ပြုလုပ်ခဲ့တဲ့ အပေါ်မှာလည်း ဒေသခံတွေက ကျေနပ်မှုမရှိတဲ့အတွက် တရားဥပဒေအရ ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

လက်ပံတောင်း ဒေသခံတွေရဲ့ ရင်ဘက်ထဲမှာတော့ အစိုးရဟာ သူတို့ဒေသခံတွေကို ဖိနှိပ်ပြီး ကုမ္ပဏီဘက်ကိုသာ အကူအညီပေး နေတယ်လို့ ရှင်းရှင်းလင်းလင်း မြင်နေရချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ၈၈ မျိုးဆက် အဖွဲ့နဲ့ လူမှုကူညီရေး အဖွဲ့တွေ၊ တက်ကြွလှုပ်ရှားသူတွေက ဒေသခံတွေရဲ့ အခက်အခဲတွေကို တတ်နိုင်တဲ့ ဘက်ကနေ ကူညီမှုတွေကိုတော့ ရရှိနေကြပါတယ်။

မမီးမီးက “ကျမတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကာကွယ်ဖို့ရာကတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာ နေထိုင်တဲ့ ပြည်သူလူထုတိုင်းမှာ တာဝန်ရှိပါတယ်။ ကျမတို့ မိခင်ဧရာဝတီကို တဖက်နိုင်ငံလက်က ကယ်ထုတ်နိုင်ခဲ့သလို ဒီမိုကရေစီကို လိုလားတဲ့၊ လူ့အခွင့်အရေးကို မြတ်နိုးတဲ့၊ သဘာဝသယံဇာတကို မျက်နိုးတဲ့ အဖွဲ့အစည်းအားလုံး၊ လှုပ်ရှားတက်ကြွတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ပြည်သူလူထုအားလုံး ပူးပေါင်းပြီးတော့ လက်ပံတောင်းတောင်မှာရှိတဲ့ ကျေးရွာတွေကို ကျမတို့ ပြည်သူလူထုအားနဲ့ အသက်နဲ့လဲပြီးတော့ ကာကွယ်ဖို့ အချိန်ရောက်နေပြီလို့ ပြောချင်တယ်” လို့ မမီးမီးက သတိပေး ပြောဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီးမှာ အဓိက တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဝန်ကြီးချုပ် ဦးသာအေးကို အကြမ်းဖက် နှိမ်နှင်းမှုတွေနဲ့ ပတ်သက်ပြီး NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဒီဇင်ဘာ ၂၄ ရက်မှာ မျက်နှာချင်းဆိုင် သွားရောက် တွေ့ဆုံခဲ့ပြီး ဒေသခံတွေအပေါ်မှာ အလားတူ အကြမ်းဖက်နှိမ်နင်းမှုတွေ နောက်ထပ်မပြုလုပ်ဖို့ ဆွေးနွေးခဲ့သလို ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့လည်း တာဝန်ဖြေရှင်းပေးဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

“ကျမအနေနဲ့ကတော့ ဒီကနေပြန်သွားရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ဒေါ်အောင်ဆန်းစုကြည် ဆီကိုလည်း ဒီမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေ အားလုံးနဲ့ ဝန်ကြီးချုပ်နဲ့ တွေ့ခဲ့ရတဲ့ အခြေအနေတွေအားလုံးကို အစီရင်ခံစာ တင်မယ်။ ပြီးပြီဆိုလို့ရှိရင်တော့ ဒီဘက်က ဖြေရှင်းပုံ ဖြေရှင်းနည်းဟာ နည်းလမ်းမကျဘူး ဆိုရင်တော့ ဒါနဲ့ပတ်သက်ပြီး တရားဥပဒေ လမ်းကြောင်းအတိုင်း သွားနိုင်ဖို့ရာအတွက် ဒေသခံပြည်သူ လူထုနဲ့ ကျမတို့ ပူးပေါင်းမယ်” လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

ဝန်ကြီးချုပ် ဦးသာအေးက ခြံစည်းရိုးခတ်မှုတွေ ထပ်မလုပ်တော့ဘူးလို့ ပြောဆိုနေပေမယ့်လည်း လက်ရှိခတ်ထားတဲ့ အနေအထားဟာ ပြီးဆုံးသလောက် ရှိနေပါပြီ။ ဒေသခံတွေကို ရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်းမှုနဲ့ ပတ်သက်ပြီးတော့ လက်ပံတောင်းဒေသမှာ တောင်သူတွေက နေ့စဉ် ဆန္ဒဖော်ထုတ်နေသလို ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာလည်း ဆန်ကျင် ဆန္ဒပြမှုတွေ ပျံ့နှံ့နေပါတယ်။

လက်ပံတောင်းတောင် အရေးကိစ္စနဲ့ ပတ်သက်ပြီး လက်ပံတောင်းတောင် အစီရင်ခံစာ ရေးဆွဲရေး ကော်မရှင် ဥက္ကဋ္ဌ တဦး အဖြစ် ၂၀၁၂ ခုနှစ်ထဲမှာ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒေသခံပြည်သူတွေနဲ့ ကုမ္ပဏီတို့အကြား အဆင်ပြေနိုင်ဖို့ အစီရင်ခံစာ ရေးဆွဲတင်ပြခဲ့ပါတယ်။ ဒါပေမယ့် အစိုးရ စိတ်ကြိုက်ဖွဲ့စည်းပေးထားတဲ့ အစီရင်ခံစာ အကောင်အထည် ဖော်ဆောင်ရွက်ရေး အဖွဲ့က တိတိကျကျ လိုက်နာဆောင်ရွက်မှု မရှိတဲ့ အတွက် အခြေအနေက ပိုမိုဆိုးရွားလာပါတယ်။

လူသေလောက်တဲ့အထိ အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ လက်ပံတောင်း ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းမှာ တာဝန် ရှိကြောင်း၊ အခုလ ၂၆ ရက်နေ့က ကော့မှူးခရီးစဉ်မှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ပြောဆိုလိုက်ပါတယ်။

“အကြံပြုချက်တွေကို လုံလုံလောက်လောက် ပေးထားတယ်။ ဒီအကြံပြုချက်တွေကို တိတိကျကျ မလုပ်တာ အုပ်ချုပ်ရေးမှာ တာဝန်ရှိတယ်။ ကိုယ့်အပိုင်းနဲ့ ကိုယ့်အပိုင်း တာဝန်ယူရမှာပေါ့။ အဲဒါဆိုရင် အားလုံး လုပ်စေချင်ရင်လည်း အုပ်ချုပ်ရေး အာဏာပါ အပ်လိုက်၊ အဲဒါဆို အားလုံး လုပ်ပေးလို့ ရတာပေါ့” လို့ ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းဖြစ်စဉ်ကို ရည်ညွှန်းပြောဆိုပါတယ်။

ဒီစီမံကိန်းကို စတင်လုပ်ဆောင်တဲ့ အချိန်ကစပြီး ယခုအချိန်အထိ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုဟာ ပြေလည်နိုင်စရာ မရှိကြောင်း၊ ဒီနည်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်တော့ အဓိကခံစားနေရတဲ့ လက်ပတောင်းဒေသခံတွေရဲ့ ဒုက္ခ၊ သောကတွေကို ကုစားပေးနိုင်မှာမဟုတ်သလို ဒေသခံတွေရဲ့ ရင်ဘတ်ထဲမှာ ဖွဲမီးလို တမြေ့မြေ့ လောင်ကျွမ်းနေမှုဟာလည်း အရှိန်မြင့် လာဖို့သာရှိကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading