၂၀၁၄ အနုတ် လက္ခဏာများ ၂၀၁၅ မှာ မမြင်လို

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ပြည်သူလူထုတရပ်လုံး လည်ပင်းရှည်အောင် မျှော်ခဲ့ကြသည့် မြန်မာ့ပြုပြင်ပြောင်းလဲရေးသည် ၂၀၁၄ နှစ်ကုန်တွင် စာရင်းချုပ်လိုက်သောအခါ ဇာတ်ညွှန်းမကောင်း၊ ဇာတ်ကွက်မညီ၊ သရုပ်ဆောင် မပီပြင်ဘဲ ဝက်ဝက်ကွဲသွားသည့် ခပ်ညံ့ညံ့ရုပ်ရှင်တကားကို ကြည့်လိုက်ရသလို ဖြစ်နေခဲ့သည်။ ၂၀၁၄ နှစ်ကုန်ခါနီးလေ မြင့်တက်လာလေဖြစ်သည့် ဇာတ်ရှိန်မှာ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ် ဦးကျိုးသွားသည်မှအစ၊ အလွတ်သတင်းထောက် ကိုပါကြီး ပစ်သတ်ခံရမှုမှ အလယ်၊ လက်ပံတောင်းတွင် ဒေသခံပြည်သူ ဒေါ်ခင်ဝင်း ကျည်ဆံထိမှန် သေဆုံးမှုအထိ အားရစရာ မျှော်လင့်ချက် မရှိဘဲ ပြီးဆုံးခဲ့ရသည်။

၂၀၁၅ ခုနှစ်သို့ ပြင်ထားသည့် ခြေတလှမ်းအတွက် ၂၀၁၄ ခုနှစ်မှ နုတ်ယူလိုက်သော ခြေတဖက်တွင် တွန်းသလောက် မရွေ့ခြင်းများ၊ ထင်သလောက် မပေါက်ခြင်းများ၊ တွေဝေမှုကြောင့် မပြတ်သားခြင်းများ၊ ပြုပြင်ပြောင်းလဲရေးနှင့် မဆီလျော်တော့သော နောက်ပြန်ဆွဲမှုများ၊ အာဏာနှင့် အကျိုးစီးပွား လွန်ဆွဲမှုများ မြောက်မြားစွာရှိနေပြီး အကောင်းလက္ခဏာထက် အနုတ်လက္ခဏာဘက်သို့ အလေးချိန် ပိုစီးနေသည်။

နိုင်ငံလုံးချီ သက်ရောက်မှုများ ရှိနေသည့် ပြည်တွင်းငြိမ်းချမ်းရေး မျှော်လင့်ချက် နည်းသွားခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ အစိုးရအာဏာပိုင်များနှင့် အစိုးရတပ်မတော်ကိုယ်တိုင်က ဆက်လက် ကျူးလွန်နေခြင်း၊ နိုင်ငံရေး အရွေ့အတွက် အရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ခေါင်းမာနေခြင်းတို့က ပွင့်လင်းစပြုနေသော မြန်မာပြည်တွင် အောက်ခြေပြည်သူလူအတွက် အကျိုးများသင့်သလောက် မများဘဲ အသက်ရှုကျပ်မည့် အခြေအနေများသို့ တွန်းပို့နေသည်။

နောက်ပြန်မလှည့်သော်လည်း ရှေ့တိုးရန်ခက်နေသည့် မြန်မာပြည်အနေအထားတွင် နိုင်ငံတကာ ဖိအားကလည်း ပိုနေမြဲ ကျားနေမြဲ ဟန်ပျက်မသွားအောင် ထိန်းထားရုံသာ အတိုးအလျှော့လုပ်နိုင်သည်။ ကြိုးနီစနစ်နှင့် အထက်အောက် စနစ်များ အမြစ်ပြုတ်ရန် ခက်ခဲနေသေးသော အစိုးရယန္တယားတွင် ပြုပြင်ပြောင်းလဲရေးအတွက် ရဲရဲပြတ်ပြတ် အသင့်မဖြစ်သူများ ကြီးစိုးနေဆဲဖြစ်ပြီး ဗျူဟာအမျိုးမျိုးဖြင့် မြန်မာ့နိုင်ငံရေးတွင် ချဉ်းကပ် ပါဝင်လည်ပတ်နေသည့် အတိုက်အခံ အင်အားစုများမှာလည်း ၂၀၁၅ ရွေးကောက်ပွဲနီးလေ လမ်းပျောက်ပြီး စမ်းတဝါးဝါးဖြစ်လေကို တွေ့နေရသည်။

နှစ်ကုန်ခါနီး တကြော့ပြန် မီးထတောက်နေသော လက်ပံတောင်း အရေးအခင်းအပါအဝင် လိပ်ခဲတည်းလည်း ပြဿနာများသည် ရက်ပိုင်းအတွင်း ပြီးပြေမည့်ကိစ္စများ မဟုတ်သည့်တိုင် အကောင်းတရားများ၊ အပေါင်းလက္ခဏာများကို ကျော်လွန်သွားလောက်အောင် များပြားနေသည့် အဆိုးတရားများ၊ အနုတ်လက္ခဏာများ နှစ်သစ်သို့ ဆက်လက် မပါရှိရေးမှာ ပြည်သူ၏ ဆန္ဒဖြစ်သည်။

ကြိုသိနေသော အဓိပ္ပာယ်မဲ့ ပျော်ရွှင်ဖွယ်ရာ အဆုံးသတ်များ ပြည့်နေသည့် စစ်အာဏာရှင် အိပ်မက်ဆိုး ရုပ်ရှင်များကိုလည်း မြန်မာပြည်သူလူထု ကြည့်ခဲ့ရပြီးပါပြီ။ ပြုပြင်ပြောင်းလဲရေး “မကြာမီ လာမီမျှော်” ကြော်ငြာဖြင့်လည်း မြန်မာပြည်သူလူထု လည်ပင်းရှည်ခဲ့ရပြီးပါပြီ။ “အပြောကတော့ ရွှေမန်း၊ အကကတော့ ချိုမိုင်မိုင်” ဖြင့် ခပ်ညံ့ညံ့ ရိုက်ချက်များကိုလည်း ပြည်သူလူထုက သည်းခံကြည့်ရှုခဲ့ပြီးပါပြီ။

ရွေးကောက်ပွဲ ပိုမိုနီးကပ်လာပြီး ရှေ့တလှမ်းတိုးသည့် အပြောင်းအလဲများအတွက် မျှော်လင့်ချက်ဆက်ထားနေသော ပြည်သူလူထုအတွက် လာမည့် ၂၀၁၅ ခုနှစ်တွင် ထူးမခြားနားသည့် တကျော့ပြန် ဓာတ်ပြားဟောင်းကြီးကို မကြားလို၊ မမြင်လိုကြတော့သည်ကတော့ အသေအချာပင် ဖြစ်ပါသည်။

Loading