Human Rights

အဓမ္မပြုကျင့်မှု ဆိုင်ရာ တရားစီရင်ရေးစနစ် အားနည်းနေသေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာ နိုင်ငံတွင် အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်ပြီး ထိရောက်သည့် ဥပဒေနှင့် အရေးယူသော တရားစီရင်ရေးစနစ် အားနည်းနေသေးသည်ကို တွေ့မြင်ရဆဲ ဖြစ်သည်။

အဓမ္မပြုကျင့်မှု ကျူးလွန်ပါက ဥပဒေအရ တရားခံကို ပုဒ်မ ၃၇၆ နှင့်အရေးယူရမည် ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ် (သို့) ထောင်ဒဏ် တသက်တကျွန်း ကျခံရမည်ဟု ပြဌာန်းထားသော်လည်း လက်ရှိတွင် တရားခံများကို ပြစ်ဒဏ် အနည်းငယ်သာ ချမှတ်သကဲ့သို့ တချို့အမှုများ ပပျောက်သွားသည်လည်း ရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုကြသည်။

ယမန်နှစ် မတ်လပိုင်းက ကမာရွတ် မြို့နယ်တွင် ဖြစ်ပွားခဲ့သော သက်ငယ် မုဒိန်းမှုသည် အသက် ၆ နှစ် အရွယ် မသက်ထား ဆို သည့် (အမည်လွှဲ) မိန်းကလေးကို အသက် ၆၈ နှစ်အရွယ် အမျိုးသားကြီးက ပြုကျင့်ခြင်း ဖြစ်သည်။ ထိုအမှုကို ယခုနှစ် နိုဝင်ဘာ လ က ၆၈ နှစ် အမျိုးသားကြီးအား တရား စီရင်၍ ပြစ်ဒဏ် ချရာတွင် ပုဒ်မ ၃၇၆ ဖြင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သည်။

အမှုနှင့်ပတ်သက်ပြီး မသက်ထား၏ မိခင်ဖြစ်သူ မအေးက“ကျမရဲ့သမီး က ၆ နှစ်ပဲ ရှိသေးတယ်။ ဘာမှတော့ နားမလည်ပေမယ့် မုဒိန်းကျင့်တဲ့ အဘိုးကြီးကို ထောင် ၄နှစ်ချတာ ကျမအနေနဲ့ မကျေနပ်ဘူး။ ကျမအနေနဲ့ ၁၀ နှစ်ထက် ပိုပြီးတော့ ထောင်ချစေချင် ပါတယ်”ဟု ပြောသည်။

တရားဥပဒေ အတိုင်း ဆောင်ရွက်စေချင်ကြောင်း၊ နောက်ထပ် ထိုကဲ့သို့ မကျူးလွန်နိုင်ရန် ကြီးလေးသည့် ပြစ်ဒဏ်မျိုး ပေးစေချင်ကြောင်း၊ အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်သည် စိတ်ဒဏ်ရာများစွာရပြီး ပြန်လည် ကုစားပေးသည့် နေရာလည်း မရှိကြောင်း မအေး က ဆက်လက် ပြောဆိုသည်။

“ကျမ အနေနဲ့ကတော့ သမီးအတွက် အရမ်းခံစားရတယ်။ ပတ်ဝန်းကျင်က ကဲ့ရဲ့တာတွေ၊ အနှောင့်အယှက်တွေလည်း ရှိတယ်။ နောက် ကိုယ့်သားသမီးတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့။ ပြီးတော့ ဘယ်ယောကျာ်မှ မယုံကြည်ရဘူး ဆိုတာလည်း ပြောချင်ပါတယ်”ဟုလည်း မအေး က ပြောသည်။

မသက်ထား၏ အမှုကို လိုက်လံ ကူညီဆောင်ရွက်ပေးနေသည့် အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသည့် အခရာ အဖွဲ့မှ မခိုင် ကလည်း “သက်ငယ်မုဒိန်းမှုတွေကို တိတိကျကျ အမိန့်ချပါ။ နှစ် ၂၀ ၊ ၃၀ ၊ တသက်တကျွန်းလိုမျိုး ချလိုက်ရင် ဘယ်ယောကျာ်မှ လုပ်ရဲမှာ မဟုတ်တော့ဘူး။ အခု ကျတော့ ပြစ်ဒဏ်ချမှတ်တဲ့အခါမှာ ၄ နှစ်တဲ့၊ ၄ နှစ်ဆိုတာ ပြစ်ဒဏ်လျော့တာနဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်ကို မျှော်နေတာနဲ့ အဲ့ဒါဆိုရင် မုဒိန်းကျင့်တဲ့သူတွေအတွက် က အေးဆေးပဲ။ တကယ်လုပ်တဲ့သူကို တိတိကျကျ အပြစ် ပေးမယ် ဆိုရင် နောက်လုပ်မယ့်သူက မလုပ်ရဲတော့ဘူး”ဟု ပြောဆိုသည်။

အစိုးရအနေဖြင့် အဓမ္မပြုကျင့်မှုများ ဖြစ်လာသည့် အခါတွင် သေချာတိကျသော တရားဥပဒေ ကျင့်သုံးမှုများ ရှိသင့်ကြောင်း၊ တရား ဥပဒေ သည် တတိယ မဏ္ဍိုင်ဖြစ်သည့်အတွက် တတိယ ကဏ္ဍိုင်ကောင်းမှသာလျှင် တိုင်းပြည် ကောင်းမည် ဖြစ်ကြောင်း၊ သက်ငယ် မုဒိန်းမှုကို ကိုင်တွယ်သည့်နေရာတွင်လည်း တိကျသည့် ပြစ်ဒဏ်များပေးမှသာ ပျောက်သွားမည် ဖြစ်ကြောင်း မခိုင်က ဆက်လက် ပြောပြသည်။

ထိုနည်းတူပင် အသက် ၁၅ နှစ်အရွယ် မထက်ထက် (အမည်လွဲ) မိန်းကလေးကို ခြိမ်းခြောက် အဓမ္မပြုကျင့်ခဲ့သည့် မြောက်ဥက္ကလာ ပ မြို့နယ် စားသောက်ဆိုင်ပိုင်ရှင် ဦးမြင့်အောင်ကိုလည်း ယမန်နှစ် သြဂုတ်လတွင် ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။

၂၀ဝ၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဇူလိုင်လကုန်အထိ မုဒိမ်းမှုပေါင်း ၅၈၂၈ မှု ဖြစ်ပွားခဲ့သည်ဟု နေပြည်တော် ရဲတပ်ဖွဲ့ထံမှ သိရသည်။

မြန်မာ တနိုင်ငံလုံး အတိုင်းအတာအားဖြင့် ၂၀၁၀ ပြည့်နှစ်တွင် မုဒိမ်းမှု ၃၃၇ မှု၊ ၂၀၁၁ ခုနှစ်တွင် ၆၀၅ မှု၊ ၂၀၁၂ ခုနှစ်တွင် ၆၅၄ မှု၊ ၂၀၁၃ ခုနှစ်တွင် ၇၃၄ မှုနှင့် ၂၀၁၄ ခုနှစ် ဇူလိုင်လကုန်အထိ အမှု ၄၇၀ ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပွားမှု အများဆုံး ကို တွေ့ရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် ၂ နှစ်အတွင်း မုဒိမ်းမှု ၂၈၇ မှု ဖြစ်ပွားခဲ့ပြီး မိသားစုဝင်အချင်းချင်း ကျူးလွန်သည့် အမှုများလည်း ပါဝင်နေသည့်အတွက် တရားစီရင်ရေး အပိုင်းက ယင်းပြစ်မှုမျိုး ဖြစ်ပွားလာပါက ထိရောက်သည့် ပြစ်ဒဏ် များ ချမှတ်သင့်သည်ဟု အာဏာပိုင်တချို့က အကြံပြု ပြောဆိုထားသည်။

ထိုသို့ ဖြစ်ပွားနေမှုများကြောင့် အသက် ၁၆ နှစ် မပြည့်သေးသည့် ကလေးသူငယ်များအပေါ် မုဒိမ်းမှု ကျူးလွန်သူကို သေဒဏ် (သို့မဟုတ်) တသက်တကျွန်း ပြစ် ဒဏ်ချမှတ်နိုင်မည့် ဥပဒေကြမ်းကို သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ၂၀၁၃ ခုနှစ် အောက်တိုဘာ လတွင် လွှတ်တော်သို့ တင်သွင်းခဲ့သော်လည်း လက်ခံဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာ ထောက်ခံ သူ ၁၉ မဲ၊ ကန့်ကွက်သူ ၃၁၁ မဲဖြင့် ရှုံးနိမ့်မှု ဖြစ်ခဲ့သည်။

အဓမ္မပြုကျင့် ခံရသည့် ကာယကံရှင်များ အနေနှင့်လည်း တရားရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မသိကြသူများ ရှိကြောင်း၊ အမှုအခင်း ဖြစ်လာပါက မည်သည့်နေရာသို့ သွား၍ မည်သို့ တိုင်ကြားရမည်ကို မသိရှိကြကြောင်း အခရာ အဖွဲ့ ဒါရိုက်တာ မထားထား က ပြောဆိုသည်။

“ဘယ်ကနေ စတိုင် ရမယ်ဆိုတာ မသိကြဘူး။ လုပ်ထုံးလုပ်နည်းကို မသိကြဘူးပေါ့။ ဥပဒေမှာလည်း တကယ်ဖြစ်လာ ရင် ဘယ်ကို သွားလို့ သွားရမှန်းမသိကြဘူး။ လက်လှမ်းမမီမှုတွေ။ တကယ်တမ်းတော့ ဥပဒေ စိုးမိုးမှု မရှိတာက ကျမတို့အတွက် အခက်အခဲတွေ ရှိနေတယ်။ ကျား၊မ ခွဲခြားမှုက ရှိနေတယ်ဆိုတာကို အကြမ်းဖက်မှုတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်”ဟုလည်း မထားထား က ဆိုသည်။

အမျိုးသမီး အခွင့်အရေးများကို ကူညီဆောင်ရွက်နေသည့် ကျားမ ရေးရာ တန်းတူညီမျှရေး ကွန်ရက်(Gender Equality Network) မှ မမေစံပယ်ဖြူ ကလည်း“ကျေးရွာတွေမှာ အမှုဖွင့်ပြီးရင် မြို့ပေါ်တက် ရင်ဆိုင်ဖို့အတွက် ခက်ခဲတာတွေများတယ်။ အမှုတွေ ဖြစ်လာရင် ခရီးဝေးသွားရပြီး ငွေကုန်မှုတွေများတော့ အမှုကိုမဖွင့်တော့ဘဲ အမှုမှန်တွေ ပျောက်သွားတာပဲ။ အမှုတွေ အလိုလို ပျောက်သွားတာတွေလည်း ရှိတယ်”ဟု ပြောသည်။

အမျိုးသမီး အဖွဲ့အစည်းများကလည်း အဓမ္မပြုကျင့်မှုများ ကျဆင်းစေရေးနှင့် အမျိုးသမီးများ လိင်အကြမ်းဖက်မှု ကာကွယ်ပေးရေးတို့အတွက် ဥပဒေကြမ်းရေး ဆွဲနေကြပြီး ပြစ်မှုကျူးလွန်သူများကို မှန်ကန်ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်ပေးရန် ဆန္ဒထုတ်ဖော် တောင်း ဆိုမှုများ ပြုလုပ်လာကြသည်။

လူမှုဝန်ထမ်းနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် အမျိုးသမီးအဖွဲ့အစည်းများ ပူးပေါင်းပြီး အမျိုးသမီးများ အတွက် ကာကွယ်နိုင်ရန် ဥပဒေ မူကြမ်းတခု ရေးဆွဲနေကြောင်း၊ ထို ဥပဒေကြမ်းတွင် အခန်း ၁၉ ခန်း ပါရှိပြီး အခန်း ၁ ကနေ ၉ အထိသည် ပြစ်မှု ပြစ်ဒဏ်များနှင့် ကျန်အခန်းများတွင် လုပ်ထုံး လုပ်နည်းများကို ထည့်သွင်းထားကြောင်း မမေစံပယ်ဖြူက ပြောပြသည်။

“ဥပဒေကို နောက်နှစ် မတ်လမှာ ထွက်နိုင်ဖို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာမှာ ပြစ်မှု ပြစ်ဒဏ်တွေ ဘယ်လိုရှိလဲ ဆိုတာလည်း ပြန်ညှိရဦးမယ်”ဟု ၎င်းက ဆက်ပြောသည်။

အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုနှင့်ပတ်သက်ပြီး အမျိုးသမီး အခွင့်အရေးကို ဆောင်ရွက်နေသည့် ဥပဒေရေးရာ ကုစားရေး အဖွဲ့ မှ ဒါရိုက်တာ ဒေါ်လှလှစိုး က “မုဒိန်းမှု က တကယ်ဆို ၁၀နှစ်ကနေ တသက်တကျွန်းပေမယ့် တကယ်ဖြစ်လာတော့ နှစ် အနည်းငယ်ပဲ ချတယ်။ တချို့အမှုတွေဆိုရင် သက်သေတွေမစုံတော့ အမှုတွေ ပျောက်သွားတယ်။ ကျမတို့ မြန်မာပြည်မှာ ထိရောက်ဟန့်တားတဲ့ ဥပဒေ အခုထိမရှိသေးဘူး”ဟု ပြောသည်။

မမေစပယ်ဖြူ ကလည်း“သူတို့ ဒီလို အဓမ္မပြုကျင့်ခံရပါတယ်ဆိုတာကို လုံလောက်တဲ့ သက်သေအထောက်အထား လူအများရှေ့မှာ ထပ်ခါ စစ်ဆေးရတော့ ထပ်ခါ အရှက်ရတာပေါ့။ တရားမျှတမှုကို စီရင်ချက်ချတဲ့အထိ မစောင့်နိုင်တော့ဘဲ သူတို့ ကိုယ်တိုင် အမှုရုပ် သိမ်းသွားတာတွေ ရှိတယ်”ဟု ပြောဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ တချို့ဒေသများတွင် အဓမ္မပြုကျင့်မှုနှင့်ပတ်သက်ပြီး ရိုးရာနည်းဖြင့် တရားစီရင်မှုများ ရှိနေသေးသည်ကိုလည်း တွေ့ရသည်။

ကယားပြည်နယ် ဒေသတချို့တွင် အမျိုးသမီးများ အဓမ္မ ပြုကျင့် စော်ကားခံရပါက တရားဥပဒေအရ ဖြေရှင်းခြင်းမရှိဘဲ ရိုးရာ ဓလေ့ ဖြင့်သာ ကျေအေးနေရဆဲ ဖြစ်ကြောင်း ကယန်း အမျိုးသမီးအဖွဲ့၏ တာဝန်ခံ ဒေါ်မူအန်းဂျေလာ က ဧရာဝတီသို့ ပြောသည်။

အဓမ္မပြုကျင့် ခံရသော အမျိုးသမီးများကို ရွာမှ ဖိအားပေးပြီး ရွာ၏ ထုံးစံအတိုင်း ကျူးလွန် စော်ကားသူက ဝက်၊ ကြက် များကို အိမ် များသို့ လိုက်လံ ဝေငှခြင်းဖြင့် ရွာဆေးခြင်းကို ပြုလုပ်နေသေးကြောင်း၊ တရားဥပဒေအရ ဖြေရှင်းခြင်း မပြုသဖြင့် အမျိုးသမီးများအတွက် နစ်နာမှုများစွာ ရှိနေကြောင်းကိုလည်း ဒေါ်မူအန်းဂျေလာ က ပြောပြသည်။

တိုင်းရင်းသား အများစုသည် သက်ဆိုင်ရာ ဓလေ့ထုံးတမ်းများကို ကျင့်သုံးနေဆဲဖြစ်ပြီး အသိပညာပေးမှုများကို ရှေးလူကြီးများကနှစ် သက် လက်ခံမှု မရှိကြောင်း၊ အဓမ္မပြုကျင့်ခံရသူကို လျော်ကြေးပေး ကျေအေးနေသည်မှာ ခေတ်နှင့် မညီညွတ်ကြောင်း၊ ထို ဓလေ့များကို မကျင့်သုံးရန် အသိပညာပေးမှုများ ပြုလုပ်နေရကြောင်း တရားလွှတ်တော် ရှေ့နေ ဦးငိုဆာ့ခ် ကလည်း ပြောသည်။

“ရွာဓလေ့ အတိုင်း ဝက်တကောင်နဲ့ ကျေအေးပေးရတဲ့ အမှုက တရားဥပဒေအရ ထောင်ဒဏ် တသက်တကျွန်း ပေးနိုင်တဲ့ ပြစ်မှုပါ။ အခုလို ပြစ်ဒဏ် ကွာဟနေတော့ ရေရှည်မှာ ဥပဒေကို ထိခိုက်နိုင် ပါတယ်”ဟုလည်း ဦးငိုဆာ့ခ်က ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲကာလမှ စတင်၍ သမ္မတ ဦးသိန်းစိန် တာဝန်ယူနေသည့် ကာလအတွင်း တိုင်းရင်းသား ဒေသများတွင် တပ် မတော်သားများ၏ အဓမ္မပြုကျင့်မှုပေါင်း ၁၀ဝ ကျော်ရှိခဲ့ကြောင်း၊ ၄၇ မှုသည် အုပ်စုလိုက် ပြုကျင့်မှု ဖြစ်ပြီး အသက် ၈ နှစ် အရွယ် အထိ ပါဝင်ကြောင်း၊ ကျူးလွန်ခံရသူ ၂၈ ဦးသည် သတ်ဖြတ်ခံရခြင်း(သို့) ရရှိသော ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း၊ ထိုမှုခင်းများသည် မြို့နယ်ပေါင်း ၃၅ ခုတွင် ဖြစ်ပွားခဲ့ပြီး တပ်ရင်းပေါင်း ၃၈ ခု ကျော် ပါဝင်ပတ်သက်နေကြောင်း ထိုင်းအခြေစိုက် အမျိုးသမီး ရေး ရာ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ ဇန်နဝါရီလ အတွင်းက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမျိုးသမီးများ ကွန်ရက်(မြန်မာ)အဖွဲ့မှ ညှိနှိုင်းရေး တာဝန်ခံ ဒေါ်မာမာချိုကလည်း“အခုလောလောဆယ် အဲ့ဒီပြဿနာတွေ အများကြီး ကြုံတွေ့နေရတယ်။ ဥပဒေတွေ အားနည်းနေတဲ့အတွက် အမျိုးသမီးကို ကာကွယ် စောင့်ရှောက်တဲ့ မူကြမ်းတွေ အမြန်ဆုံးထွက် လာဖို့ လိုပါတယ်။ အမျိုးသမီးအဖွဲ့ အားလုံးပေါင်းပြီး လုပ်တဲ့ဥပဒေမူကြမ်းကို လွှတ်တော်တင်ဖို့ လုပ်ပါမယ်။ မုဒိန်းမှုတွေ အများစုက ပျောက်နေပါတယ်”ဟု ပြောသည်။

နိုဝင်ဘာ ၂၅ ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းမဖက်ရေး နေ့ကလည်း ကရင်ပြည်နယ် သံတောင်ကြီးတွင် အသက် ၇၀ ကျော် အမျိုးသားကြီး တဦးက အသက် ၁၂နှစ်အရွေယ် မိန်းကလေးငယ် တဦးကို ကျူးလွန်သည့် အဓမ္မ ပြုကျင့်မှုတခု ဖြစ်ပွားခဲ့ကြောင်း၊ ထိုအဓမ္မပြုကျင့်မှုမျိုးကို ထိရောက်စွာ အရေးယူသင့်ကြောင်း၊ အဓမ္မပြုကျင့်မှု အများဆုံးသည် မဖွံ့ဖြိုးသည့် ဒေသများနှင့် ပဋိပက္ခ ဖြစ်ပွားသည့် နေရာများတွင် အဖြစ်များကြောင်းလည်း ဒေါ်မာမာချို က ပြောဆိုသည်။

ယခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးနေ့ ၁၆ ရက် တာ ကိုလည်း ပြည်နယ်၊တိုင်း ဒေသကြီး ၁၁ ခုတွင် ကျင်းပခဲ့သေးသည်။

ကမ္ဘာ့ ကုလသမဂ္ဂ က ပြဌာန်းလိုက်သည့် အဓိက လူ့အခွင့်အရေး စာချုပ်စာတမ်း  ၉ ခုအနက် မြန်မာနိုင်ငံသည် စာချုပ် ၃ ခု ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ်များမှာ ကလေးသူငယ် အခွင့်အရေး၊ မသန်စွမ်း အခွင့်အရေး၊ အမျိုးသမီးများ အခွင့်အရေးတို့ ဖြစ် ကြောင်း သိရသည်။

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံအတွင်း စစ်ဖြစ်ပွားရာ ဒေသများနှင့် ဆက်စပ် ဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စုံစမ်း စစ်ဆေး အရေးယူပေးရန် မြန်မာ အစိုးရကို တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် (CEDAW) တွင် လက်မှတ် ရေးထိုးထားသော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုများသည် ထိရောက်မှု မရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုလျက် ရှိကြသည်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading