Politics

လယ်သမားများ အခွင့်အရေး အပြည့်အဝ ရစေမည်ဟု ပြောကာ အာဏာရ ကြံ့ခိုင်းရေးပါတီ စည်းရုံး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနေဖြင့် လယ်သမား အခွင့်အရေး အပြည့်အ၀ ရရှိအောင် ကျေးဇူးဆပ်မည် ဖြစ်ကြောင်း ပြောဆိုပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် လယ်သမားများက ပါတီကို “ထောက်ခံ အားပေးကြပါ” ဟု ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က မှော်ဘီမြို့နယ် ဘောလုံးကွင်း၌  ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တောင်သူ လယ်သမားများနှင့် တွေ့ဆုံစဉ် ဝန်ကြီးချုပ် ဦးမြင့်ဆွေက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးမြင့်ဆွေက “လယ်သမားတွေရဲ့ ထောက်ခံမှုကို ရယူပြီး ကျနော်တို့ ရှေ့လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်မှာ ပါ။ ကျနော်တို့ကို ထောက်ခံ အားပေးပြီး လယ်သမားတွေကို ကျေးဇူးဆပ်ခွင့် ပေးကြပါ” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေများထဲမှ ၉၉ ရာခိုင်နှုန်းကျော်ကို လယ်သမားများအတွက် လယ်မြေပိုင်ဆိုင်ခွင့် လတ်မှတ်များ ထုတ်ပေးပြီး ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေး ပါတီဝင် အစိုးရ အဖွဲ့ အနေဖြင့်လည်း ယခင်အစိုးရ လက်ထက်တွင် သိမ်းဆည်းထားသည့် လယ်ယာမြေများအား ပိုင်ရှင် လယ်သမား များထံသို့ ပြန်လည် ပေးအပ်နေပြီး စာရင်းများ ဆက်လက် ပြုစုနေကြောင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။

ယင်းတွေ့ဆုံပွဲသို့ USDP ပါတီဝင်များ ဖြစ်သည့် ပြည်ထောင်စု လွှတ်တော် နာယကလည်းဖြစ် အာဏာရ USDP ပါတီ ဥက္ကဋ္ဌလည်း ဖြစ်သူ သူရဦးရွှေမန်း၊ ပြည်ထောင်စု အဆင့် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်း ဒေသကြီးမှ တောင်သူ လယ်သမား ကိုယ်စားလှယ် စုစုပေါင်း ၅၂၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လယ်သမား ကိုယ်စားလှယ်များက မြေယာ သိမ်းဆည်းခံရမှုများ၊ စိုက်ပျိုးပြီး သီးနှံများ လျော်ကြေး ထိုက်ထိုက်တန်တန် မရရှိခြင်း၊ ရာသီဥတုဒဏ်ကြောင့် သီးနှံပျက်စီးမှု ဖြစ်ပွားကာ အရှုံး ပေါ်ရခြင်း၊ ချေးငွေများ စိုက်ပျိုးချိန်ထက် နောက်ကျပြီးမှ ရခြင်း စသည့် အခက်အခဲများ တွေ့ကြုံနေရသဖြင့် ကူညီဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် USDP ပါတီ ဥက္ကဋ္ဌ ဦးရွှေမန်းက လက်ရှိ သမ္မတ သက်တမ်းအတွင်း အစိုးရအဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အုပ်ချုပ်ခွင့်ရ နေရာများတွင် USDP ပါတီဝင် အများစုရှိနေပြီး လွှတ်တော် တွင်လည်း နေရာအများဆုံး ယူထားသဖြင့် လယ်သမားအရေးကိစ္စများကို ဦးစားပေး လုပ်ဆောင်ကြရန်၊ လယ်သမား များနှင့် တသားတည်း စိတ်ထားပြီး အောက်ခြေအထိ စုံစမ်းလေ့လာရန် တာဝန်ရှိကြောင်း ပြောဆိုသည်။

လယ်သမားများ အဆိုပြုသည့် ကိစ္စရပ်များမှာ ပြည်ထောင်စု အစိုးရအဖွဲ့မှ ရေးဆွဲနေဆဲ ဖြစ်သည့် “တောင်သူ လယ်သမား ကာကွယ်ရေးနှင့် အခွင့်အရေး ဥပဒေ” အတည်ပြု ထွက်ရှိပြီးပါက ၉၀ ရာခိုင်နှုန်းခန့် ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ဦးရွှေမန်းက ယင်းတွေ့ဆုံပွဲတွင် ထပ်လောင်း ပြောဆိုသည်။

ရေးဆွဲနေသည့် ဥပဒေတွင် တောင်သူလယ်သမားတို့၏ လယ်ယာထွက်ကုန်ပစ္စည်းများ သင့်တင့်သည့် ဈေးမရရှိခြင်း၊ အရှုံးပေါ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ရန် သင့်တင့်သည့် ဈေးနှုန်း ရရှိရန်၊ ချေးငွေ ရယူရာတွင် ချေးငွေ ရရှိချိန် နောက် ကျခြင်း၊ ချေးငွေ ချေးရာတွင် လယ်သမားများဘက်က နစ်နာမှု မရှိစေရန် ကာကွယ်ပေးမှုများ၊ လယ်ယာမြေနှင့် ပတ် သက်၍ လယ်သမားတို့ နစ်နာ ဆုံးရှုံးနေမှုများနှင့် လယ်သမားတို့အား ဆင်းရဲတွင်းမှ ကယ်တင်နိုင်ရန် အခွင့်အရေးများ ပါဝင်သည်ဟု သိရသည်။

ဦးရွှေမန်းက “မြန်မာနိုင်ငံရဲ့ ပြည်သူလူထု ၇၀ ရာခိုင်နှုန်းက လယ်ယာ စိုက်ပျိုးရေး ကဏ္ဍကပါ၊ ကျနော်တို့ ရည်မှန်း တဲ့ အေးချမ်း တည်ငြိမ်တဲ့ နိုင်ငံတော်ကို တည်ဆောက်ဖို့ လယ်သမားတွေအရေးကို မြန်မြန်ဆန်ဆန် ဖြေရှင်းပေးဖို့ လိုတယ်” ဟု မှတ်ချက်ပြု ပြောဆိုသည်။

လယ်ယာမြေ သိမ်းဆည်းခံရမှု၊ သီးနှံဆုံးရှုံးမှုနှင့် ချေးငွေ ပြန်မဆပ်နိုင်ခြင်းတို့မှာ တောင်သူ လယ်သမားများ အကြား အကြီးမား ဆုံးရင်ဆိုင်နေရသည့် ပြဿနာများ ဖြစ်သည်ဟု တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် လယ်သမားများက ပြောဆိုသည်။

တွေ့ဆုံပွဲသို့ ထန်းတပင်မြို့နယ်မှ တောင်သူ လယ်သမား ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသူ ဒေါ်သင်းသင်းက “လယ်သမားကြီးတွေက ကျေးဇူးရှင်တွေပါဆိုပြီး လူတိုင်းနှုတ်နဲ့ ပြောကြတယ်၊ လက်တွေ့မှာတော့ လယ်သမားကြီး တွေ ဒုက္ခ ရောက်နေတာ၊ လယ်တွေ အသိမ်းခံရတာ၊ ဘယ်သူမှ မဖြေရှင်းပေးပါဘူး၊ ဒါတွေကို ရှင်းပေးစေချင် ပါတယ်” ဟု ဆိုသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ လယ်သမားရေးရာ တာဝန်ခံ ဦးမျိုးသန့်ကလည်း လက်ရှိတွင် လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် အငြင်းပွားမှုများ ဖြစ်ပွားကာ တရားစွဲဆိုခံရပြီး အမှုရင်ဆိုင်နေရသည့် လယ်သ မား ၁၀၀ ကျော်ရှိကြောင်း၊ ယင်းတို့အထဲမှာ လယ်သမား ၂၀ ခန့်မှာ ထောင်ဒဏ် ချမှတ် ခံထားရသည်ဟု ခန့်မှန်း ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading