နယ်တွင် ကြီးပြင်းခဲ့သည့် ကျမအတွက် “လူကြီးတွေလာမယ်” ဆိုသည့် စကားကို မကြာခဏ ကြားရလေ့ ရှိပြီး ကြားရတိုင်းလည်း လူအများစု စိတ်ညစ်ရသည့် စကားလုံး ဖြစ်နေမည်။
လူကြီးဆိုသည်မှာ အာဏာပိုင် အဖွဲ့အစည်း တခုခုက တာဝန်ရှိသည့်၊ ရာထူးကြီးသည့် ပုဂ္ဂိုလ်များ အားလုံးကို ခေါ်ခြင်းဖြစ်သည်။
ကျမတို့ ငယ်စဉ်က မြို့သို့ ပြည်နယ်အဆင့်၊ တိုင်းအဆင့်၊ နိုင်ငံတော်အဆင့် လူကြီးများ လာမည်ဆိုလျှင် မလာမီ ရက်ပိုင်း အလို ကပင် သက်ဆိုင်ရာ ရက်ကွက်၊ ကျေးရွာအလိုက် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများမှတဆင့် ညွှန်ကြားချက် ထွက်လာသည်။
ထိုညွှန်ကြားချက်ကား အခြားမဟုတ်။ “လမ်းဘေးဝဲယာရှိ လူနေအိမ်များအားလုံး မိမိတို့ ခြံစည်းရိုးများကို ထုံးသုတ်ရန်” ဟူ၍ ဖြစ် သည်။ ဘယ်နေ့ အပြီးသုတ်ရမည် ဆိုသည့် အချိန်ကာလ သတ်မှတ်ချက်လည်း ပူးတွဲ၍ ပါလာသည်။
ထိုညွှန်ကြားချက် ထွက်လာပြီဆိုလျှင် လမ်းဘေးဝဲယာတလျှောက် နေထိုင်သည့် လူနေအိမ်များ စုပေါင်း ထုံးသုတ်ပွဲကြီးကို ဆင်နွှဲရသည်။ ဈေးကို အပြေးသွားကာ ထုံးထုတ်များဝယ်ရသည်။ မဖောက်ထုံးများကို ပုံးတခု ထဲသို့ ထည့်၍ အရည်ဖျော်ကာ တံမြက် စည်း အဟောင်းတခုကို စုတ်တံအဖြစ် အသုံးပြု၍ ခြံစည်းရိုးများကို ထုံးသုတ်ရသည်။ အိမ်မှ လူကြီးမိဘများက အလုပ်ရှုပ်သည်ဟု ဆိုကာ စိတ်ညစ်ကြသော်လည်း ကျမတို့ ကလေးများကတော့ ပျော်သည်။ ခြံစည်းရိုးသာမက မြင်မြင်သမျှ အရာကို ထုံးသုတ်သည်။
စီးပွားရေး အဆင်မပြေသေးသဖြင့် အသစ်မကာနိုင်သေးသော ဝါးထရံခြံစည်းရိုး အစုတ်ကလေးများကို ထုံးသုတ်ရုံတင်မက အိမ်ရှေ့တွင်အပင်ရှိလျှင် ထိုအပင်များ၏ ပင်စည်ကို အဆစ်အဖြစ် သုတ်ပေး လိုက်ကြရာ လမ်းဘေးဝဲယာရှိ အိမ်ခြံစည်းရိုးများသည် တညီ တညာတည်း အဖြူရောင်အဖြစ် ပြောင်းလဲ သွားကြကုန်သည်။
ထိုမျှသာမက နည်းနည်းပို၍ ကြီးသော လူကြီးလာမည်ဆိုပါက လူကြီးမျက်စိအမြင် မတင့်တယ်မည်ကို စိုးရိမ်၍ ပိုင်ရှင်မဲ့ လမ်းဘေး ခွေးများကို အမဲလုံးကျွေး၍ သုတ်သင်ရှင်းလင်းကြသည့်အလုပ်ကို မြူနီစပယ် ဝန်ထမ်း များက လုပ်ကြသည်။
လူကြီးမလာမီ ကြိုတင် ပြင်ဆင်မှုများပြီးလျှင် လူကြီးလာမည့်နေ့ သတ်မှတ်ချက်များ ရှိသည်။ လမ်းဘေး ဝဲယာရှိ ဈေးဆိုင်များ ဈေးရောင်းမထွက်ရန် ဆိုသည့် အမိန့်ဖြစ်သည်။ လူကြီးလာသော နေ့တွင် တမြို့လုံး သန့်ရှင်းသပ်ရပ်၍ နေသည်။ ခြံစည်းရိုးကလေးများ ဖွေးဖွေးလှုပ်နေသည်။ လမ်းမပေါ်တွင် ခွေးများမရှိသလို၊ ဈေးဆိုင်များလည်း မရှိကြ။ လမ်းသွားလမ်းလာ လူများလည်း ရှင်းလင်း၍ နေသည်။
ထိုသို့သော အခြေအနေများသည် ကျမတို့မြို့တွင် ယနေ့တိုင် ရှိနေသေးသည်။ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ် စာရင်းဝင် ကျမတို့ ရခိုင်ပြည်နယ်တွင် လူကြီးများလာ၍ ဈေးမရောင်း ရသော တနေ့လုပ် တနေ့စား ဈေးသည်များ၊ လူကြီးများလာ၍ ပင်လယ်ပြင်သို့ ငါးဖမ်း မထွက်ရသော ရေလုပ်သားများ၏ အကြောင်းအရာများသည် ပုံပြင်များမဟုတ်။ လက်တွေ့ဘဝများ ဖြစ်သည်။
လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်က မိမိတို့ မြို့တွင် ရေလွှမ်းမိုးမှု အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ နှစ်စဉ်မိုးရာသီ တိုင်း ရေလွှမ်းမိုးနေကျ ဖြစ်သော်လည်း ထိုနှစ်က အဆိုးရွားဆုံး စံချိန်တင်ခဲ့သည်။ တောင်ပေါ်တွင် သစ်ပင်များ မရှိတော့သည့် နောက်ဆက်တွဲကြောင့် တောင်ကျရေများနှင့်အတူ ရွှံ့များ၊ နုန်းများ ဒလဟော လိုက်ပါလာသည်။
ရေပြန်ကျသွားချိန်တွင် ခြေတံရှည်နေအိမ်များသည် ခြေတံတိုနေအိမ်များ ဖြစ်သွားသည်။ မြေညီထပ်များ သည်လည်း ရွှံ့များဖြင့် ပြည့်ကုန်သည်။ ရေဘေးဒုက္ခ ခံစားရသည့် လူတို့သည် ၂ ပေနီးပါး ထုထည်အမြင့် ဖြစ်နေသော ထိုရွှံ့များကို မည်သို့ မည်ပုံ ရှင်းလင်းရမည်ကို စဉ်းစားမရအောင် ဖြစ်ကြရသည်။
ရေပြန်ကျသွားပြီးနောက် ရေဘေးဒုက္ခ ခံစားရသည့် အခြေအနေများအား လေ့လာရန် လူကြီးတွေ လာမည် ဟု သိရသည်။ ထိုသတင်းနှင့်အတူ မြို့၏ အုပ်ချုပ်ရေး အာဏာပိုင်များထံမှ အမိန့်ကြေညာချက် ထွက်လာ သည်။ မိမိတို့ နေအိမ် အသီးသီးတွင် မြင်မကောင်းလောက်အောင် တင်ကျန်နေသော နုန်းများ၊ ရွှံ့များအား ၂ ရက်အတွင်း အပြီးရှင်းလင်းရမည် ဆိုသည့် အမိန့်ဖြစ်သည်။
ထိုအမိန့်ကြောင့် လွန်ခဲ့သည့် ၁၀ နှစ်က သိန်းဂဏန်းပေးရသော လုပ်အားခဖြင့် သန့်ရှင်းရေး လုပ်ပေးမည့် အလုပ်သမားများကို ငှားကာ ရေးကြီးသုတ်ပြာ သန့်ရှင်းရေး လုပ်ခဲ့ကြရသည်။ “လူကြီးလာမည်” ဆိုသည့် စကားသည် အများပြည်သူကို အနည်းနဲ့အများ ဒုက္ခပေးသော စကားလုံးဖြစ်လာသည့် ဥပမာ များထဲမှ တခုဖြစ်သည်။
မိမိတို့ တာဝန်ကျနေသည့် မြို့ရွာများဆီ လူကြီးတွေ လာမည်ဆိုလျှင် သန့်ရှင်းရေး လုပ်ကြ၊ သစ်ပင်တွေ စိုက်ကြ၊ သဲဖြူခင်းကြသည့် အလုပ်ကို ဌာနေအာဏာပိုင်တိုင်း လုပ်ခဲ့ကြသည်။ ရာထူးငယ်သည့် လူတိုင်းက ရာထူးကြီးသူတိုင်းထံတွင် မျက်နှာရရေးအတွက် ကြိုးစားကြသည်။ ရာထူးတက်ရေးအတွက် သိန်းပေါင်း များစွာ တန်ဖိုးရှိသော ပြည်သူပိုင် ပစ္စည်းများကိုပင် အာဏာအသုံးပြုကာ လက်ဆောင် ပဏ္ဍာအဖြစ် ပေးသည့် သာဓကတို့ ရှိခဲ့ဖူးသည်။
တချို့ အောက်ခြေဝန်ထမ်းများသည် လူကြီးလာမည်ဆိုလျှင် စိတ်ညစ်ကြသည်။ လူကြီးလာလျှင် မျက်နှာပန်း လှစေရန် ကြိုတင်ပြင်ဆင်ရသည့် စရိတ်စကများအတွက် ပူပင်ကြရသည်။ အိတ်စိုက်သုံးစွဲရသဖြင့် လူကြီး လာမည်ကို ကြောက်နေသည့် ဝန်ထမ်းများလည်း ရှိသည်။
မည်သည့် လူကြီးတဦးတလေမှ ဒေသခံတို့၏ ခက်ခဲစွာ ရုန်းကန်နေရသော အောက်ခြေ လူနေမှုဘဝများကို လက်တွေ့ကွင်းဆင်း လေ့လာသည့် နမူနာများ မကြားဘူးခဲ့။ လူကြီးဆိုသူများသည် အောက်ခြေ လူနေမှု ဘဝများ အကြောင်းကို စာရွက်များပေါ်၌သာ ကြားဖူးမြင်ဖူးသည်။ အပေါ်ယံ အမြင်ကောင်းအောင် ကြိုတင် ပြင်ဆင်ထားသော ကိန်းဂဏန်းများကို အစစ်အမှန်များဟု ထင်မြင်နေကြသည်။
ထိုအဖြစ်အပျက်များသည် ယခင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရ(နဝတ) လက်ထက်ကလည်း ရှိခဲ့သည်။ တပ်မတော် အစိုးရဟု ခေါ်သော စစ်အစိုးရ လက်ထက် တလျှောက်လုံး ရှိခဲ့သည်။
ယခု အရပ်သား အစိုးရဟု ခေါ်သော အစိုးရသစ် လက်ထက်တွင်လည်း ရှိနေဆဲဖြစ်သည်။ အရပ်သား အစိုးရလက်ထက်တွင် ယခင် အစိုးရများ လက်ထက်ကထက် လူကြီးဆိုသူများ ပိုများလာလေသလားဟု ထင်ရသည်။
ဒါက နယ်မြို့များတွင် ဖြစ်ပျက်နေသည့် ပြည်နယ်အဆင့် အဖြစ်အပျက်များဖြစ်သည်။ နိုင်ငံအဆင့် အဖြစ် အပျက်များလည်း ရှိနေ သည်။
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ စတင်နေပြီဟု ယူဆကြသည့် နိုင်ငံကြီးများမှ ခေါင်းဆောင်များ၊ အရေးကြီး ပုဂ္ဂိုလ်များ မြန်မာပြည်သို့ အဆက်မပြတ် လာရောက်နေကြသည်ကို ယခုနှစ်ပိုင်းတွင် ခပ်စိပ်စိပ် မြင်တွေ့လာရသည်။ ကမ္ဘာ့အဆင့် လူကြီးများ မိမိတို့ နိုင်ငံသို့ လာရောက်ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ လလယ်က မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတ အိုဘားမား လာရောက်ခဲ့သလို၊ ဒီဇင်ဘာ ပထမပတ်တွင်လည်း နော်ဝေနိုင်ငံ ဘုရင်မင်းမြတ် ထပ်မံ ရောက်ရှိခဲ့သည်။
အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ခဲ့စဉ်ကထက် ယခုနှစ် ဒုတိယ အကြိမ် ရောက်လာချိန်တွင် ရန်ကုန်မြို့နေ လူထုထံမှ အကျယ်လောင်ဆုံး ကြားရသည့် စကားက ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာ အကြောင်းဖြစ်သည်။
တာဝန်ရှိသူများ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် တလနှင့်တလ ပို၍ ဆိုးရွားလာသည့် ရန်ကုန်မြို့တော် ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာသည် သမ္မတ အိုဘားမား ခရီးစဉ်ကြောင့် ထိုတနေ့တာအတွင်း အဆပေါင်း များစွာ ဆိုးရွားသွားစေခဲ့သည်။
အမေရိကန်သမ္မတ၏ ခရီးစဉ်သည် နာရီပိုင်းမျှသာ ကြာမြင့်ခဲ့ပြီး၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သမိုင်းဝင် ဝန်ကြီးများရုံးသို့ မိနစ်အနည်းငယ်အတွင်း တဟုန်ထိုး မောင်းနှင် နိုင်ရန်အတွက် ရန်ကုန်နေ လူထုတရပ်လုံး၏ တနေ့တာ အခက်အခဲများ ဖြစ်စေခဲ့သည်။ ရန်ကုန်လူထု အများဆုံး အသုံးပြုသည့် အဓိကလမ်းမကြီးများကို ပိတ်ဆို့လိုက်သဖြင့် ထိုနေ့ နံနက်မှ ညတိုင်အောင် လူနာတင်ကားများ အပါအဝင် ပြည်သူပေါင်းများစွာ ဒုက္ခရောက်ကြရသည်။
ထိုမျှမကသေး။ ထိုနေ့ တရက်တာ ကာလလုံး လမ်းဘေးဈေးသည်များ ဈေးရောင်းမထွက်ရ အမိန့် ထုတ်ပြန် ထားသဖြင့် ရန်ကုန်မြို့လယ်တခုလုံး ရှင်းလင်းနေသည်။ အမေရိကန် သမ္မတ မိန့်ခွန်းပြောမည့် အဆောက်အအုံကြီး အနီးတွင် အချိန်ကာလကြာမြင့်စွာ နေ ထိုင် လာခဲ့သော ခွေးအကောင်ရေ ဆယ်ဂဏန်း တို့လည်း လူလုပ် အဆိပ်များ စားမိ၍ သေကုန်ကြ၏။
အမေရိကန် ပြည်ထောင်စု၊ အစိုးရရုံးစိုက်ရာ ဝါရှင်တန်မြို့တော်တွင် နေထိုင်သည့် သမ္မတ အိုဘားမား၏ အိမ်ဖြူတော် အနီးတဝိုက် တွင် ချထားသော လုံခြုံရေးများထက် အဆပေါင်းများစွာ များပြားသည့် လူသား လုံခြုံရေး တို့သည် ရန်ကုန်မြို့၏ နေရာအနှံ့တွင် နေရာယူထားကြသည်။
သမ္မတ အိုဘားမား အမေရိကန်သို့ ပြန်သွား၍ လမ်းတဝက်ရောက်နေသည့် အချိန်တိုင်အောင် ရန်ကုန်မြို့ ၏ ယာဉ်ကြောပိတ်ဆို့မှု ဒုက္ခက မပြီးနိုင်၊ မစီးနိုင်ဖြစ်၍ ကျန်ခဲ့သည်။
ထို့နောက် သိပ်မကြာလှသည့် ရက်ပိုင်းအတွင်း နော်ဝေဘုရင်မင်းမြတ် မြန်မာပြည်သို့ ထပ်မံ ရောက်ရှိခဲ့ ပြန်သည်။ ဘုရင်မင်းမြတ်၏ ခရီးစဉ်အတွင်း ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့သည့် ကိစ္စတခုရှိခဲ့သည်။
နော်ဝေဘုရင် သင်္ဘော ဆန်တက်မည့် ဧရာဝတီ မြစ်ကြောင်း တလျှောက်ရှိ လူနေအိမ်ငယ်များကို မြေတူးစက် ယန္တရားကြီးများဖြင့် ထိုးကော်၍ ဖျက်ဆီးခဲ့သည့် ထိုသတင်းသည် လူမှုဘဝများစွာ ဒုက္ခရောက်စေသည့် ကိစ္စဖြစ်ရာ ကြားရ၊ မြင်ရသူတိုင်း ဒေါသထွက် စရာ ဖြစ်သည်။
နိုင်ငံတကာမှ လူကြီးများလာသဖြင့် မြန်မာပြည်မှ လူကြီးများ၏ မျက်နှာလိုအားရ ကြိုတင်ပြင်ဆင်မှုသည် ပြည်သူကို ဒုက္ခပေးသော ကြိုတင်ပြင်ဆင်မှုသာ ဖြစ်ရပြန်သည်။ လူကြီးဆိုသူများ ပေးသော ဒုက္ခကို ဖန်တရာ တေအောင် ခါးစည်းခံရသူများမှာ အောက်ခြေ လူထုပင် ဖြစ်နေသည်။
ကမ္ဘာ့လူကြီးများလာရောက်ခြင်းသည် ဝမ်းသာစရာဖြစ်သည်။ ဂုဏ်သရေရှိ ဧည့်သည်များကို အိမ်ရှင် ကောင်းပီသစွာ ကြိုဆိုရန် လည်း ကျမတို့တွင် တာဝန်ရှိသည်က မှန်ပေသည်။ သို့သော် မည်သို့ မည်သို့ အိမ်ရှင်ကောင်း ပီသစွာ တာဝန်ကျေမည်ဆိုသည့် စနစ်ကျသော စီမံခန့်ခွဲမှုမျိုး မရှိဘဲ စိတ်ကူးပေါက်ရာ လျှောက်လုပ်နေခြင်းကို ကျမတို့ မည်သည့်အချိန်အထိ ငြိမ်ခံနေကြရဦးမည် နည်း။
လူကြီးလာမည် ဆိုလျှင် ဖုတ်ပူမီးတိုက် ကောက်လုပ်တတ်သော ခုံဖိနပ်စုတ် ဆေးသုတ်သည့် စီမံခန့်ခွဲမှု မျိုးက မြန်မာပြည်၌ အသားကျနေသည်။ အောက်ခြေဝန်ထမ်းမှအစ နိုင်ငံတော်အဆင့် ဝန်ထမ်းများအထိ အရိုးစွဲနေသည့် ပုံစံဖြစ်နေသည်။
ကျမတို့ အိမ်ခြံစည်းရိုးများကို “လူကြီးလာမည်”ဆိုသည့် အကြောင်းပြချက်ဖြင့် ကာလမည်မျှကြာအောင် ထုံးသုတ်နေကြရဦးမည် နည်း။
“လူကြီးတွေလာမည်” ဆိုသည့် စကားလုံးကို ကြားရတိုင်း ကျမတို့ မူလတန်း ကျောင်းသူဘဝတွင် အသည်းထဲ စွဲနေအောင် ဖတ်ရှုလေ့လာခဲ့ရသည့် “ထီးစုတ်ကြီး” ပုံပြင်ကို သတိရမိသည်။
တိုင်းပြည်၏ အခြေအနေအမှန်များကို ကိုယ်တွေ့သိရှိနိုင်ရန် သာမန်အရပ်သားကဲ့သို့ ဝတ်စားဆင်ယင်၍ အောက်ခြေလူထုထံသို့ စနည်းနာရန် ထွက်လာသည့် ဘုရင်ကြီး၏ ပုံပြင်မျိုး တကြိမ်တခါလောက် လိုက်နာ ကျင့်သုံးကြည့်မည့် လူကြီး တယောက်တလေမျှပင် ကျမတို့ မြန်မာပြည်တွင် မရှိပေဘူးလားဟု တွေးတော နေမိပါတော့သည်။ ။